ငဝန်မြစ်ရေ တိုက်စားမှုကြောင့် အင်္ဂပူမြို့နယ်၌ ညောင်ကျိုး-အင်္ဂပူလမ်းပိုင်း ပျက်စီးသည်အထိ ကမ်းပြိုမှု ဆိုးရွားလာကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ နောက်မီးအုပ်စု ကြို့ကုန်းကျေးရွာ၌ ငဝန်မြစ်ကြောင်း ကမ်းပြိုကမ်းစား ဖြစ်ပွားရာမှ အင်္ဂပူ-ညောင်ကျိုး လမ်းပိုင်းပျက်စီးမှုပါ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
“အခုဟာက ကမ်းပါးကလည်း ပြိုနေတော့ အန္တရာယ်ရှိတဲ့လမ်းဆိုတော့ တံတားထိပ်တည့်တည့်ကို ကွေ့ဝင်တဲ့ ကွန်ကရစ်လမ်းက တစ်ခြမ်းပါသွားတာ။ အဲလိုဖြစ်နေတဲ့ အခါကျတော့ ကားတွေဖြတ်သန်းသွားလာရင်း ပြိုကျမှာစိုးလို့ အန္တရာယ်ရှိလို့ ကျွန်တော်တို့ လမ်းကိုပိတ်ထားရတယ်။ တံတားကိုလည်း ပိတ်လိုက်ရတာပေ့ါ။ အဲဒီလမ်းကို ပြန်ရောက်ဖို့ တခြားရွာတွေကို ပြန်ပတ်သွားနေရတယ်။ တံတားတည်ဆောက်ထားတာက မမြချောင်းကို ဖြတ်ပြီးတည်ဆောက် ထားတာလေ။ အဲဒီချောင်းနားကိုကပ်သွားပြီ။ ငဝန်မြစ်က ကမ်းသွားတာပေါ့။ စိုးရိမ်စရာကတော့ အနာဂတ်အတွက် မကောင်းဘူးပေါ့။ တကယ်လို့ အဲဒီကမ်းပြိုကမ်းစားက ငဝန်မြစ်သည် မမြချောင်းထဲကို ဝင်သွားရင် အဲဒီနားမှာရှိတဲ့ ကညင်တစ်ပင်၊ မကျီးစု၊ နောက်မီးအဲဒီရွာတွေ ပျက်စီးဆုံးရှုံးမှု ထပ်မံဖြစ်ပွားပြီးတော့ လယ်ဧက ၇၀၀၀ ကျော်လောက် ရေနက်ကွင်းဖြစ်သွားဖို့ အလားအလာရှိတယ်” ဟု ညောင်ကျိုးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ဆက်စပ်၍ အင်္ဂပူမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သူ ဦးအောင်ကျော်ခိုင်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ မိမိအနေဖြင့် ကွင်းဆင်းဆောင်ရွက်မှုများ လုပ်ဆောင်နေပြီး ကမ်းပြိုကာကွယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် သက်ဆိုင်ရာ ဌာနများမှလည်း အစီအမံများ ဆောင်ရွက်ထားကြောင်း ပြန်လည်ဖြေကြားသည်။
“၂၀၁၈-၁၉ ဘတ်ဂျက်မှာ နောက်မီးကမ်းပြိုထိန်းသိမ်းရေး ဆိုပြီးတော့ သန်း ၃၀၀ ချထားပေးပြီးသား။ အဲဒါအခုမှ စရမှာ။ စရမယ့်အချိန်မှာ ပိုပြီးကြီးကျယ်တဲ့ အပျက်တွေ ထပ်ထပ်ဖြစ်သွားတာ။ မြစ်ချောင်းဖြိုးက အဲဒီကိစ္စလုပ်ရမှာ။ ဆောက်လုပ်ရေးနဲ့လည်း မဆိုင်တော့ဘူး။ ကျေးလက်နဲ့လည်း မဆိုင်တော့ဘူး။ မြစ်ချောင်းဖြိုးရဲ့ ဘတ်ဂျက်ပေ့ါဗျာ။ အဲဒီဟာနဲ့ပတ်သက်ပြီး သူတို့ပညာရှင်ပိုင်းက လုပ်သင့်တယ်ထင်တာတွေ လုပ် ရတော့မှာပေ့ါ။ ဘာလို့လဲဆိုတော့ ငဝန်မြစ်နဲ့ မမြချောင်းကအဲဒီမှာပေါက်သွားနိုင် တယ်။ ပေါက်ရင် မြစ်ရေတက်လာရင် ဒီဘက်ကလယ်တွေအကုန်လုံး ရေနက်ကွင်း ဖြစ်သွားနိုင်တယ်” ဟု ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။
“အင်္ဂပူထွက်တဲ့လမ်းက အဲလိုဖြစ်သွားတယ်။ ထူးကြီးထွက်တဲ့လမ်းကလည်း ရေကာတာကို အများသုံးရတော့ ရေရှည်မဖြစ်နိုင်ဘူးလေ။ ညောင်ကျိုး-မဲဇလီ ကုန်းလမ်းကိုပဲ ကျောက်လေးလက်မနဲ့ Roller ကြိတ်မှာပေ့ါဗျာ။ လမ်းမှာရှိတဲ့ တံတားလေးတွေ ပြင်ရမယ်။ လမ်းဦးစီးက လာပြီးကူထားတယ်။ ကျေးလက်က အခုအသေးစိတ် ခန့်မှန်းကုန်ကျစရိတ်တွေတွက်ပြီး အင်ဂျင်နီယာတွေ လိုက်လာတယ်။ လမ်းပိုင်းနဲ့ တံတားရယ်၊ Box Culvert တွေဆက်လုပ်ရမှာပေ့ါ။ အခုဟာကတော့ ကျွန်တော်တို့ အချိန်ကောင်းတယ်ဆိုတော့ တော်သွားတယ်။ ရာသီကြောင့် မိုးတွင်းသာဆို အတော်ပြဿနာရှိမှာ” ဟု လွှတ်တော်ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။
ကမ်းပြိုမှု ဆိုးရွားလာသည့် အဆိုပါ ဒေသ၌ ကမ်းပြိုမှုကာကွယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ထိရောက်စွာ ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
