
တောင်ကိုရီးယားသမ္မတယွန်းဆော့ယိုအား စွပ်စွဲပြစ်တင်ရေးအတွက် အဆိုပြုချက်ကို ဒီဇင်ဘာ ၇ ရက်တွင် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန်စီစဉ်ထားကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
“သမ္မတယွန်းကို စွပ်စွဲပြစ်တင်ရေးအဆိုပြုချက်ကို ဒီဇင်ဘာ ၇ ရက် ဒေသစံတော်ချိန် ည ၇ နာရီလောက်မှာ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်သွားမှာပါ” ဟု အတိုက်အခံလွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဂျိုဆောင်လဲက သတင်းထောက်များကို ပြောကြားခဲ့သည်ဟု ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
သမ္မတယွန်း၏ ပါတီကမူ ယွန်းအား စွပ်စွဲပြစ်တင်ရေး အားထုတ်ကြိုးပမ်းမှုများကို ဆန့်ကျင်သွားမည်ဟု ကြေညာခဲ့သည်။
ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဘက်အုပ်ချုပ်ရေးကို ဆိုင်းင့ံခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့နောက် စစ်သားများနှင့် ရဟတ်ယာဉ်များကို လွှတ်တော်၌ ဖြန့်ကြက်ချထားခဲ့သည်။
နာရီပိုင်းအကြာတွင် လွှတ်တော်က ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာချက်ကို မဲခွဲပြီး ပယ်ချခဲ့ပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ယွန်းက စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
အတိုက်အခံများကမူ ယွန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ကြောင်း ပြောကြားပြီး စွပ်စွဲပြစ်တင်ရန်အဆိုပြုချက်တင်သွင်းခဲ့သည်။
သမ္မတယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုနှင့်ပတ်သက်ပြီး ပုန်ကန်မှုစွဲချက်အတွက် တောင်ကိုရီးယားရဲတပ်ဖွဲ့က ယွန်းအား စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ထိပ်သီးရဲအရာရှိတစ်ဦးက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
ထိုအမှုကို စုံစမ်းစစ်ဆေးရန် တာဝန်ပေးခံခဲ့ရသည်ဟု အမျိုးသားရဲတပ်ဖွဲ့အေဂျင်စီ၏ အမျိုးသား စုံစမ်းစစ်ဆေးရေးဌာနချုပ်အကြီးအကဲ ဝူးဂျွန်ဆူးက ပြောကြားခဲ့သည်။
ပုန်ကန်မှုစွဲချက်သည် သမ္မတဆိုင်ရာ ကင်းလွတ်ခွင့်မရသည့် ရာဇဝတ်မှုဖြစ်ပြီး သေဒဏ်အထိ ချမှတ်ခံရနိုင်သည်။
အတိုက်အခံများသည် နေရာ ၃၀၀ ရှိသည့် အောက်လွှတ်တော်တွင် နေရာအများစုကို ရရှိထားသဖြင့် သမ္မတအား စွပ်စွဲပြစ်တင်ရန်လိုအပ်သည့် လွှတ်တော်နေရာ သုံးပုံ ၂ ပုံကို ရရှိရန် ယွန်း၏ ပြည်သူ့အင်အားပါတီ (PPP) ၏ လွှတ်တော်ကိုယ်စားလှယ် အနည်းငယ်၏ ထောက်ခံမှုကိုသာ လိုအပ်နေသည်။
သို့သော် PPP ပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်းကမူ သူသည် အခြေခံဥပဒေနှင့်မညီသည့် စစ်အုပ်ချုပ်ရေးအမိန့်ကြေညာမှုနှင့်ပတ်သက်ပြီး ယွန်းကို ပါတီမှ ထွက်ခွာရန် တောင်းဆိုထားသော်လည်း ယွန်းအားစွပ်စွဲပြစ်တင်ရေးအဆိုပြုချက်ကို တားမြစ်ပိတ်ပင်သွားမည်ဟု ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
“ပြည်သူ့အင်အားပါတီရဲ့ လွှတ်တော်အမတ် ၁၀၈ ဦးစလုံးက သမ္မတကို စွပ်စွဲပြစ်တင်ရေးအဆိုပြုချက်ကို တညီတညွတ်တည်း ပယ်ချသွားမှာပါ” ဟု ပြည်သူ့အင်အားပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင် ချူးကွမ်ဟိုက ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ခဲ့သည့် Realmeter စစ်တမ်းသစ်တွင် ပါဝင်ဖြေဆိုသူ ၇၃ ဒသမ ၆ ရာခိုင်နှုန်းက သမ္မတအား စွပ်စွဲပြစ်တင်ရန် ထောက်ခံခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်