Top News

ကမ္ဘာ့နိုင်ငံအသီးသီးသို့ COVAX အစီအစဉ်ဖြင့် ဇွန်လမတိုင်မီ ကာကွယ်ဆေး အလုံးရေ ၂၃၈ သန်းကျော်ကို ဖြန့်ချိပေးမည်ဖြစ်ရာ မြန်မာနိုင်ငံသည် ကာကွယ်ဆေး သုံးသန်းနှင့်အထက် ရရှိမည့်နိုင်ငံများစာရင်းတွင် ပါဝင်
24htopnews | December 7, 2024 5:12 AM CST

ကမ္ဘာ့နိုင်ငံအသီးသီးသို့ COVAX အစီအစဉ်ဖြင့် ဇွန်လမတိုင်မီ ကာကွယ်ဆေး အလုံးရေ ၂၃၈ သန်းကျော်ကို ဖြန့်ချိပေးမည်ဖြစ်ရာ မြန်မာနိုင်ငံသည် ကာကွယ်ဆေး သုံးသန်းနှင့်အထက် ရရှိမည့် နိုင်ငံများစာရင်းတွင် ပါဝင်ကြောင်း COVAX အဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးများ တန်းတူညီမျှရရှိစေရန် လုပ်ဆောင်နေသည့် COVAX အစီအစဉ်ဖြင့် ဇွန်လမတိုင်မီ ကာကွယ်ဆေး အလုံးရေ ၂၃၈ ဒသမ၂ သန်းကို ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်းနှင့် လက်ရှိ ကမ္ဘာ့နိုင်ငံများတွင် ကာကွယ်ဆေးများ ထိုးနှံနေသော်လည်း ယင်းကာကွယ်ဆေး ထိုးနှံမှုများသည် ချမ်းသာသည့် နိုင်ငံများတွင်သာ အများစုဖြစ်နေပြီး ဆင်းရဲသည့်နိုင်ငံများတွင်မူ ကာကွယ်ဆေး တစ်လုံးပင် လက်ခံရရှိခြင်း မရှိသေးကြောင်း COVAX အဖွဲ့က ထုတ်ပြန် ကြေညာထားသည်။

မတ်လ ၂ ရက်က ကြေညာခဲ့သည့် COVAX ၏အစီအစဉ်အရ မေလ ၃၁ ရက်တွင် နိုင်ငံပေါင်း ၁၄၂ နိုင်ငံကို ကာကွယ်ဆေး ဖြန့်ချိမှု ပထမအသုတ်အဖြစ် ကာကွယ်ဆေးများ ပေးပို့သွားမည် ဖြစ်ကြောင်း၊ ပထမအသုတ်တွင် ကာကွယ်ဆေးအလုံးရေ ကိုးသန်းကျော် ၁၀ သန်းနှင့်အထက် ရရှိမည့် နိုင်ငံများမှာ ပါကစ္စတန်၊ နိုင်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် ဘရာဇီးတို့ဖြစ်ပြီး ၎င်းတို့ပြီးလျှင် အီသီယိုပီးယား၊ ကွန်ဂို၊ မက္ကဆီကို၊ အီဂျစ်၊ ဗီယက်နမ်တို့က ကာကွယ်ဆေး အများဆုံးရရှိမည့် နိုင်ငံများစာရင်း၌ အစဉ်လိုက် ရပ်တည်နေကြောင်းနှင့် အီရန်၊ မြန်မာ၊ ကင်ညာ၊ ယူဂန်ဒါနိုင်ငံတို့သည်လည်း ကာကွယ်ဆေး သုံးသန်းနှင့်အထက် ရရှိမည့် နိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

COVAX ၏ ပထမအသုတ် ကာကွယ်ဆေး ဖြန့်ချိမှုကို ယခုလကုန်ပိုင်းမှ ဇွန်လအတွင်း ပို့ဆောင်ရန် စီစဉ်ထားပြီး ၎င်းအစီအစဉ်တွင် ပါဝင်သည့် မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၄၀ ကျော်အတွက် ကာကွယ်ဆေး အလုံးရေ သန်း ၃၃၀ ကျော် ရရှိမည်ဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြထားသည်။

COVAX အစီအစဉ်မှ COVID-19 ကာကွယ်ဆေး ပထမအသုတ်အား ဖေဖော်ဝါရီ ၂၄ ရက်က ဂါနာနိုင်ငံသို့ စတင်ပေးပို့ခဲ့ ပြီး ယင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် COVAX အစီအစဉ်မှ COVID-19 ကာကွယ်ဆေး ပထမဆုံး လက်ခံရရှိသည့်နိုင်ငံ ဖြစ်ကြောင်း ယူနီဆက်ဖ် နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 အိန္ဒိယဆေးဝါး ကုမ္ပဏီတစ်ခုဖြစ်သည့် Serum ဆေးဝါးကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေး အလုံးရေ ၆၀၀၀၀၀ ခန့်ကို COVAX အစီအစဉ်ဖြင့် ဂါနာနိုင်ငံသို့ ပို့ဆောင်ပေးခြင်းဖြစ်ပြီး Serum ဆေးဝါးကုမ္ပဏီသည် ဝင်ငွေ နည်းပါးသော ကမ္ဘာ့နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိ ကမ္ဘာ့နိုင်ငံများသို့ COVID-19 ကာကွယ်ဆေး အခမဲ့ တင်ပို့သည့် ဆေးဝါးကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံများက COVAX အစီအစဉ်သို့ ကာကွယ်ဆေး ထောက်ပံ့ငွေများ တိုးမြှင့်ပေးသွားရန်ရှိပြီး COVAX အစီအစဉ်တွင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများသို့ လာမည့်လ အနည်းငယ်အတွင်း ကာကွယ်ဆေး အလုံးရေ တစ်ဘီလျံကျော် ရရှိရန် မျှော်မှန်း ထားကြောင်း ဖေဖော်ဝါရီ ၂၀ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါ ကာကွယ်ဆေးဖြန့်ဖြူးပေးရေး COVAX အစီအစဉ်သို့ ကာကွယ်ဆေးများ ထောက်ပံ့ပေးရန် ဂျီ-၇ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးက ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

COVAX အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ အနက် မြန်မာနိုင်ငံသည် ဖွွံ့ဖြိုးမှု အလယ်အလတ်နှင့် ဖွံ့ဖြိုးမှု လိုအပ်သည့် တိုင်းပြည် ၉၂ နိုင်ငံတွင် ပါဝင်ကြောင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရည်အသွေး ပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်ရေးအတွက် ရန်ပုံငွေများ အဓိက ထောက်ပံ့ပေးနေသည့် Gavi, The Vaccine Alliance အဖွဲ့အနေဖြင့် COVAX Facility မှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် COVID-19 ကာကွယ်ဆေး ရရှိစေရေး ပံ့ပိုးမည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK