
ကာဇက်စတန်နိုင်ငံတွင် မကြုံဖူးလောက်သည့် ဆူပူအုံကြွမှုများ ရက်အတန်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြသူများနှင့် စေ့စပ်ဆွေးနွေးရန် တောင်းဆိုမှုများကို သမ္မတ ကက်ဆင်-ဂျိုမတ်တိုကာယက်ဗ်က ဇန်နဝါရီ ၇ ရက်တွင် ပယ်ချလိုက်သည်။
ထို့ပြင် လက်နက်ကိုင် ဓားပြများကို သုတ်သင်ကာ ကြိုတင်အသိမပေးဘဲ ပစ်သတ်ရန် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ခွင့်ပြုမည်ဖြစ်ကြောင်းလည်း သဘောထားတင်းမာမှုကို ပြသလိုက်သည့် နိုင်ငံတော် မိန့်ခွန်းတွင် ၎င်းက ကတိပြုခဲ့သည်။
ရုရှားဦးဆောင်သည့် စစ်ဖက်မဟာမိတ်အုပ်စုက ကာဇက်စတန်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို ၀ိုင်းဝန်းထိန်းချုပ်ရန် တပ်ဖွဲ့ဝင်များ စေလွှတ်ပေးခဲ့သည့်အတွက်လည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အထူးကျေးဇူးတင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သကဲ့သို့ လတ်တလော အကြမ်းဖက်မှုများ ဗဟိုပြုဖြစ်ပွားရာ နေရာဖြစ်သည့် မဟာဗျူဟာအရ အချက်အချာကျသော အယ်လ်မာတီမြို့ရှိ ဒေသများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားခဲ့ပြီး တစ်ဦးတစ်ယောက်က ချဉ်းကပ်လာလျှင် လေထဲသို့ ခြောက်လှန့်ပစ်ခတ်ခဲ့သည်ဟု AFP သတင်းထောက်တစ်ဦးက ဆိုသည်။
အယ်လ်မာတီမြို့၏ အခြားနေရာများတွင်မူ လူသူကင်းမဲ့ကာ တိတ်ဆိတ်ချောက်ကပ်နေပြီး ဘဏ်များ၊ စူပါမားကတ်နှင့် စားသောက်ဆိုင်များကိုလည်း ပိတ်ထားခဲ့ရသည်။ လက်ရှိဖွင့်ထားသည့် စျေးဆိုင်ငယ် အချို့မှာ စားသောက်ကုန်များ လက်မလည်အောင် ရောင်းချရလျက်ရှိသည်။
ဇန်နဝါရီ ၇ ရက်တွင် အမေရိကန် ပြည်ထောင်စုက အရေးပေါ်တာဝန်မရှိသည့် ၎င်းတို့ကောင်စစ်ဝန်ရုံး အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ကာဇက်စတန်နိုင်ငံထဲမှ ထွက်ခွာခွင့်ပြုခဲ့သည်။
ယခုသီတင်းပတ်အတွင်း တတိယမြောက် ရုပ်သံမိန့်ခွန်းတွင် သမ္မတ တိုကာယက်ဗ်က တရားဥပဒေစိုးမိုးမှုကို အလုံးစုံနီးပါး ထိန်းထားနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အကြမ်းဖက်သမားတွေဟာ တိုက်တာ အိမ်ရာအဆောက်အအုံတွေကို ဖျက်ဆီးနေဆဲဖြစ်ပြီး အရပ်သားတွေအပေါ် လက်နက်တွေ အသုံးပြုနေပါတယ်။ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းဖို့အတွက် ကြိုတင်သတိပေးခြင်းမပြုဘဲ ပစ်သတ်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ခွင့်ပြုထားပါတယ်” ဟုလည်း ၎င်းက ဆိုသည်။ ထို့အပြင် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ရန် ပြည်ပနိုင်ငံများ၏ တောင်းဆိုမှုကိုလည်း အဓိပ္ပာယ်မရှိဟုဆိုကာ ၎င်းက ပယ်ချခဲ့သည်။
နိုင်ငံရေး အကျပ်အတည်းတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အသီးသီးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန်နှင့် ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ကို လေးစားရန် အနောက်နိုင်ငံများက တိုက် တွန်းခဲ့သည်။ တရုတ်သမ္မတ ရှီကျင်းပင်ကမူ ဆူပူမှုများကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည့် သမ္မတ တိုကာယက်ဗ်ကို ချီးကျူးခဲ့သည်။
ဆိုဗီယက် ယူနီယံ အဖွဲ့ဝင်ဟောင်း နိုင်ငံများထဲတွင် တည်ငြိမ်မှုအရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည့် ကာဇက်စတန်သည် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ဇန်နဝါရီ ၄ ရက် အဓိကရုဏ်းတွင် ရဲ တပ်ဖွဲ့က ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွင်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်