Top News

နှစ်ဖက်တင်းမာမှုဖြစ်နေသည့် ဗိုလ်ချုပ်ရုပ်တုပြဿနာကို အစိုးရ၊ ဆန္ဒပြသပိတ်ကော်မတီမှ တိုင်းရင်းသားများအပါအဝင် ငါးပွင့်ဆိုင် လွိုင်ကော်မြို့တွင် အပြီးသတ်ဆွေးနွေးမည်
24htopnews | December 5, 2024 6:12 PM CST

အစိုးရနှင့် ကယားပြည်နယ်မှ တိုင်းရင်းသားများအကြား တင်းမာမှုများဖြစ်နေသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တည်ဆောက်ခြင်း ပြဿနာကို အပြီးသတ်ဖြေရှင်းရန်အတွက် မတ် ၂၀ ရက်တွင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ကရင်နီလူငယ်သပိတ်ကော်မတီ၊ ကယားပြည်နယ် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖြစ်မြောက်ရေးကော်မတီ၊ KNPP နှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့ လွိုင်ကော်မြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငါးပွင့်ဆိုင်ဆွေးနွေးမှု ပြုလုပ်ချိန်တွင် ကယားတိုင်းရင်းသားများဘက်က ကယားပြည်နယ်အတွင်း တည်ဆောက်ထားသည့် ဗိုလ်ချုပ်ရုပ်တု ဖျက်သိမ်းရေး သို့မဟုတ် ပြည်နယ်ပြင်ပသို့ ရွှေ့ပြောင်းပေးရေးဆိုသည့် မူဝါဒဖြင့် တောင်းဆိုဆွေးနွေးမှုများ ပြုလုပ်ရန် သဘောထားရှိနေပြီး တောင်းဆိုသည့် အချက်များမရရှိပါက ထပ်မံ၍ ဆွေးနွေးမှုများ ပြုလုပ်ရန်မရှိသည့် သဘောထားများ ရှိကြောင်း သိရသည်။

ကယားပြည်နယ်၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူတည်ဆောက်ခြင်း မပြုလုပ်ရန် ဒေသခံ ကရင်နီတိုင်းရင်းသားများ၏ အကြိမ်ကြိမ် ဆန္ဒပြကန့်ကွက်ခြင်း၊ သပိတ်စခန်းများ ဖွင့်လှစ်ခြင်းများသည် ၂၀၁၈ ခုနှစ် ဇူလိုင်မှ စတင်ဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီအတွင်းကလည်း ထောင်နှင့်ချီသည့် ကရင်နီတိုင်းရင်းသားများက ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်း မပြုရန် လွိုင်ကော်မြို့တွင် ချီတက်ဆန္ဒပြခဲ့ရာ ရဲတပ်ဖွဲ့၏ အင်အားသုံးဖြိုခွင်းမှုကြောင့် ဆန္ဒပြတိုင်းရင်းသားလူငယ် ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် အစိုးရနှင့် ဆန္ဒပြတိုင်းရင်းသားတို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ရာ ပုဒ်မ ၅၀၅ (ခ) (ဂ) ၊ ၅၀၅ (ခ) ၊ ငြိမ်းစုစီပုဒ်မ ၁၉၊ ၂၀ တို့ဖြင့် တရားစွဲဆိုထားခြင်းခံရသည့် ကရင်နီတိုင်းရင်းသားများအား တရားစွဲဆိုထားခြင်းကို အစိုးရဘက်က ရုပ်သိမ်းခဲ့ပြီး လက်ရှိတွင် မတ် ၂၀ ရက်၌ ငါးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန်ရှိနေသည်။ ယင်းဆွေးနွေးပွဲ၌ ကရင်နီတိုင်းရင်းသားများဘက်က ဗိုလ်ချုပ်ရုပ်တုဖျက်သိမ်းရေး သို့မဟုတ် ပြည်နယ်ပြင်ပသို့ ရွှေ့ပြောင်းပေးရေးကို တောင်းဆိုမည်ဖြစ်ပြီး တောင်းဆိုချက်များ မရရှိပါက ထပ်မံ၍ ဆွေးနွေးမှုများ ပြုလုပ်ရန် အစီအစဉ်မရှိကြောင်း ကယား လိဖုကော်မတီဥက္ကဋ္ဌ ကိုပိုးရယ်က မတ် ၁၇ ရက်တွင် ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ပြုလုပ်သည့် ဗိုလ်ချုပ်ရုပ်ထုတည်ဆောက်ခြင်းဆိုင်ရာ ပြဿနာများအတွက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“လာမယ့် ၂၀ ရက် ၃ လပိုင်း ၂၀၁၉ မှာ ကျွန်တော်တို့ ငါးပွင့်ဆိုင် ကျွန်တော်တို့ တွေ့ဆုံပွဲမှာက ဦးဇော်ဌေးနဲ့တွေ့ပြီးတော့မှ ဒီနိုင်ငံတော်သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူက ကျွန်တော်တို့ကို ဖုန်းနဲ့ကမ်းလှမ်းလာတာက အဲဒီနေ့ အဲဒီရက်မှ အပြီးအပြတ်ကို ညှိပေးပါမယ်လို့ ကျွန်တော်တို့ကို ကတိပေးလို့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို ရွှေ့ထားခြင်းဖြစ်ပါတယ်။ ဒါကို အတိအလင်း ထပ်ပြောချင်တယ်။ ကျွန်တော်တို့ အဖြစ်အပျက်တွေအများကြီး ဖြစ်ခဲ့တာပေါ့။ ဒီကြားထဲမှာ ကျွန်တော်တို့ လူ့အခွင့်အရေးလည်း ချိုးဖောက်ခံနေရတာ ရှိတယ်။ ဒီသပိတ်ဖြစ်စဉ်အတွင်းမှာပဲ ကျွန်တော်တို့ တိုင်းရင်းသားနဲ့ ပတ်သက်ပြီးတော့ အစုံလုပ်ခဲ့တယ်။ အများအားဖြင့်က ကျွန်တော်တို့ ဒီတောင်ပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ ကျွန်တော်တို့ ဒေသမှာ အမြဲတမ်းလျစ်လျူရှုခြင်းခံနေရတဲ့ဆိုတဲ့ အကြောင်းကိုလည်း ကျွန်တော်တို့ ပြောချင်တယ်။ ဒီအရပ်သား အစိုးရလက်ထက်မှာပဲ ပိုပြီးတော့ ဒါမလုပ်ရဘူး။ ဒီနေရာ မသွားရဘူးဆိုပြီး ဒေသန္တရ အမိန့်တွေ ထပ်ထွက်လာတာလည်း ရှိနေတယ်။ ကျွန်တော်တို့ CSO တွေ ဆွေးနွေးပွဲတစ်ခု လုပ်မယ်ဆိုရင်လည်း အများကြီးကြိုပြီးတော့မှ ခွင့်ပြု မိန့်တောင်းမယ် ဆိုတဲ့ဟာတွေလည်း ထုတ်ပြန်ထားတာတွေ အများကြီးရှိပါတယ်” ဟု ကိုပိုးရယ်က ပြောကြားသည်။

လက်ရှိ ကယားပြည်နယ်၌ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူခြင်းကို ကန့်ကွက်ရခြင်းမှာ ဒေသခံတိုင်းရင်းသားများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းအား မလေးစား၍ မဟုတ်ဘဲ ပင်လုံစာချုပ်ပါ ဖက်ဒရယ်ကတိကဝတ်များကို ဦးစားပေး အကောင်အထည်ဖော်ခြင်းကို လိုလားခြင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများကို တန်ဖိုးထားစေလိုခြင်းကြောင့် ဗိုလ်ချုပ်ရုပ်တုစိုက်ထူခြင်းသည် မပြုလုပ်သင့်သေးဟု ဒေသခံတိုင်းရင်းသားများက ယူဆသဖြင့် ကန့်ကွက်ခြင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း မတ် ၁၇ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ကရင်နီတိုင်းရင်းသားများက ပြောကြားသည်။

 


READ NEXT
Cancel OK