Top News

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက တံခါးပိတ်အစည်းအဝေးပြုလုပ်မည်
24htopnews | December 6, 2024 9:12 PM CST

ဟိုက်ပါဆိုးနစ်ဒုံးကျည်ဟု မြောက်ကိုရီးယားက ကြေညာခဲ့သည့် ဒုံးကျည်စမ်းသပ်မှု နှင့်ပတ်သက်ပြီး ကုမသလဂ္ဂလုံခြုံရေးကောင်စီက ဇန်နဝါရီ ၁၀ ရက်တွင် တံခါးပိတ်အစည်းအဝေးပြုလုပ်သွားမည်ဟု သံတမန်သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။

ယင်းအစည်းအဝေးပြုလုပ်ရန် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံထဲမှ သုံးနိုင်ငံဖြစ်သည့် အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့အပါအဝင် အိုင်ယာလန်နှင့် အယ်လ်ဘေးနီးယားနိုင်ငံတို့က တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု အဆိုပါသတင်းရင်းမြစ်များက ဇန်နဝါရီ ၆ ရက်တွင်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် နျူကလီးယား နှင့်ဒုံးကျည်စမ်းသပ်မှုများကို ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်တွင် လုံခြုံရေးကောင်စီသည် မြောက်ကိုရီးယားကို စီးပွားရေးပိတ်ဆို့မှု သုံးကြိမ်ချမှတ်ရန် တညီတညွတ်တည်း သ ဘောတူညီခဲ့ပြီး ယင်းသည် သဘောထားကွဲလွဲလေ့ရှိသည့် လုံခြံရေးကောင်စီတွင် ကြုံတောင့်ကြုံခဲ သဘောတူညီမှုဖြစ်ခဲ့သည်။

ဇန်နဝါရီ ၁၀ ရက်တွင်ပြုလုပ်မည့် တံခါးပိတ်အစည်းအဝေးတွင် ပူးတွဲကြေညာချက် ထွက်ရှိလာဖွယ်မရှိဘဲ အစီရင်ခံစာများသာ ထွက်ရှိလာနိုင်သည်ဟု သံတမန်တစ်ဦးက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၅ ရက်က မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ ဟိုက်ပါဆိုးနစ်ဒုံးကျည် တစ်စင်းကို  စမ်းသပ်ခဲ့ပြီး ယင်းဒုံးကျည်သည် ကီလိုမီတာ ၇၀၀ အကွာအဝေးရှိ ပစ်မှတ်ကို တိကျစွာထိမှန်ခဲ့သည်ဟု သိရသည်။

နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးမှုများ ရပ်ဆိုင်းနေစဉ် စစ်ရေးစွမ်းရည်သစ်များကို အားဖြည့်တည်ဆောက်နေသည့် မြောက်ကိုရီးယားအတွက် ယင်းသည် ဒုတိယအကြိမ် ဟိုက်ပါဆိုးနစ်ဒုံးကျည် စမ်းသပ်မှုလည်း ဖြစ်သည်။

ဇန်နဝါရီ ၅ ရက်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဒုံးကျည်စမ်းသပ်မှုသည် အောက်တိုဘာလ နောက်ပိုင်းတွင် မြောက်ကိုရီးယား၏ ပထမဆုံး ဒုံးလက်နက် စမ်းသပ်မှုဖြစ်ကာ ၎င်းစမ်းသပ်မှုကို ဒေသတွင်း နိုင်ငံအချို့၏ စစ်တပ်များက ထောက်လှမ်းသိရှိခဲ့သည်။ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်အစိုးရတို့က မြောက်ကိုရီးယား၏လုပ်ရပ်ကို ဝေဖန်ပြစ်တင်ခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် မြောက်ကိုရီးယားသည် ဟိုက်ပါဆိုးနစ် ဒုံးကျည်စမ်းသပ်မှုကို စတင်လုပ်ဆောင်ခဲ့ပြီး အဆင့်မြင့်လက်နက်စနစ်များ ဖြန့်ကြက်နိုင်ရန် ကမ္ဘာ့အင်အားကြီး စစ်တပ်များက ဦး ဆောင်နေသည့် အပြိုင်အဆိုင်လက်နက်တပ်ဆင်မှုတွင် ပါဝင်လာခဲ့သည်။

ဟိုက်ပါဆိုးနစ် လက်နက်များသည် ပုံမှန်အားဖြင့် ပစ်မှတ်များဆီသို့ အနိမ့်ပျံသန်းလေ့ရှိကာ အသံ၏ အမြန်နှုန်းထက် ငါးဆကျော် ပိုမိုမြန်ဆန်စွာ ပျံသန်းနိုင်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၆,၂၀၀ ခန့်အထိ ရောက်ရှိ နိုင်သည်။

သို့ရာတွင် ဟိုက်ပါဆိုးနစ် ဒုံးလက်နက်များ၏ အဓိက စွမ်းဆောင်ရည်သည် အမြန်နှုန်းမဟုတ်ဘဲ ထိန်းချုပ်ရန် လွယ်ကူခြင်းပင် ဖြစ်သည်ဟု အကဲခတ်များက ဆိုသည်။  ရံဖန်ရံခါတွင် သမားရိုးကျ ပဲ့ထိန်းဒုံးကျည် ထိပ်ဖူး များသည် ၎င်းတို့၏ အမြန်နှုန်းကို ယှဉ်နိုင်သည် သို့တည်းမဟုတ် ၎င်းတို့ထက်ပင် သာလွန်နိုင်သည်ဟုလည်း သိရသည်။

မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ် ကတည်းက တာဝေးပစ် တိုက်ချင်းပစ်ပဲ့ထိန်း ဒုံးကျည်နှင့် နျူကလီးယားဗုံး စမ်းသပ်မှုများ လုပ်ဆောင်ခြင်း မရှိတော့သည်တိုင် ပိုမိုထိန်းချုပ်ရ လွယ်ကူသည့် ဒုံးကျည်များနှင့် တောင် ကိုရီးယားနှင့် အမေရိကန်တို့တွင် ဖြန့်ကြက်ထားသည့် ဒုံးခွင်းစနစ်များကို ကျော်လွှားနိုင်သည့် ဒုံးကျည်ထိပ်ဖူးများ တီထွင်မှုကို လုပ်ဆောင်ခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။                           


READ NEXT
Cancel OK