Top News

နမ္မတူမြို့နယ်အတွင်းရှိ မန်လီရွာသားများကို RCSS က ဖမ်းဆီးထားသည်ဟုဆိုကာ ပြန်လွှတ်ပေးရေးအတွက် တအာင်းအဖွဲ့အစည်းများ ဦးဆောင်၍ အင်အားတစ်ထောင်ခန့် လားရှိုးမြို့တွင် ဆန္ဒထုတ်ဖော်
24htopnews | December 5, 2024 6:12 PM CST

နမ္မတူမြို့နယ်အတွင်းရှိ မန်လီကျေးရွာတွင် မတ် ၁ ရက်က တိုက်ပွဲများဖြစ်ပွားမှုကြောင့် ပျောက်သွားသော မန်လီရွာသား ၁၂ ဦး ပြန်လည်လွှတ်ပေးရေးအတွက် တအာင်းအဖွဲ့အစည်းများက ဦးဆောင်ကာ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မတ် ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ပွဲသို့ လားရှိုးမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ္မတူမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ သီပေါမြို့နယ်တို့မှ တအာင်းလူမျိုးများ တက်ရောက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး တိုက်ပွဲအတွင်း အပြစ်မဲ့ပြည်သူများ ဖမ်းဆီးနှိပ်စက်မှု ရပ်တန့်ရေး၊ တိုက်ပွဲအတွင်း ပြည်သူများကို ဓားစာခံအဖြစ် အသုံးပြုခြင်း ရပ်တန့်ရေး၊ ကျေးရွာအတွင်း တိုက်ပွဲများ ဖြစ်ပွားမှုရပ်တန့်ရေး၊ ရွာသားများ ဖမ်းဆီးထားသော RCSS အဖွဲ့အား ရှုတ်ချရေး၊ ဖမ်းဆီးခံထားရသည့် ရွာသားများ ချက်ချင်းလွှတ်ဟူသော ကြွေးကြော်သံများဖြင့် ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“တောင်းဆိုချက်တွေကတော့ ငါးချက်ရှိပါတယ်။ အဓိကတော့ RCSS တွေ ဖမ်းသွားတဲ့ မန်လီရွာသား ၁၂ ယောက် ပြန်လွှတ်ပေးရေး ပြီးရင် အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးရေးပေါ့။ ပါဝင်တဲ့လူတွေကတော့ မြို့နယ်အစုံလို့ ပြောလို့ ရပါတယ်။ အစပိုင်းကတော့ လားရှိုးမြို့နယ်လို့ပဲ ဦးတည်ထားပါတယ်။ ကျန်တဲ့မြို့နယ်တွေကလည်း လွတ်မြောက်ဖို့ရန်အတွက် အားလုံးဝိုင်းဝန်းပြီးတော့ ပူးပေါင်းချင်တယ်ဆိုတဲ့အတွက်ကြောင့် မြို့နယ်အတော်များများက လာကြပါတယ်။ အဓိကတော့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ကျင်းပပြုလုပ်တယ်ဆိုပေမယ်လို့ တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့တွေ တခြားသော CSO အဖွဲ့တွေ အားလုံးပါကြပါတယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တွဲဖက်အတွင်းရေး မှူး (၁) ကပြောကြားသည်။

“ဖမ်းသွားတဲ့နေ့တုန်းကတော့ ကျွန်မတို့သိရတာက မတ် ၁ ရက်မှာပါ။ တိုက်ပွဲကတော့ ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ် ၃ ရက်အထိ ဖြစ်တဲ့ကြားထဲမှာပဲ ပျောက်သွားတယ်။ ပျောက်သွားတာကလည်း တစ်ရက်တည်းမှာ ပဲပျောက်သွားတယ်။ ပထမကတော့ သုံးယောက်ပေါ့။ ရွာမှာ ရွာစောင့်အနေနဲ့ နေတဲ့လူတွေ ပျောက်သွားတယ်။ ပြီးတော့ ထွက်ပြေးတဲ့ အချိန်မှာပဲ ခြောက်ယောက်က နောက်မှာပြန်ကြည့်တဲ့အချိန်မှာပဲ ခြောက်ယောက်ပြန်ပျောက်သွားတယ်။နောက်ပြီးတော့ တစ်ရက်တည်းမှာပဲ ပရဟိတလုပ်တဲ့ ကိုစိုင်းငယ်လေးက ကျန်ခဲ့တဲ့လူတွေကို သွားကြိုမယ်ဆိုပြီး ပျောက်သွားတယ်။ နောက်နှစ်ယောက်ကတော့ စစ်ရှောင်တွေ အားလုံးစုတဲ့အချိန်မှာ မပေါ်လာလို့ စာရင်းပြန်စစ်တဲ့အချိန်မှာ ပျောက်ဆုံးကြောင်း သိရတယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တွဲဖက်အတွင်းရေးမှူး (၁) လွေးပိုးက မေဲ့ခြိူဝ်းက ဆက်လက်ပြောကြားသည်။

“ကိုစိုင်းငယ်လေးက မတ် ၁ ရက် ညနေ ပိုင်းမှာ ကားနဲ့တကွ ပျောက်သွားတာပါ။ သူစီးနေကျ ဟွန်ဒါဖစ်ကားနဲ့အတူ ပျောက်သွားတာပါ။ ဘာတောင်းဆိုချင်လဲဆိုတော့ ကျွန်မမောင်လေးအပြင် ဖမ်းဆီးထားတဲ့လူတွေကို ကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့ အိိမ်ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဖမ်းဆီးခံထားရသည့် ကိုစိုင်းငယ်လေး၏အစ်မက ပြောကြားသည်။

နမ္မတူမြို့နယ်အတွင်းရှိ မန်လီကျေးရွာတွင် မတ် ၁ ရက်က တိုက်ပွဲများဖြစ်ပွားမှုကြောင့် ပျောက်သွားသော မန်လီရွာသား ၁၂ ဦး ပြန်လည်လွှတ်ပေးရေးအတွက် ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်လာကြသူများက လားရှိုးမြို့ ရပ်ကွက်(၁) လားရှိုးမိုတယ်အနီးမှနေ၍ ရပ်ကွက် (၁၂) ပြည်ထောင်စုအားကစားကွင်းအထိ စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

 


READ NEXT
Cancel OK