Top News

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်နှင့် COVID-19 ကာကွယ်ဆေးများ၏ ထိရောက်မှု
24htopnews | December 6, 2024 9:12 PM CST

တောင်အာဖရိကနိုင်ငံတွင် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ပထမဆုံး ပေါ်ပေါက်လာသည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ယင်းမျိုးကွဲကူးစက်ပျံ့နှံ့မှု အခြေအနေအပေါ် သတိပေးချက်အများအပြား ထွက်ရှိလာခဲ့သည်။

ယင်းမျိုးကွဲ၏ ကူးစက်ပျံ့နှံ့မှုအခြေအနေသည် ယခင်ကမြင်တွေ့ခဲ့ဖူးသည့် မျိုးကွဲဗိုင်းရပ်စ်များထက် ပိုမိုကူးစက်မြန်နေကြောင်း တွေ့ရှိခဲ့သည်။ ယင်းရေစီးကြောင်းမှာ ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့နေပြီး ဗြိတိန်နိုင်ငံတွင်မူ ဒီဇင်ဘာလအစောပိုင်းတွင် နှစ်ရက်စီတိုင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်ဆ မြင့်တက်လာခဲ့သည်။

ထို့ကြောင့် ကာကွယ်ဆေးနှစ်လုံးအပြည့် ထိုးနှံပြီးရုံသာမက ထပ်တိုးကာကွယ်ဆေး တတိယတစ်လုံး ထိုးနှံပြီးသည့် လူဦးရေအတွင်းဗိုင်းရပ်စ်လျင်မြန်စွာ ကူးစက်မြန်နေရသည့် နောက်ထပ် စိုးရိမ်ဖွယ်အကြောင်းအရင်းနှင့် လက်ရှိအသုံးပြုနေသည့် ကာကွယ်ဆေးများ၏ ကာကွယ်နိုင်စွမ်းအပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့ကြသည်။

အပြင်ပန်းအားဖြင့် ကာကွယ်ဆေးများသည် အလုပ်မဖြစ်ပုံပေါ်နေသော်လည်း ယင်းသည်ကာကွယ်ဆေး၏ ကာကွယ်နိုင်စွမ်းအပေါ် မည်သို့မည်ပုံအဓိပ္ပာယ်ဖွင့်ဆိုမှုအပေါ် မူတည်နေသည်။

လက်ရှိတွင် ရရှိထားသော သက်သေအထောက်အထားများအရ ကာကွယ်ဆေးထိုးနှံပြီးသူများကို ဗိုင်းရပ်စ် မကူးစက်နိုင်စေရန် တားဆီးမှုတွင် ထိရောက်မှုမရှိဟု ပြသနေသည်။

Faroe Islands နယ်မြေတွင် ပြုလုပ်သည့် သီးသန့်စုဝေးပွဲတစ်ခုတွင် ကာကွယ်ဆေးသုံးလုံး ထိုးနှံပြီးသည့် ကျန်းမာရေးဝန်ထမ်း ၃၃ ယောက်တွင် ၂၁ ယောက်မှာ အိုမီခရွန်မျိုးကွဲကူးစက်ခံရကြောင်း တွေ့ရှိသည့် ယင်းဖြစ်စဉ်က အပြည့်အဝ သာဓကပြဖော်ပြနေသည်။

သို့သော် ကာကွယ်ဆေးများသည် တစ်ခြားနည်းလမ်းဖြင့် ပိုမိုကောင်းမွန်သော ကာကွယ်မှုကို ထောက်ပံ့ပေးနိုင်သည်။ ကာကွယ်ဆေးများသည် ပြင်းထန်ရောဂါ အခြေအနေမဖြစ်ပွားစေရန် ကောင်းမွန်စွာ ကာကွယ်ပေးနိုင်သည်။

ယင်းကာကွယ်နိုင်စွမ်းသည် အလွန်အရေးကြီးပြီး ကာကွယ်ဆေးထိုးနှံပြီးသည့် အိုမီခရွန်မျိုးကွဲ ကူးစက်ခံရသူများသည် ဆေးရုံတက်ရောက်ကုသရန် ရောဂါအခြေအနေ မပြင်းထန်သည့်အပြင် သေဆုံးနိုင်သည့် အခြေအနေမှ ထိရောက်စွာ ကာကွယ်ပေးထားသည်။

ဒယ်တာမျိုးကွဲဗိုင်းရပ်စ်နှင့် ပတ်သက်၍ ပြင်းထန်ရောဂါအခြေအနေနှင့် သေဆုံးနိုင်သည့်အခြေအနေမှ COVID-19 ကာကွယ်ဆေးများ၏ ထိရောက်မှုမှ ၉၀ ရာခိုင်နှုန်းကျော် ရှိသည်။

အိုမီခရွန်မျိုးကွဲကို ပထမဆုံး စတင်တွေ့ရှိချိန်က ယင်း၏သန္ဓေပြောင်းလဲမှုများသည် ကာကွယ်ဆေး၏ ကာကွယ်နိုင်စွမ်းမှ လွတ်မြောက်နိုင်မည့်အပေါ် စိုးရိမ်မှုများ မြင့်တက်နေကြသည်။

အမှန်စစ်စစ် ရရှိထားသည့်အချက်အလက်အရ Pfizer သို့မဟုတ် AstraZeneca ၏ ကာကွယ်ဆေး နှစ်လုံးသည် အိုမီခရွန်မျိုးကွဲကို အကန့်အသတ်ဖြင့် ကာကွယ်ပေးနိုင်သည်ဟု တွေ့ရှိခဲ့သည်။ ယင်းကာကွယ်ဆေးနှစ်လုံး၏ ကာကွယ်နိုင်စွမ်းကို မြှင့်တင်သည့်အနေဖြင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် ထပ်တိုးကာကွယ်ဆေးတတိယတစ်လုံးကို အလျင်အမြန်ထိုးနှံပေးလျက်ရှိသည်။

ယင်းထပ်တိုးကာကွယ်ဆေး တတိယတစ်လုံးသည် သာမန်လူဦးရေထက် COVID-19 ကြောင့် ပြင်းထန်ရောဂါအခြေအနေ ခံစားရနိုင်ခြေ အဆ ၃၀၀ ပိုများသည့် အသက် ၈၀ အထက် သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများအတွက် အထူးလိုအပ်သည်။

အိုမီခရွန်မျိုးကွဲသည် ကာကွယ်ဆေးထိုးနှံပြီးသူများတွင် ရောဂါမပြင်းထန်နိုင်သော်လည်း ကာကွယ်ဆေးမထိုးနှံရသေးသူများအတွက် အန္တရာယ်ရှိနိုင်သည့်အခြေအနေရှိသည်ဟူသည့်အချက်ကို မမေ့သင့်ပေ။

လုံလောက်သည့် လူဦးရေအတိုင်းအဆတွင် ကိုယ်ခံအားရရှိထားပြီး ယင်းကိုယ်ခံအားသည် ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးပိတ်ပင်ခြင်းဖြင့် ယင်းဗိုင်းရပ်စ်သည် အနှံ့အပြား ကူးစက်နိုင်တော့မည် မဟုတ်ဘဲ ကူးစက်မှုနှုန်း ပို၍ပို၍သာနည်းပါးလာလိမ့်မည်ဟု ကျွမ်းကျင်သူများက ယုံကြည်ထားကြသည်။

သို့သော်အိုမီခရွန်မျိုးကွဲမှာမူ ဗြိတိန်နှင့် အစ္စရေးကဲ့သို့ ကာကွယ်ဆေးထိုးနှံမှုနှုန်းမြင့်မားသည့်နိုင်ငံများ၌ပင် ထပ်မံကူးစက်မှုဖြစ်စဉ်များကို တွေ့ရသည်။ အိုမီခရွန်သည် အခြားမျိုးကွဲများထက် ဗိုင်းရပ်စ်ပြန်လည် ကူးစက်ခံရနှုန်း ပိုမိုမြင့်မားပြီး ဒယ်တာမျိုးကွဲနှင့် နှိုင်းယှဉ်လျှင် ကူးစက်မှုနှုန်း ငါးဆ ပိုမိုမြင့်မားသည်။

အိုမီခရွန်ကူးစက်မှုသည် ရောဂါအခြေအနေကို မပြင်းထန်စေပုံရသော်လည်း ပိုမိုကူးစက်မြန်သည့်အဓိပ္ပာယ်မှာ နောက်ထပ်လူအများအပြားကို ကူးစက်နိုင်သည့်သဘောဖြစ်သည်။ အမှန်အားဖြင့် ဗြိတိန်၌လည်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်းသည် လွန်ခဲ့သည့်နှစ်နှစ်အတွင်း အမြင့်ဆုံးကူးစက်မှုအဆင့်သို့ ရောက်ရှိနေသည်။

အိုမီခရွန်သည် ပြင်းထန်ရောဂါအခြေအနေမဖြစ်စေပုံရသည့်အတွက် ကံကောင်းသည်ဟုပြောရမည် ဆိုသော်လည်း အနာဂတ်တွင် ယင်းမျိုးကွဲထက် ပိုမိုပြင်းထန်သည့်မျိုးကွဲများ ပေါ်ပေါက်လာနိုင်သည့် ခြိမ်းခြောက်မှုမှာ ဆက်လက်ကျန်ရှိနေဆဲဖြစ်သည်။


READ NEXT
Cancel OK