Top News

ပဲခူးရိုးမနှင့်ရခိုင်ရိုးမအတွင်း သစ်ခိုးထုတ်ရာလမ်းများကို ဖျက်ဆီးရာတွင် ခန့်မှန်းထားသည့်လမ်းထက် ပိုမိုများပြားနေပြီး မတ်လအတွင်း အပြီးဖျက်ဆီးမည်
24htopnews | December 5, 2024 6:12 PM CST

ပဲခူးရိုးမနှင့် ရခိုင်ရိုးမအတွင်း သစ်ခိုးထုတ်ရာလမ်းများကို ဖျက်ဆီးရာတွင် ခန့်မှန်းထားသည့်လမ်းထက် ပိုမိုများပြားနေပြီး မတ်လအတွင်း အပြီးဖျက်ဆီးမည်ဖြစ်ကြောင်း ပြည်ခရိုင်သစ်တောဦးစီးဌာနက သိရသည်။

အဆိုပါသစ်ခိုးထုတ်ရာလမ်းများ ဖျက်ဆီးမှုကို ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့ပြီး ပေါက်ခေါင်းမြို့နယ်အတွင်း ရှစ်လမ်း၊ ပန်းတောင်းမြို့နယ်အတွင်း လေးလမ်းဖျက်ဆီးပြီးစီးကာ ထပ်မံဖျက်ဆီးမည့် လမ်းများမှာ ပေါက်ခေါင်းမြို့နယ် မြောက်နဝင်းကြိုးဝိုင်းအတွင်း သုံးလမ်း၊ ပေါက်ခေါင်းအုတ်တွင်းလမ်းတွင် တစ်လမ်း၊ ပန်းတောင်းမြို့နယ်အတွင်း လေးလမ်းခန့် ကျန်ရှိနေသေးကြောင်း ထပ်မံလည်းတွေ့ရှိနိုင်သေးကြောင်း သိရသည်။

“သစ်ဖမ်းဆီးရေးနဲ့ ပတ်သက်လို့ကတော့ တပ်မတော်စစ်ကြောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာကတော့ ဖေဖော်ဝါရီလ ဒုတိယပတ်ကနေပြီးတော့ မေလ တတိယပတ်အထိ စီမံချက်ဆွဲထားတယ်။ လမ်းဖျက်ဆီးမှုအပိုင်းကိုတော့ အခု မတ်လ ဒုတိယပတ်မှာ ပြီးအောင် ဆောင်ရွက်မယ် တရားမဝင် သစ်ဖမ်းဆီးရင်းနဲ့မှ နောက်ထပ်ထပ်ပြီးတွေ့တဲ့ လမ်းဖြစ်ဖြစ် တခြားလမ်းသစ်တွေ ပေါ်လာရင်ဖြစ်ဖြစ် ရှိရင်တော့ စီမံချက်ကာလကော စစ်ကြောင်းတွေနဲ့ တောက်လျှောက်ဖျက်သွားဖို့ အခြေအနေရှိပါတယ်” ဟု ပြည်ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်းဦးက ပြောကြားသည်။

စစ်ကြောင်းများဖြင့် ဖမ်းဆီးရမိထားသည့် သစ်အချို့မှာ ရိုးမအတွင်း ကျန်ရှိနေသေးသည့်အတွက် သယ်ယူရန် ယင်းလမ်းများကို အသုံးပြုနေရခြင်းများကြောင့် အချို့လမ်းဖျက်ဆီးမှုမှာ ကြန့်ကြာနေရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဇန်နဝါရီ ၂၂ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းက ပဲခူးရိုးမကိုဖြတ်၍ ဖောက်လုပ်ထားသော ကတ္တရာလမ်းမကြီး၏ လမ်းဘေးဝဲယာတွင် ကျေးရွာခြင်းဆက်လမ်း မဟုတ်သော မြေသားတစ်ကြောင်းထိုးလမ်းများ ဖောက်လုပ်ထားခြင်း၊ ဖောက်လုပ်နေခြင်းများကို တားဆီးရန် မည်သို့စီစဉ်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းခဲ့ပြီး ယင်းလမ်းများမှ သစ်ခိုးထုတ်ယူမှုများ ရှိနေသည်ကို သိရပြီး ယင်းကိုသက်ဆိုင်ရာဌာနများက သိရှိခြင်းမရှိဘူးလားဟု မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။  

 

 


READ NEXT
Cancel OK