Top News

NLD ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်မရရှိပါက ပြည်သူများကို အပြစ်တင်စရာမလိုဘဲ ကိုယ့်အပြစ်နှင့်ကိုယ်ဟု ကရင်နီသပိတ်ကော်မတီ ပြောကြား
24htopnews | December 5, 2024 6:12 PM CST

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်မရရှိပါက ပြည်သူများကို အပြစ်တင်စရာမလိုဘဲ ကိုယ့်အပြစ်နှင့်ကိုယ်ဖြစ်သည်ဟု ကရင်နီသပိတ်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုဒီးဒီက ပြောကြားခဲ့သည်။

မတ် ၁၇ ရက်က ဗိုလ်တထောင်မြို့နယ် Orchid Hotel တွင် ပြုလုပ်သည့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ကချင်နှင့်ကရင်နီ) သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းမီဒီယာတစ်ခု၏ ၂၀၂၀ ရွေးကောက်ပွဲနီးလာပြီဖြစ်သည့်အတွက် အကျိုးသက်ရောက်မှုရှိမရှိ မေးမြန်းချက်အပေါ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်နီလူငယ်များသည် NLD ပါတီကို ဝန်းရံခဲ့ကြပြီး ထိုသို့ဝန်းရံခြင်းသည် အာဏာ၊ ရာထူး၊ နေရာ၊ အခွင့်အရေးများ မျှော်မှန်းပြီး ဝန်းရံခဲ့ခြင်း မဟုတ်ကြောင်း၊ စစ်အာဏာရှင်ခေတ်တွင် အာဏာရှင်ကို ဦးဆောင်ပြီးတိုက်ပွဲဝင်သည့် ပါတီကြီး တစ်ခုအနေဖြင့်လည်းကောင်း၊ တိုင်းရင်းသားများ လိုချင်သည့် ဖက်ဒရယ်စနစ်တည်ဆောက်ရာတွင် တိုင်းရင်းသားများနှင့်အတူ အလုပ်လုပ်မည်ဟု မျှော်လင့်ပြီး ဝန်းရံခဲ့ခြင်းဖြစ်ကြောင်း ကိုဒီးဒီက ပြောကြားသည်။

“ကျွန်တော်တို့ ၂၀၁၅ ရွေးကောက်ပွဲကာလတုန်းက ကျွန်တော်တို့ကရင်နီ လူငယ်တွေ ဒေါ်စုအပါအဝင် NLD ပါတီကို ဝန်းရံခဲ့တဲ့လူတွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ဝန်းရံခဲ့တာက အာဏာတို့၊ ရာထူးတို့၊ နေရာတို့၊ အခွင့်အရေးတို့အတွက် ကျွန်တော်တို့ မျှော်မှန်းလို့ ဝန်းရံခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့ စစ်အာဏာရှင်ခေတ်တစ်လျှောက်လုံး စစ်အာဏာရှင်ကို မားမားမတ်မတ်နဲ့ ရပ်တည်ဦးဆောင်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ ပါတီကြီးတစ်ခု။ အဲဒီသမိုင်းအရရယ်။ နောက်ကျွန်တော်တို့ တိုင်းရင်းသားအပါအဝင် ကျွန်တော်တို့ ဒီမြန်မာတိုင်းရင်းသားအားလုံး စစ်အာဏာရှင်ကို ဖြိုချမယ်။ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို တည်ဆောက်တဲ့အခါမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ကျွန်တော်တို့ဘက် ပါလိမ့်မယ်။ ကျွန်တော်တို့နဲ့အတူ အလုပ်လုပ်မယ်လို့     မျှော်လင့်လို့ ဝန်းရံခဲ့ခြင်းဖြစ်တယ်” ဟု ကရင်နီ သပိတ်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုဒီးဒီ က ပြောကြားသည်။

ဆက်လက်ပြီးတိုင်းရင်းသားများ ဆုံးရှုံးနေသည့် အခွင့်အရေးများကို NLD ပါတီသည် သိရှိနားလည်သည့်အတွက် ဝန်းရံခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် တိုင်းရင်းသားများ မျှော်လင့်သလိုဖြစ်မလာသည့်အတွက် ခံစားနေရကြောင်း၊ ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်မရရှိပါက ပြည်သူများကို အပြစ်တင်စရာမလိုဘဲ ကိုယ့်အပြစ်နှင့်ကိုယ်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့တစ်သက်လုံး ဆုံးရှုံးလာတဲ့ ကျွန်တော်တို့ရဲ့ အခွင့်အရေးကို NLD ပါတီကနေ မှသိရှိနားလည်ခံစားပြီးမှ ကျွန်တော်တို့ကို လုပ်ပေးမယ်လို့ ကျွန်တော်တို့က ဝန်းရံတာဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ မျှော်လင့်သလောက် မဖြစ်ဘူးလို့ ကျွန်တော်တို့ ခံစားနေရတယ်။ ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲကတော့ သူတို့နိုင်ငံရေးအကျိုးကို သူတို့ကျန်ခဲ့ရမှာပေါ့နော်။ သူတို့နိုင်ငံရေးအ တွေးအခေါ်တွေ မြင့်မြင့်မားမားနဲ့ ကောင်း ကောင်းမွန်မွန် လုပ်ဆောင်ခဲ့မယ်ဆိုရင် ပြည် သူတွေသူတို့ကို ပြန်ထောက်ခံပါလိမ့်မ ယ်။ သူတို့ ၂၀၂၀ မှာ ၂၀၁၅ လို မနိုင်ရင်တော့ ပြည်သူတွေကို အပြစ်တင်လို့တော့ မရဘူးပေါ့နော်။ ကိုယ့်အပြစ်နဲ့ကိုယ်ပဲလို့ ကျွန် တော်ပြောချင်တယ်” ဟု ကိုဒီးဒီက ပြောကြားသည်။

 


READ NEXT
Cancel OK