Top News

EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ်စာမေးပွဲတွင် Skills Test ဖြေဆိုခွင့်ရရှိသူဦးရေ ၅၅၄၀ အနက် ၅၃၇၇ ဦး အောင်မြင်ကာ ၁၆၃ ဦး ထပ်မံကျရှုံး
24htopnews | December 6, 2024 6:12 PM CST

EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ်စာမေးပွဲတွင် Skills Test ဖြေဆိုခွင့်ရရှိသူဦးရေ ၅၅၄၀ အနက် ၅၃၇၇ ဦး အောင်မြင်ကာ ၁၆၃ ဦး ထပ်မံကျရှုံးကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ၏ ထုတ်ပြန်ထားမှုများအရ သိရသည်။

ကိုရီယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ဖြေဆိုခဲ့သည့် EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ် စာတွေ့စာမေးပွဲကို ဇွန် ၃ ရက်မှ အောက်တိုဘာ ၁၅ ရက်ထိ (ထပ်တိုးဖြေဆိုသူများအပါအဝင်) ဖြေဆိုခဲ့ရပြီး စုစုပေါင်းဖြေဆိုသူဦး‌ရေ ၄၈၀၀၀ တွင် စာတွေ့အောင်မြင်သူဦးရေ ၅၅၄၀ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါစာတွေ့အောင်မြင်သူဦးရေ ၅၅၄၀ သည် နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်း (Skills Test) အား ဖြေဆိုခဲ့ကြောင်း သိရသည်။

ယင်းအခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်း (Skills Test) ဖြေဆိုပြီးနောက် အပြီးသတ်အောင်စာရင်းထုတ်ပြန်ခဲ့ပြီး ဖြေဆိုသူဦးရေ ၅၅၄၀ ဦး၌ ၅၃၇၇ ဦး အောင်မြင်ပြီး ၁၆၃ ဦး ကျရှုံးခဲ့ကြောင်း သိရသည်။

EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ် စာတွေ့စာမေးပွဲအောင်စာရင်း ထုတ်ပြန်ချိန်တွင် ဖြေဆိုသူပေါင်း ၄၈၀၀၀ အနက် ၅၅၄၀ ဦးသာ အောင်မြင်ပြီး အမှတ်ပြည့် ၁၀၀ ၌ ၉၇ ဒသမ ၅ မှတ်ဖြင့် စံချိန်တင်အောင်မှတ်ဖြတ်ခဲ့ခြင်းကြောင့် စာမေးပွဲဖြေဆိုခဲ့သူများအကြား မယုံနိုင်ဖွယ်အံ့အားသင့်ခဲ့ကာ ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။

ယင်းစာတွေ့အောင်စာရင်းထွက်ချိန်၌ “ဒီနှစ်က အောင်မှတ်ဖြတ်တာကြီးက အရမ်းကြမ်းတယ်ဗျာ။ အပုဒ် ၄၀၊ အမှတ် ၄၀ ကို ၂ ဒသမ ၅ မှတ်နဲ့ ‌မြှောက်တာဗျာ။ အဲတော့ အမှတ် ၁၀၀ ပေါ့။ အဲဒီအမှတ် ၁၀၀ မှာမှ ၉၇ ဒသမ ၅ မှတ်နဲ့ အောင်မှတ်ဖြတ်သွားတာဆိုတော့ အတော်ကြမ်းတယ်ပြောရမယ်။ ဖြေတဲ့သူတွေလည်း အရမ်းများတော့ စာရတဲ့သူတွေများသွားတာလည်း ပါမှာပေါ့” ဟု ကုန်ထုတ်လုပ်ငန်းစာတွေ့ဖြေဆိုခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။

အချို့သော စာမေးပွဲ‌ဖြေဆိုသူများမှာ သင်တန်းကြေး၊ အဆောင်ကြေး၊ စားစရိတ်ကြေးများဖြင့် နယ်မှလာ၌ ဖြေဆိုခဲ့ရသည့်အတွက် စရိတ်ခများစွာ ကုန်ကျခဲ့ရပြီး ယခုကဲ့သို့ အမှတ်ဖြတ်ကြမ်းရာတွင် ၁ မှတ်ဖြင့် ကပ်ကျသူများ များစွာရှိကြောင်း ဗိုလ်တစ်ထောင်မြို့နယ်တွင် နေထိုင်သည့် ဖြေဆိုသူတစ်ဦးက ပြောကြားသည်။

အဆိုပါကိုရီယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ဖြေဆိုခဲ့သည့် EPS TOPIK ကုန်ထုတ်လုပ်ငန်းအတွက် စာတွေ့စာမေးပွဲဖြေဆိုရန် ဖောင်တင်ထားသူဦးရေ တစ်သိန်းခန့်ရှိပြီး လက်ရှိတွင် ပထမသုတ်အနေဖြင့် ၄၈၀၀၀ ဖြေဆိုခဲ့ကာ ကျန်ရှိနေသူများအား ဒုတိယသုတ်စာမေးပွဲကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK