Top News

မြန်မာနိုင်ငံသို့ ခေတ္တပြန်လိုသည့် PV အမျိုးအစား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို PJ အမျိုးအစား နိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲပေးမည်ဟု စင်ကာပူရှိ မြန်မာသံရုံး ထုတ်ပြန်
24htopnews | December 5, 2024 8:12 PM CST

မြန်မာနိုင်ငံသို့ ခေတ္တပြန်လိုသည့် PV အမျိုးအစားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို PJ အမျိုးအစားနိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲပေးမည်ဟု စင်ကာပူရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

PV အမျိုးအစား နိုင်ငံကူးလက်မှတ်နှင့် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်၍ နေထိုင်ခွင့်ကတ် ကိုင်ဆောင်ကြသည့် မြန်မာနိုင်ငံသားများမှာ ဝင်ငွေခွန်ပေးဆောင်ပြီး မှတ်တမ်းများနှင့် မြန်မာနိုင်ငံသို့ ခေတ္တပြန်ဝင်ရောက်အပြီး စင်ကာပူနိုင်ငံသို့ ထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်းကောင်း၊ OWIC ကတ်ပြုလုပ်ရာတွင်လည်းကောင်း အဆင်မပြေမှုများနှင့် ကြုံတွေ့ရကြောင်း၊ စင်ကာပူရှိ မြန်မာသံရုံးမှ ကူညီမှုပြုရေး ဆက်သွယ်ပြောကြားမှုများရှိနေကြောင်း သံရုံးက ဆိုသည်။

ယင်းကြောင့် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး ဝင်ငွေခွန် ပေးဆောင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ ခေတ္တပြန်လိုသည့် အခြေအနေအရ PV အမျိုးအစားမှ PJ အမျိုးအစားနိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်သည်။

ယင်းသို့ ပြောင်းလဲနိုင်ရန်အတွက် အသွားအပြန် လေယာဉ်လက်မှတ်၊ သက်တမ်းရှိသည့် အလုပ်လုပ်ကိုင်ခွင့်ကတ်၊ နိုင်ငံကူးလက်မှတ်၊ အလုပ်ရှင်၏ ခွင့်စာ အစရှိသည်တို့ကို နှစ်ပတ်ကြိုတင်ရက်ချိန်းရယူရန်လိုအပ် ကြောင်း၊ နာရေးကဲ့သို့ အရေးပေါ်ကိစ္စဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသူများအနေဖြင့် ရက်ချိန်းရယူရန်အဆင်မပြေပါက သံရုံးသို့ နံနက် ၉ နာရီခွဲမှ ၁၁ နာရီအတွင်း လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

သာမန်အားဖြင့် PV အမျိုးအစားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအနေဖြင့် သက်တမ်းကုန်ဆုံးရက် ၁၄ လအောက်မှသာ PJ အမျိုးအစားသို့ ပြောင်းလဲလျှောက်ထားခြင်းဖြင့် မလိုလားအပ်သည့် အချိန်ကုန်၊ ငွေကုန်ခြင်းမှ ရှောင်ရှားနိုင်ရန် သံရုံးနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံအပ်ကြောင်း စင်ကာပူရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံသား နှစ်သိန်းကျော် သွားရောက်လုပ်ကိုင်လျက်ရှိပြီး စားသောက်ကုန်၊ စက်ရုံ၊ ဝန်ဆောင်မှုကုမ္ပဏီ အစရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK