Top News

ဖိလစ်ပိုင်တွင် မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရသည့် ဒေသများ၌ ဝမ်းရောဂါများဖြစ်ပွားပြီး ကိုးဦးသေဆုံး
24htopnews | December 6, 2024 9:12 PM CST

ဖိလစ်ပိုင်တွင် ပြီးခဲ့သည့်လက ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရသည့် နေရာဒေသများတွင် ဝမ်းရောဂါများ နှင့် ဖျားနာမှုများဖြစ်ပွားနေသဖြင့် လူကိုးဦး သေဆုံးခဲ့ပြီး လူပေါင်းရာချီမှာ ဖျားနာနေကာ သန်းနှင့်ချီသည့် ပြည်သူများသည် သန့်ရှင်းသည့် သောက်သုံးရေနှင့် အစားအစာကို ရရှိရန် ရုန်းကန်နေရသဖြင့် ကျန်းမာရေး အကျပ်အတည်း တစ်ခုဖြစ်လာကြောင်း အရာရှိများက သတိပေးခဲ့သည်။

ရိုင်အမည်ရှိ စူပါတိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်၏ တောင်ပိုင်းနှင့် အလယ်ပိုင်း ကျွန်းများကို ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် လူပေါင်း ၄၀၀ ကျော်သေဆုံးခဲ့ကာ လူနေအိမ်အများအပြား ပျက်စီးခဲ့ပြီး မုန်တိုင်းတိုက်ခတ်မှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သူများအတွက် လိုအပ်သည့် အထောက်အပံ့များကို အာဏာပိုင်များက ပေးပို့လျက်ရှိသည်။

ဆင်းရဲမွဲတေသည့် ဒီနာဂတ်ကျွန်းနှင့် အပန်းဖြေစခန်းမြို့ဖြစ်သည့် စီယာဂိုအာ ကျွန်းများပေါ်တွင် ဝမ်းရောဂါကြောင့် ရေဓာတ်ခန်းခြောက်မှုဖြစ်ပွားပြီး လူကိုးဦးသေဆုံးခဲ့သည်ဟု ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန၏ ဒေသတွင်း ရုံးက ထုတ်ပြန်ခဲ့သည်။ 

ထို့ပြင် ဝမ်းရောဂါခံစားနေရသူ ၉၀၀ နီးပါးရှိကာ အများစုမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများ ဖြစ်သည်ဟု သိရသည်။               


READ NEXT
Cancel OK