Top News

မန္တလေးမြို့ ၂၂ လမ်းတွင် ဆန္ဒပြသူများ၏ အထိုင်သပိတ်ကို ဖြိုခွဲမှု ပြုလုပ်ခဲ့ရာ ဖမ်းဆီးခံရသူ ၉၂ ဦးအထိ ရှိကြောင်းသိရ
24htopnews | December 7, 2024 5:12 AM CST

မန္တလေးမြို့ ၂၂ လမ်းတွင် ဆန္ဒပြပြည်သူများ၏ အထိုင်သပိတ်ကို ရိုက်နှက်ပစ်ခတ် ဖြိုခွဲမှုများ ပြုလုပ်ခဲ့ရာ ဖမ်းဆီးခံရသူ ၉၂ ဦးအထိရှိပြီး ၎င်းတို့ကို တရားစွဲဆိုလာပါက လိုက်ပါဆောင်ရွက်ပေးရန် ရှေ့နေများက အောင်မြေသာစံမြို့နယ် တရားရုံးရှေ့တွင် မတ် ၈ ရက်က စာရင်းများ ကောက်ယူနေကြောင်း သိရသည်။

မတ် ၇ ရက် နံနက်က မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၂၂ လမ်းနှင့် ၈၈ လမ်းထောင့်ရှိ ကျောင်းဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ပါဝင်သော ပညာရေးဝန်ထမ်းများ၊ ဆရာဝန်၊ သူနာပြု၊ ဆေးတက္ကသိုလ် ကျောင်းသားကျောင်းသူများ၊ ဆေးဝါးကျွမ်းကျင်တက္ကသိုလ် စသည့် ဆေးပညာနယ်ပယ်များ၊ တက္ကသိုလ်အသီးသီး ပါဝင်သော ကျောင်းသားသမဂ္ဂများ၊ နိုင်ငံရေးအင်အားစုများ၊ ရှေ့နေများ၊ အရပ်ဘက် အင်အားစုများ၊ ပြည်သူအများစု ပါဝင်သော လူထုသပိတ် တပ်ပေါင်းစုသည် ထိုင်သပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ လူထု၏ ဆန္ဒပြနေသည့် ထိုင်သပိတ်ကို ရဲတပ်ဖွဲ့ပါဝင်သော လုံခြုံရေးတပ်ဖွဲ့များက အင်အားသုံး ဖြိုခွင်းခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိသူများရှိသလို လက်ရဖမ်းဆီးရသူများကိုလည်း တုတ်များဖြင့် ရိုက်နှက် ဖမ်းဆီးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးခံခဲ့ရသူ ၉၀ ကျော်အထိ ရှိသည်ဟု သိရပြီး ၎င်းတို့ကို အောင်မြေသာစံမြို့နယ် တရားရုံးတွင် တရားစွဲရန် ချုပ်ရက်ရီမန် ရယူသွားမည်ဟု ကြားသိရသဖြင့် ရှေ့နေများအဖွဲ့က တရားရုံးရှေ့တွင် စာရင်းများ ကောက်ယူနေကြောင်း သိရသည်။

“၂၂ လမ်းဖြစ်စဉ်မှာ လက်ရှိထိ ဖမ်းခံရသူ မိသားစုဝင်‌တွေက စာရင်းပေးတာ ၉၀ လောက်ရှိပါပြီ။ သူတို့ကို တရားစွဲဆိုမယ်ဆိုရင် လိုက်ပါဆောင်ရွက်ပေးလို့ရအောင်  အောင်မြေသာစံမြို့နယ် တရားရုံးမှာ အခုလိုလာရောက် စာရင်းကောက်ယူနေတာပါ။ သင်္ဘောကျင်းဖြိုခွဲမှု ဖြစ်စဉ်တုန်းကဆိုရင်လည်း ဖမ်းထားတဲ့ ၇၀ ကျော်ကို မဟာအောင်မြေတရားရုံးမှာပဲ ၅၀၅ (က)နဲ့ တရားစွဲတင်တယ်။ အခု ဒီဖြစ်စဉ်ကတော့ ဘာပုဒ်မနဲ့ စွဲတင်မလဲဆိုတာတော့ မသိရသေးဘူး”ဟု ဖမ်းဆီးခံရသူများဘက်မှ ကူညီ‌လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေများအဖွဲ့မှ ရှေ့နေတစ်ဦးက ပြောကြားသည်။


READ NEXT
Cancel OK