Top News

ပူတာအိုခရိုင် ခါကာဘိုရာဇီတောင်ခြေရှိ မြန်မာနိုင်ငံမြောက်ဘက်အကျဆုံး ကျေးရွာများရှိ စိုက်ခင်းများတွင် ကြွက်များကိုက်ဖြတ်ဖျက်ဆီး
24htopnews | December 6, 2024 12:12 AM CST

ခါကာဘိုရာဇီတောင်ခြေရှိ မြန်မာနိုင်ငံမြောက်ဘက်အကျဆုံး ကျေးရွာများတွင် ကြွက်ဘေး ကျရောက်နေကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ် ပန်နန်းဒင်မြို့နယ်ခွဲ့ မိုင် ၇၀ ခန့် ကွာဝေးသည့် ဒဇုံး၊ ဂဝိုင်၊ တဇူထုကျေးရွာများ ှိ ပြောင်း၊ လူး၊ ဆပ် စိုက်ခင်းများတွင် ကြွက်များ ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ရာသီ ဥတုအခြေအနေကြောင့် စပါးစိုက်ပျိုး၍ မရသည့် ဒေသဖြစ်ကြောင်း၊ လက်ရှိတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ အကြောင်းကြားထားကြောင်း နောင်မွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးချန်တန်ခင်က ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ် ဦးချန်တန်ခင်က “ကျွန်တော့်ကို ဒေသခံတွေ အောက်တိုဘာလကုန်မှာ သတင်းလာပို့တယ်။ ရွာငါးရွာလောက်မှာ ကြွက်ဘေးကျတယ်။ စပါးစိုက်လို့ မရတဲ့ဒေသပါ။ ပြောင်းခင်းတွေ သိမ်းစရာ မရှိဖြစ်သွားတာ။ ဝန်ကြီးချုပ်ကို နိုဝင်ဘာ ၆ ရက်မှာ စာတင်ထားတယ်။ အကြောင်းတော့ မပြန်သေးဘူး။ မနှစ်က ရာသီဥတုက မိုးမပြတ်ဖြစ်တော့ တောင်ယာအခင်းတွေလည်း မီးမရှို့လိုက်ရဘူး။ သဘာဝဘေးတွေ ပေါင်းလာတာပေါ့။ ရွာတွေက အလွန်ဝေးတဲ့ ရွာတွေပါ။ လူသွားလမ်းပဲ ရှိပါတယ်။ မြန်မာ၊ အိန္ဒိယ၊ တရုတ်နယ်စပ်ပေါ့။ ခါကာဘိုရာဇီတောင်တက်ရင် အဲဒီရွာတွေမှာ နောက်ဆုံး စခန်းချရတဲ့ ရွာတွေပါ။ ရဝမ်တိုင်းရင်းသားနှင့် တိဗက်လူမျိုးနိုင်ငံသားတွေ နေကြတာပါ။  ကျေးရွာအုပ်စု နှစ်ခုပေါင်းရင် လူဦးရေ ၃၀၀လောက်ရှိမယ်” ဟု ပြောကြားသည်။  

အစိုးရအဖွဲ့သို့ ရောက်ရှိနေသောစာရင်းများအရ ကျေးရွာသုံးရွာတွင် ပျက်စီးဧက ၄၁ ဧကရှိပြီး အိမ်ထောင်စု ၄၀ ကျော်ရှိကြောင်း မှတ်တမ်းများအရသိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ ရဝမ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးရန်နမ်းဖုန်သည် ယင်းကိစ္စရပ်များကို ကွင်းဆင်းစုံစမ်းရန် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ  နိုဝင်ဘာ ၂၁ ရက်က ပူတာအိုသို့ ထွက်ခွာခဲ့ကြောင်း သိရ သည်။


READ NEXT
Cancel OK