
ရုရှားနိုင်ငံနှင့် သံခင်းတမန်ခင်းအရ ဖြေရှင်းနည်းသည် ဖြစ်နိုင်ခြေရှိသော်လည်း လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲတွင် မိမိတို့၏ တောင်းဆိုချက်များနှင့် ပတ်သက်ပြီး အလျှော့ပေးလိမ့်မည် မဟုတ် ကြောင်း အမေရိကန်ပြည်ထောင်စုက ဇန်န ၀ါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားအနေဖြင့် ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မည်ဆိုလျှင် အလွန်ဆိုးရွားသည့် အကျိုးဆက်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု နေတိုး မဟာမိတ်အုပ်စုက သတိပေးထားသည်။
ယူကရိန်းနှင့် နယ်စပ်တစ်လျှောက်တွင် ရုရှားက သောင်းနှင့်ချီသည့် တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်စုရုံးခဲ့ပြီးနောက် ဇန်နဝါရီ ၃ ရက်က ဂျီနီဗာမြို့တွင် အမေရိကန်နှင့် ရုရှား ထိပ်တန်း သံတမန်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။ နေတိုးအုပ်စုအား အင်အားချဲ့ထွင်ခြင်း မပြုရန် ရုရှားက တိုက်တွန်းထားသည်။
ရုရှားက ယူကရိန်းကို ရန်လိုနေသည်ဟု စွပ်စွဲကာ ကမ္ဘာကြီးကို ယုံမှားသံသယဖြစ်အောင် လုပ်ဆောင်နေကြောင်းနှင့် ဆွေးနွေးပွဲတွင် ယူကရိန်းအပေါ် ရုရှား၏ ရန်လိုမှုများနှင့်ပတ်သက်၍ ဦးတည်ဆွေးနွေးသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က မကြုံစဖူးအဖြစ် ဘွင်းဘွင်းရှင်း ရှင်း ပြောဆိုခဲ့သည်။ ၎င်းအရေးကိစ္စမှ အာရုံပြောင်းသွားမည် မဟုတ်ကြောင်းလည်း သူက သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့အပြင် ဘလင်ကင်က ရုရှားအား ကြက်ခြံကို ဝင်ရောက်တိုက်ခိုက်မည့် မြေခွေးတစ်ကောင်နှင့် ခိုင်းနှိုင်းပြောဆိုခဲ့သည်ဟု သိရသည်။ တစ်ဖက်က စေ့စပ်ဆွေးနွေးမှု ပြုလုပ်ခြင်း မရှိဟုဆိုကာ ရုရှားက ယင်းကို ရန်လိုသည့်လုပ်ရပ်များ လုပ်ဆောင်ရန် အတွက် အကြောင်းပြချက်အဖြစ် အသုံးချလာနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။
ဂျီနီဗာ ဆွေးနွေးပွဲ အောင်မြင်ခြင်းရှိမရှိမှာ ရုရှားအပေါ်တွင် မူတည်နေသည်ဟုလည်း ဘလင်ကင်က ပြောကြားခဲ့သည်။ ၎င်း ဆွေးနွေးပွဲသို့ တက်ရောက်မည့် အမေရိကန် အစိုးရ ကိုယ်စားလှယ်အဖွဲ့အား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်က ဦးဆောင်မည်ဖြစ်ကာ ရုရှားကိုယ်စားလှယ် အဖွဲ့ကိုမူ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆာဂေးယာကော့ဘ် က ဦးဆောင်မည်ဖြစ်သည်။
“ရုရှားဘက်က နောက်ထပ်ကျူးကျော် ရန်စမှုတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ ကျွန်တော်တို့ အသင့်ပြင်ထားပါတယ်။ ဒါပေမဲ့ သံတမန်နည်းလမ်းအရ အဖြေရှာဖို့ ဖြစ်နိုင်ခြေ ရှိနေသေးပြီး ရုရှားဘက်က အဲဒီနည်းလမ်းကို ရွေးချယ်မယ်ဆိုရင် ပိုပြီးကျေနပ်စရာကောင်းမှာဖြစ်တယ်” ဟုလည်း ဘလင်ကင် က ဆိုသည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းကို ကျူးကျော်ရန် ပြင်ဆင်နေသည်ဆိုသော ပြောဆိုမှုများကို ပယ်ချထားသည်။ ၂၀၁၄ ခုနှစ်တွင် ရုရှားက ခရိုင်းမီးယား ကျွန်းဆွယ်ကို သိမ်းယူကာ ယူကရိန်း ခွဲထွက်ရေး သူပုန်များ၏ လှုပ်ရှားမှုများကို ထောက်ခံအားပေးခဲ့သည်။ ယူကရိန်း စစ်တပ်နှင့် ခွဲထွက်ရေး သူပုန်များအကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် လူ ၁၃,၀၀၀ ကျော် သေဆုံးခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကမူ ရုရှားအနေဖြင့် ယူကရိန်းကို ကျူးကျော်မည်ဆိုပါက အလွန်ကြီးမားသော နောက်ဆက်တွဲ အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်းနှင့် ရုရှားကို ကမ္ဘာ့ဘဏ်လုပ်ငန်း စ နစ်ထဲမှ ဖယ်ထုတ်မှုကဲ့သို့သော အစီအမံများကိုပါ ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း သတိပေးပြောဆိုခဲ့သည်။ အနောက်နိုင်ငံများ နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံရန်တောင်းဆိုမှုများကို ပယ်ချခဲ့သည့် အစိုးရ ပြုတ်ကျသွား ပြီးနောက်ပိုင်း ယူကရိန်းအပေါ် ရုရှားက တိုးမြှင့် ဖိအားပေးလာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်