Top News

နေပြည်တော်တွင်ပြုလုပ်မည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ AA အဖွဲ့ တက်ရောက်မည်ဖြစ်ပြီး တပ်မတော်နှင့် တွေ့ဆုံခြင်း ရှိ မရှိ နေပြည်တော်ရောက်မှသာ ဆုံးဖြတ်မည်
24htopnews | December 5, 2024 6:12 PM CST

နေပြည်တော်တွင် မတ် ၂၁ ရက်၌ ပြုလုပ်မည့် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တက်ရောက်မည်ဖြစ်ပြီး တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံခြင်း ရှိ မရှိကို နေပြည်တော်ရောက်မှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း AA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC က နေပြည်တော်တွင် မတ် ၂၁ ရက်၌ ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် မတ် ၁၃ ရက် နေ့စွဲဖြင့် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ ဖိတ်စာပေးပို့ခဲ့ခြင်းဖြစ်သည်။

အစိုးရ၏ ဖိတ်ကြားခြင်းခံရသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲတွင် လက်ရှိအချိန်၌ တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် AA အဖွဲ့လည်း ပါဝင်လာခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မတ် ၂၁ ရက် တွေ့ဆုံဆွေးနွေးပြီး နောက် မတ် ၂၂ ရက်တွင် တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တစ်ဖွဲ့ချင်းအလိုက် တွေ့ဆုံဆွေးနွေးမည်ဖြစ်ရာ အဆိုပါအကြောင်းအရာအတွက် ကြိုတင်စာရင်းပေးပို့ရန် အစိုးရဘက်က တောင်းဆိုထားသည်။

“ကျွန်တော်တို့ တက်မှာပါ။ အဲဒီမှာ ကျွန်တော်တို့ ဗိုလ်မှူးကြီးကျော်ဟန်ဦးဆောင်ပြီးတော့ နောက်ထပ် အထောက်အကူပြုတစ်ဦး ပါမယ်။ တပ်နဲ့တွေ့ဖို့၊ မတွေ့ဖို့ဆိုတာကတော့ နေပြည်တော်ရောက်မှပဲ ပြောလို့ရမယ်။ အခုတော့ ပြောလို့မရသေးဘူး” ဟု AA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဆိုသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်စသည့် မြို့နယ်အချို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများရှိလာကာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ သောင်းဂဏန်းခန့် ရှိလာပြီဖြစ်ကြောင်း သိရသည်။

မကြာမီ ရက်ပိုင်းအတွင်းပြုလုပ်မည့် အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် တိုက်ပွဲများ လျှော့ချနိုင်ရေးဘက်က မျှော်လင့်ထားမှု ရှိပါသလားဟု မေးမြန်းမှုအပေါ် “အဲဒါကတော့ ဆွေးနွေးပွဲရောက်မှပဲ ဆွေးနွေးပွဲအခြေအနေအပေါ် မူတည်ပြီးမှ ပြောလို့ရမယ်” ဟု ခိုင်သုခက ဆိုသည်။

NRPC က ဖိတ်စာပေးပို့ခဲ့သည့် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ‘၀’ လက်နက်ကိုင်အဖွဲ့ UWSA၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မိုင်းလားအဖွဲ့ NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ ပလောင်လက်နက်ကိုင်အဖွဲ့ TNLA၊ ရခိုင် လက်နက်ကိုင်အဖွဲ့ AAနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ဖြစ်သည်။                                     


READ NEXT
Cancel OK