Top News

တူဟယ်လ်ထုတ်ပယ်ခံရပြီးနောက် လူကာကူအနေဖြင့် ချယ်လ်ဆီးအသင်းသို့ ပြန်ဖွယ်ရှိကြောင်း အင်တာမီလန်အမှုဆောင်အရာရှိချုပ် မာရော့တာ အရိပ်အမြွက်ပြောကြား
24htopnews | December 7, 2024 6:13 AM CST

 

အင်တာမီလန်အသင်း၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဂူဆက်ပီမာရော့တာက အသင်းတွင် တစ်ရာသီအငှားဖြင့် လာရောက်ကစားနေသည့် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူအနေဖြင့် ချယ်လ်ဆီးအသင်းသို့ ပြန်ဖွယ်ရှိနေကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။ 

အသက် ၂၉ နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူသည် ပြီးခဲ့သည့် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့ကာလတွင် အင်တာမီလန်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၇ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ သို့သော် လူကာကူသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီတွင် ချယ်လ်ဆီးအသင်း၌ ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၄၂ ပွဲတွင် ၁၃ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ လူကာကူက မိမိအနေဖြင့် ယင်းကဲ့သို့ ခြေစွမ်းမပြနိုင်ခြင်းအတွက် အသင်း၏နည်းစနစ်ပိုင်းကို ဝေဖန်ခဲ့ရာ နည်းပြ တူဟယ်လ်နှင့် ပြဿနာများ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် လူကာကူသည် ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလတွင် အင်တာမီလန်အသင်းထံသို့ တစ်ရာသီအငှားဖြင့် ပြန်လည်ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။ 

ယခုအခါ ချယ်လ်ဆီးအသင်းသည် အ သင်းနည်းပြ တူဟယ်လ်အား ရာထူးမှ အံ့အားသင့်ဖွယ်ထုတ်ပယ်ခဲ့ပြီး ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကို ငါးနှစ်စာချုပ်ဖြင့် အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။ ယခုအခါ ချယ်လ်ဆီးအသင်းတွင် လူကာကူနှင့် အဆင်မပြေဖြစ်ခဲ့သည့် နည်းပြ တူဟယ်လ် မရှိတော့ခြင်းကြောင့် ၎င်းအနေဖြင့် ချယ်လ်ဆီးအသင်းသို့ ပြန်ဖွယ်ရှိသည်ဟု သုံးသပ်မှုများ ရှိနေသည်။ အင်တာမီလန်အမှုဆောင်အရာရှိချုပ် မာရော့တာက ချယ်လ်ဆီးအသင်းအနေဖြင့် လူကာကူကို ပြန်ခေါ်မည်ဆိုပါကလည်း ယခုရာသီကုန်မှသာ ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

မာရော့တာက "ချယ်လ်ဆီးနည်းပြရာထူးက တူဟယ်လ် ထုတ်ပယ်ခံလိုက်ရတာက  လူကာကူရဲ့အနာဂတ်အပေါ် သက်ရောက်မှု ရှိသလား၊ မရှိဘူးလားတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့အနေနဲ့ လက်ရှိမှာ လူကာကူဆီက အကောင်းဆုံးစွမ်းဆောင်မှုကို ရရှိဖို့ ကြိုးပမ်းနေပြီး သူ့ကိစ္စကို ရာသီကုန်မှပဲ ချယ်လ်ဆီးအသင်းနဲ့ ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ။ နည်းပြအပြောင်းအလဲ ဖြစ်ခဲ့တာကြောင့် လူကာကူကို ချယ်လ်ဆီး ပြန်ခေါ်မလားတော့ ကျွန်တော် မသိပါဘူး။ ဒါက ခန့်မှန်းရခက်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ ကာလတွင် ချယ်လ်ဆီးအသင်းမှ တစ်ရာသီ အငှားဖြင့် ပြောင်းရွှေ့လာသည့် လူကာကူသည် ယခုရာသီတွင် အင်တာမီလန်အတွက် စီးရီးအေ သုံးပွဲတွင် တစ်ဂိုးသွင်းထားသည်။ လူကာကူသည် လက်ရှိတွင် ပေါင်ဒဏ်ရာ ရရှိနေပြီး ဘယ်လ်ဂျီယံတွင် ကုသမှုခံယူနေကြောင်း သိရှိရသည်။ 


READ NEXT
Cancel OK