Top News

တတိယမြောက်တွေ့ဆုံပွဲတွင် ပြိုင်ဘက် ဂိုလော့ကင်ကို လက်ဝှေ့ လောကမှ အနားယူရသည်အထိ ထိုးသတ်မည်ဟု ကာနီလို ကြုံးဝါး
24htopnews | December 7, 2024 5:12 AM CST

 

အငြင်းပွားဖွယ်မရှိ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကာနီလိုအယ်လ်ဗာရက်ဇ်က  ပြိုင်ဘက်ဖြစ်သူ ကာဇက်စတန်နိုင်ငံသား ဂိုလော့ကင်ကို လက်ဝှေ့သမားဘဝမှ အနားယူရသည်အထိဖြစ်အောင် ထိုးသတ်သွားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

ကာနီလိုသည်WBA (Super),IBF,WBC,WBO နှင့်The Ring ချန်ပီယံကာကွယ်ပွဲအဖြစ် လာမည့်စက်တင်ဘာလ (၁၇)ရက်၌ အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂတ်စ်မြို့ရှိ T-Mobile Arena တွင် ဂိုလော့ကင်နှင့် တတိယအကြိမ်မြောက် ထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ 

ကာနီလိုနှင့် ဂိုလော့ကင်သည် ၂၀၁၇ စက်တင်ဘာလ (၁၆)ရက်က ပထမဆုံးအကြိမ် ထိုးသတ်ရာတွင် အငြင်းပွားဖွယ် သရေကျခဲ့ပြီး တစ်နှစ်အကြာ ၂၀၁၈ စက်တင်ဘာ လ (၁၅)ရက် မကျေပွဲ၌မူ ကာနီလိုက အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ယခုထိုးသတ်မည့်ပွဲမှာ (၄)နှစ်ကြာမှ ၎င်းတို့နှစ်ဦး  ပြန်လည်ဆုံတွေ့ခြင်းဖြစ်ပြီး ၎င်းတို့ထိုးသတ်သည့်ပွဲများမှာလည်း စက်တင်ဘာလအတွင်းသာ ဖြစ်နေသည်မှာလည်း ထူးခြားမှုတစ်ခု ဖြစ်ခဲ့သည်။

BBC Sports နှင့်တွေ့ဆုံမှုတွင် ယခုပွဲပြီးနောက် ဂိုလော့ကင်ကို အနားယူစေလိုသလားဟု မေးမြန်းမှုကို ကာနီလိုက "ဟုတ်ပါတယ်။ ကျွန်တော့်ရည်မှန်းချက်ပါပဲ။ ကျွန်တော် ဒီလူကို မကြိုက်ပါဘူး။ ဒါက ပုဂ္ဂိုလ်ရေးအရပါ။ သူဟာ ဒီဘက်နှစ်တွေထဲမှာ ကျွန်တော့်အကြောင်း များစွာပြောခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ယခုနှစ်အစောပိုင်းက အသက်(၄၀)နှစ်ပြည့်သွားသည့် ဂိုလော့ကင်နှင့် (၃၂)နှစ်အရွယ်ရှိ ကာနီလိုသည် ပထမဆုံးပွဲတွင် အငြင်းပွားဖွယ်သရေကျပြီးနောက် ပိုမိုခါးသီးသည့်ပြိုင်ဘက်အဖြစ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ 

ကာနီလိုသည် လက်ဝှေ့သမားဘဝ၌ ၂၀၁၃ ခုနှစ်က လိုက်မစ်ဒယ်ဝိတ်တန်းချန်ပီယံ ပေါင်းစည်းပွဲတွင် မေဝယ်သာကို လည်းကောင်း၊ ပြီးခဲ့သည့်မေလက WBA (Super) လိုက်ဟဲဗီး ၀ိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲတွင် ဘီဗိုလ်ကိုလည်း ကောင်း အရေးနိမ့်ခဲ့သည့် (၂)ပွဲသာ ရှုံးပွဲရှိခဲ့ပြီး (၅၇)ပွဲနိုင်၊ (၂)ပွဲသရေမှတ်တမ်း ရရှိထားသည်။ 

ဂိုလော့ကင်မှာလည်း ပရော်ဖက်ရှင်နယ်လက်ဝှေ့ ပွဲ (၄၄)ပွဲထိုးသတ်ရာတွင် (၄၂)ပွဲနိုင်၊ (၁)ပွဲသရေ ကျပြီး ကာနီလိုကို အရေးနိမ့်သည့်တစ်ကြိမ်သာ ရှုံးပွဲရှိခဲ့သည်။


READ NEXT
Cancel OK