
တရုတ်နိုင်ငံတွင် တင်းကျပ်သော Lockdown ချမှတ်မှုကြောင့် အချိန်မီ ဆေးကုသမှု မရရှိသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျမှု ဖြစ်စဉ်သည်နိုင်ငံ၏ COVID-19 ကူးစက်ခံရသူ တစ်ဦးတစ်ယောက်မှ မရှိစေရ လုပ်ဆောင်ချက်အပေါ် အငြင်းအခုန် ဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။
၂၀၁၉ ခုနှစ်က ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်ရာ တရုတ်နိုင်ငံသည် လက်ရှိအချိန်တွင် ဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦးမှ မရှိစေရ ဆောင်ရွက်ချက်ဖြင့် လာမည့်လတွင် ပြုလုပ်မည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေချိန်တွင် လူပေါင်းသန်းချီကို အသွားအလာ ကန့်သတ်ထားခဲ့သည်။
တရုတ်နိုင်ငံ၏ ဗိုင်းရပ်စ်ကူးစက်မှုကင်းစင်ရေး အစီအစဉ်အရ တင်းကျပ်သော Lockdown များနှင့် ချက်ချင်း လူအစုလိုက် ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊မရှိ စစ်ဆေးမှုများကို လုပ်ဆောင်စေခဲ့သည်။
အခြားနိုင်ငံများ၏ ပျော့ပြောင်းသော Lockdown စည်းမျဉ်းများနှင့်မတူဘဲ တရုတ်နိုင်ငံသားများသည် ၎င်းတို့၏ နေအိမ်များမှ ထွက်ခွာခွင့် ပိတ်ပင်တားမြစ်ခံရနိုင်ပြီး ဗိုင်းရပ်စ်ကူးစက်နိုင်ခြေမြင့်သည့် ထိတွေ့သူများဟု ယူဆထားသူများကို ဟိုတယ်အခန်းများတွင် သီးသန့်နေထိုင်ရန် ထုတ်ပြန်ထားသည်။
သမိုင်းဝင် ရှီအန်းမြို့တွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၅၀ နီးပါးကို တွေ့ရှိခဲ့ပြီးနောက် ဒီဇင်ဘာလက ဒေသခံ ၁၃ သန်းကို Lockdown ချခဲ့သည်။
အလားတူ ကျန်ကျိုးမြို့တွင်လည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁ ဦးတွေ့ရှိခဲ့ပြီးနောက် မြို့ခံပြည်သူများ အားလုံးကို ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊မရှိ စစ်ဆေးစေခဲ့သည်။
နိုင်ငံတကာလေကြောင်းခရီးစဉ်များကိုလည်း တင်းကျပ်ထားပြီး နိုင်ငံတွင်း ရောက်ရှိလာသူများအနေဖြင့် တင်းကျပ်သော သီတင်းပတ်ပေါင်းများစွာကြာ ကွာရန်တင်းဝင်ရန် အမိန့်ထုတ်ပြန်ထားသည်။
ကပ်ရောဂါအစပိုင်းကတည်းက တရုတ်နိုင်ငံ၏ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၀၀,၀၀၀ ကျော်သည် ယခုလအစောပိုင်းက နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်သန်း စံချိန်တင်မြင့်တက်ခဲ့သည့် အမေရိကန်၏ ဗိုင်းရပ်စ်ကူးစက်မှုနှင့်နှိုင်းယှဉ်လျင် အနည်းငယ်သာဖြစ်သည်။
တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်းမှာလည်း ၅၀၀၀ အောက်တွင်သာရှိသည်။
၂၀၂၀ အစောပိုင်းက ဝူဟန်မြို့တွင် ကနဦးဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်အရေအတွက်ကို ထိမ်ချန်ထားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြသော်လည်း ယင်းနောက်ပိုင်းကတည်းက လူနေမှုဘဝများမှာ ပုံမှန်အခြေအနေတိုင်း ပြန်လည်ရောက်ရှိလုနီးပါး ရှိနေခဲ့သည်။
“ပေါ်ပေါက်လာတဲ့ ပြည်တွင်းကူးစက်မှုဖြစ်စဉ်အနည်းငယ်ကို ရပ်တန့်နိုင်စွမ်းမရှိသေးသော်လည်း ဒေသတွင်း ကူးစက်မှုတစ်ခုကနေ ကူးစက်မှုကြီးဖြစ်မလာအောင် အလျင်အမြန် တားဆီးသွားဖို့ လုပ်ဆောင်နိုင်စွမ်းနဲ့ ယုံကြည်ချက်ရှိပါတယ်” ဟု အမျိုးသားကျန်းမာရေးကော်မရှင် တာဝန်ရှိသူ လီယန်ဝမ်နီယမ်က ပြောကြားခဲ့သည်။
Lockdown အောက်ရောက်ရှိနေသည့် ရပ်ရွာအဖွဲ့အစည်းများက အစားအစာ၊ ထောက်ပံ့မှုနှင့် ကျန်းမာရေးကုသမှု လုံလောက်စွာ မရရှိကြောင်း ညည်းညူနေကြသည်။
ထိုစဉ် ခက်ခဲသောခရီးသွားလာမှု စည်းမျဉ်းများနှင့် ကန့်သတ်ချက်များကြောင့် ရွှေ့ပြောင်းအလုပ်သမားများမှာလည်း ၎င်းတို့၏မိသားစုနှင့် လပေါင်းများစွာ ဝေးကွာနေကြရသည်။
တရုတ်အစိုးရက ပေကျင်းမြို့တော်ကို တင်းကျပ်သောကန့်သတ်ချက်များဖြင့် စိုးရိမ်တကြီး ကာကွယ်ထားမှုနှင့်အတူ ဆောင်းရာသီအိုလံပစ်နှင့် မသန်စွမ်းအားကစားပြိုင်ပွဲ မတိုင်မီအထိ ပြန်လည်ဖွင့်လှစ်သွားမည် မဟုတ်ပေ။
အထင်ကရ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ကျန်းဝမ်ဟောင်က နိုင်ငံများအနေဖြင့် ဗိုင်းရပ်စ်နှင့်အတူ ယှဉ်တွဲနေထိုင်ရေးကိုသင်ယူရန် တဖြည်းဖြည်းလုပ်ဆောင်ရမည်ဟု ဇူလိုင်လက ပြောကြားခဲ့သည်။
တရုတ်အနေဖြင့် ကန့်သတ်ချက်စည်းမျဉ်းများကို ဥရောပနှင့် အမေရိကန်ကဲ့သို့ ဖြေလျှော့ပေးလိုက်လျှင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အဆမတန်မြင့်တက်လာပြီး ကျန်းမာရေးစနစ် ယိုယွင်းနိုင်မည်ဖြစ်ကြောင်း ပီကင်းတက္ကသိုလ် သုတေသီများက သတိပေးခဲ့သည်။
သို့သော် ဟောင်ကောင်တက္ကသိုလ်မှ ကူးစက်ရောဂါကျွမ်းကျင်သူ အိုင်ဗန်ဟန်းကမူ ကဒယ်တာနှင့် အိုမီခရွန်မျိုးကွဲအတွက် ရည်ရွယ်ထုတ်လုပ်သည့် ကာကွယ်ဆေးဒုတိယမျိုးဆက်နှင့် ကာကွယ်ဆေးထိုးနှံမှုနှုန်း ၁၀၀ ရာခိုင်နှုန်းနီးပါးသည် ယင်းအခြေအနေထိ မရောက်ရှိစေရန် ကာကွယ်ထားနိုင်သည်ဟု ဆိုသည်။
သို့သော် ဗိုင်းရပ်စ်နှင့်အတူ ယှဉ်တွဲနေထိုင်ရန် ခွင့်ပြုလိုက်ခြင်းသည် တရုတ်နိုင်ငံအား အမြဲတမ်း ဘေးကင်းအောင် ထားမည်ဟု ကတိပြုထားသည် သမ္မတ ရှီကျင်းပင်းအတွက် အောက်တိုဘာလတွင် သမ္မတရာထူးသက်တမ်း တတိယအကြိမ်ကို ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရန် စွန့်စားလွန်းရာ ရောက်နိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်