Top News

TNLA တအာင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသည့် ခိုလုံလီရှောတိုင်းရင်းသား ၁၆ ဦးအနက် ရှစ်ဦး ပြန်လည်လွတ်မြောက်လာ
24htopnews | December 5, 2024 6:12 PM CST

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသအတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားများဖြစ်သည့် ခိုလုံလီရှောတိုင်းရင်းသား ၁၆ ဦး တို့ကို TNLA တအာင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် မတ် ၁၆ ရက်ညပိုင်းက ဒေသခံရှစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ပန်းဆေးခိုလုံလီရှော ပြန်ကြားရေးလူငယ်အဖွဲ့ထံမှ စုံစမ်းသိရသည်။

ပြန်လည်လွတ်မြောက်လာသည့် ခိုလုံလီရှောတိုင်းရင်းသား ရှစ်ဦးမှာ နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသရှိ ၀ါလုကျေးရွာနေ တိုင်းရင်းသားများဖြစ်ပြီး ၎င်းတို့ကို တအာင်းလက်နက်ကိုင်အဖွဲ့က မတ် ၁၆ ရက် ညနေပိုင်းက ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကာ ပြန်လွှတ်ပေးမှုအတွက် TNLA အဖွဲ့အား ငွေပေးခဲ့ရမှုမရှိခဲ့ကြောင်း ပန်းဆေးပြန်ကြားရေးလူငယ်အဖွဲ့ထံမှ သိရသည်။

“TNLA တအာင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတဲ့ ပန်းဆေးခိုလုံလီရှောတိုင်းရင်းသား ၁၆ ဦးရှိပါတယ်။ အဲဒီ ၁၆ ဦးထဲက ရှစ်ဦး မနေ့ညက(မတ် ၁၆ ရက်ည)က ပြန်လွတ်လာပါတယ်။ ပြန်လွတ်လာတဲ့ သူတွေမှာ ရိုက်နှက်နှိပ်စက်ထားလို့ရထားတဲ့ ဒဏ်ရာတွေတွေ့ရတယ်။ သူတို့ကို ပြန်လွှတ်ပေးလိုက်တဲ့နေရာမှာ TNLA အဖွဲ့က ငွေတောင်းယူတာတော့ မရှိခဲ့ဘူး။ ငွေမပေးခဲ့ ရဘူးပေါ့။ အရင်လူတွေ ဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့စဉ်ကတော့ TNLA အဖွဲ့ကို ငွေကျပ် သိန်း ၃၀ ကနေ သိန်းရာဂဏန်းအထိ ပေးခဲ့ရတာတွေရှိပါတယ်။ အခု ၂၀၁၉ ခုနှစ်အတွင်းမှာ ခိုလုံလီရှောတိုင်းရင်းသား ၁၆ ဦးအထိ ဖမ်းဆီးခံထားရပါတယ်။ ကျန်ရှိနေသေးတဲ့ ရှစ်ဦးကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ သူတို့အကြောင်းပြတာက ဘိန်းစိုက်ပျိုးလို့ ဖမ်းဆီးတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒေသခံတိုင်းရင်းသားတွေက ဘိန်းစိုက်ပျိုးတာ လုံးဝမရှိပါဘူး။ ကျန်နေသေးတဲ့ ခိုလုံလီရှောတိုင်းရင်းသားတွေ လွတ်မြောက်လာဖို့အတွက် အစွမ်းကုန်ဆက်ပြီးတော့ ကြိုးစားသွားမယ်။ ပန်းဆေးပြည်သူ့စစ်အဖွဲ့က လက်နက်ကိုင်ထားပေမယ့် သူတို့ပလောင်ကို ဘာမှသွားလုပ်ထားတာမရှိဘူး။ သူတို့ကပဲ လာပြီးတော့ အနိုင်ကျင့်နေတာ။ ဒါကြောင့် ကိုယ့်လူမျိုးတွေအတွက် အကောင်းဆုံးဖြစ်အောင် ကာကွယ်သွားမယ်” ဟု ပန်းဆေးခိုလုံလီရှော ပြန်ကြားရေးလူငယ်အဖွဲ့မှ တာဝန်ခံမသိမ့်က ပြောကြားသည်။

ပန်းဆေးဒေသ ၀ါလုကျေးရွာမှ ခိုလုံလီရှောတိုင်းရင်းသားရှစ်ဦး လွတ်မြောက်လာမှုနှင့်ပတ်သက်၍ TNLA တအာင်း လက်နက်ကိုင်အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနက မတ် ၁၆ ရက်က သတင်းထုတ်ပြန်ထားရာ ၂၀၁၉ ခုနှစ် မတ် ၆ ရက်က နမ့်ခမ်းမြို့နယ်၊ ပန်းဆေးဒေသဝါလုကျေးရွာ ပတ်ဝန်းကျင်၌  PSLF/ TNLA ၏ ဥပဒေကို ချိုးဖောက်ပြီး ဘိန်းခင်းစိုက်ပျိုးနေကြောင်း တအာင်းတပ်မတော် မူးယစ်အထူးနှိမ်နင်းရေးတပ်ဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဘိန်းခင်းစိုက်ပျိုးသူများဖြစ်သည့် ရွာသားရှစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ဖမ်းဆီးခဲ့ပြီးနောက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့မှ ၎င်းတို့ဒေသခံများ စိုက်ပျိုးထားသည့် ဘိန်းခင်းများကို မိမိကိုယ်တိုင် ပြန်လည်ဖျက်ဆီးစေခဲ့ပြီး ဘိန်း ခင်းများဖျက်ဆီးမှုကို ကွင်းဆင်းစစ်ဆေးကြည့်ရာ မြေပြင်တွင်အမှန်တကယ် ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ ဘိန်းခင်းဖျက်ဆီးခဲ့ပြီးဖြစ်သော ပန်းဆေးဒေသ ၀ါလုရွာသားရှစ်ဦးကို မတ် ၁၆ ရက် ညနေ ၄ နာရီမှ ၅ နာရီ ၃၀ မိနစ်ထိ ဒေသခံများ၏ ရှေ့မှောက်တွင် PSLF/ TNLA ၏ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ဥပဒေကို ချပြရှင်းလင်းပေးခဲ့ပြီးနောက် နောက်နောင်တွင် ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ထုတ်လုပ်ခြင်း မပြုလုပ်တော့ပါကြောင်း ခံဝန်ကတိ လက်မှတ်ရေးထိုးစေကာ ၀ါလုကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် ရပ်မိရပ်ဖထံ PSLF/ TNLA မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ဒေသခံမိဘပြည်သူများ၏ ရှေ့မှောက်တွင် သက်ဆိုင်ရာ မိသားစုများထံသို့ ပြန်လည်လွှတ်ပေးလိုက်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသအတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားများဖြစ်သည့် ခိုလုံလီရှောတိုင်းရင်းသားများကို TNLA တအာင်း(ပလောင်)လက်နက်ကိုင်အဖွဲ့ က ဖမ်းဆီးသွားပြီးနောက် ရိုက်နှက်နှိပ်စက်ခြင်း၊ ပြန်လည်လွတ်မြောက်လိုပါက TNLA အဖွဲ့ထံသို့ တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ မှ သိန်းရာဂဏန်းကျော်ထိ ပေးဆောင်ရခြင်းများ ရှိနေခြင်းတို့ကြောင့် ဒေသခံတိုင်းရင်းသားများ၏ မိသားစုဝင်များမှာ အခက်အခဲမျိုးစုံတို့ဖြင့် ကြုံတွေ့နေရသဖြင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့က ကူညီဖြေရှင်း ဆောင်ရွက်ပေးရန်အတွက် မတ် ၁၃ ရက်က မန္တလေးမြို့ရှိ မီဒီယာစင်တာသို့လာရောက်၍ သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့ကြသည်။

လက်ရှိအချိန်တွင် အဆိုပါ TNLA လက်နက်ကိုင်အဖွဲ့ ခိုလုံလီရှောတိုင်းရင်းသား ရှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကာ ဖမ်းဆီးခံခဲ့ရသည့်သူများတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ အမျိုးသမီးငယ် များပါဝင်ပြီး ရိုက်နှက်နှိပ်စက်မှုများလည်း ရှိကြောင်း ဒေသခံများက ပြောကြားသည်။ TNLA အဖွဲ့က ဖမ်းဆီးထားဆဲဖြစ်သည့် ကျန်ရှိနေသည့် ဒေသခံတိုင်းရင်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဖမ်းဆီးခံထားရသည့် တိုင်းရင်းသားများ၏ မိသားစုဝင်များ၊ ခိုလုံလီရှောတိုင်းရင်းသား အသင်းအဖွဲ့အစည်းများက တောင်းဆိုမှုများ ပြုလုပ်ထားသည်။ TNLA အဖွဲ့၏ စွပ်စွဲဖော်ပြထားသကဲ့သို့ ဖမ်းဆီးခံထားရသူများမှာ ဘိန်းစိုက်ပျိုးသည့်တောင်သူများ လုံးဝမဟုတ်ကြောင်း ခိုလုံလီရှောတိုင်းရင်းသားများက ငြင်းဆိုထားသည်။

အဆိုပါ ပန်းဆေးဒေသအတွင်းရှိ ခိုလုံလီရှောတိုင်းရင်းသားများကို TNLA တအာင်းလက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်၍ TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖမ်းဆီးထားသည်မှာ မှန်ကန်ကြောင်း ပြန်လည်လွတ်မြောက်ရန်အတွက် ငွေကြေးပေးရသည်မှာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်။

“ဖမ်းဆီးထားတာတော့ မှန်တယ်။ ငွေကျပ် သိန်း ၃၀ နဲ့ ရွေးရတယ်ဆိုတာတော့ မဟုတ်ဘူး။ ဖမ်းဆီးရတဲ့အကြောင်းအရင်းက မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ ဘိန်းစိုက်ပျိုးရေးတွေ လုပ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ နည်းဥပဒေအရ ထောင်အချုပ်နှစ်လချပြီး ပြန်လွှတ်ပေးတယ်။ ဘိန်းခြံတွေကို ဖျက်ဆီးခိုင်းတယ်။ စိုက်ခင်းတွေဖျက်ဆီးပေးပြီးတဲ့သူ ငါးဦးကို ပြန်လွှတ်ပေးပြီးပြီ ဖြစ်တယ်။ အခု နောက်ထပ်ဖမ်းထားတဲ့ ရှစ်ဦးက ဘိန်းစိုက်တောင်သူတွေဖြစ်တယ်။ သူတို့ကို စစ်ဆေးပြီးတော့မှ ပြစ်ဒဏ်ချဖို့ရှိတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာတော့ ကလေးငယ်တွေ ဖမ်းဆီးတာရှိခဲ့ပေမယ့် အားလုံးပြန်လွှတ်ပေးပြီးပါပြီ။ ကျွန်တော်တို့ဒေသမှာ ဘယ်သူဖြစ်ဖြစ် တန်းတူညီမျှဆက်ဆံပြီး ခိုလုံလီရှောမှဖမ်းတာ မဟုတ်ဘဲ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးကို အဓိကတာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်တာဖြစ်ပြီး လူမျိုးရေးကိုဦးတည်ပြီး ဖမ်းဆီးတာမျိုး လုံးဝမဟုတ်ပါဘူး။ သေချာတာကတော့ အခုချိန်က တော်လှန်ရေး ကာလဖြစ်တဲ့အတွက် နှစ်နဲ့ချီတဲ့ ထောင်ဒဏ်ချမှတ်ပြီး ချုပ်မထားနိုင်ဘူး” ဟု TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာအိုက်ကျော်က ပြောကြားသည်။

 

 TNLA တအာင်းလက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် ခိုလုံလီရှောတိုင်းရင်းသားရှစ်ဦးအား တွေ့ရစဉ်


READ NEXT
Cancel OK