Top News

ကချင်ပြည်နယ်တွင် စစ်ဘေးရှောင်အရေး၊ မြေယာ၊ မူးယစ်ဆေးဝါးပြဿနာများသည် စိုးရိမ်စရာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပြောကြား
24htopnews | December 7, 2024 9:12 AM CST

ကချင်ပြည်နယ်တွင် စစ်ဘေးရှောင်အရေး၊ မြေယာ၊ မူးယစ်ဆေးဝါးပြဿနာများသည် စိုးရိမ်စရာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ် (Scot Marciel) က ပြောကြား သည်။

မြစ်ကြီးနားမြို့၌ ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သည့် ကချင်ပြည်နယ် လေ့လာရေးခရီး နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“လူပေါင်းတစ်သိန်းကျော် တိမ်းရှောင်နေကြရတာလည်း စိုးရိမ်စရာပါ။ မကြာခင်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေကို စစ်ဘေးရှောင်အဖြစ် မသတ်မှတ်သလို စစ်ရှောင်စခန်းတွေကလည်း လက်မခံကြပါဘူး။ ကချင်ပြည်နယ်က လူအသိုင်းအဝိုင်းကြားမှာ စိုးရိမ်စရာဖြစ်တာ မူးယစ်ဆေးဝါးကိစ္စပါ။  HIV/AIDS ကူးစက်နိုင်မှုပမာဏကလည်း စိုးရိမ်စရာဖြစ်ပါတယ်။ မြေယာဆိုင်ရာပိုင်ဆိုင်မှုကလည်း စစ်ရှောင်တွေဟာ သူတို့ရဲ့ မူလမြေတွေ ဆုံးရှုံးရမယ့် အခြေအနေပါ။ မူရင်းမြေတွေမှာ ငှက်ပျောစိုက်ခင်းတွေ နေရာယူသွားပြီလို့  ကြားရပါတယ်။ အသစ်ထွက်တဲ့ မြေလွတ်မြေရိုင်း ဥပဒေအရလည်း ဆုံးရှုံးသွားနိုင်ပါတယ်” ဟု အမေရိကန်သံအမတ် ကြီး  Mr. Marciel က ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ် (Scot Marciel) သည် ကချင်ပြည်နယ်သို့  ဒီဇင်ဘာ ၃ ရက်က ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အ စည်းများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊  ပါတီအသီးသီးမှ ခေါင်းဆောင်များ၊ စစ်ဘေး ရှောင်စခန်းများနှင့် မြစ်ဆုံဒေသသို့ သုံးရက်ကြာ သွားရောက်လေ့လာခဲ့သည်။

ကချင်ပြည်နယ်သို့ လာရောက်ခြင်းသည် အဆိုးမြင်သည့်အမြင်ဖြင့် လာရောက်ခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် အကူအညီပေးရန် လာရောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီထက်ဆိုးဝါးတဲ့ ပဋိပက္ခဖြစ်ပွားတဲ့နိုင်ငံတွေမှာ လူသားခြင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးလို့ရတယ်။ နေရပ်စွန့်ခွာအကူအညီပေးရေးမှာ ပိတ်ပင်တာတွေကို စိုးရိမ်မိတယ်။ ကျွန်တော်တို့အနေနဲ့ အင် မတန်ကြီးမားတဲ့ကိစ္စပါ။ နိုင်ငံတကာဥပဒေအရ ရှင်းရှင်းလင်းလင်းရှိပြီးသားပါ။ ကျွန်တော်တို့က အဆိုးမြင်နဲ့ လာတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက် အကူအညီရအောင်လို့ပါပဲ” ဟု သံအမတ်ကြီးက ဆိုသည်။

ကချင်ပြည်နယ်တွင် လူ့အသိုင်းအဝိုင်းအတွက် ကိုယ်ကျိုးစွန့်၍  အပြုသဘောဆောင်သည့် ဆောင်ရွက်နေသူများနှင့် စာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာစကားများ သင်ကြားနေမှုကိုလည်း တိုင်းရင်းသားလူမှု အဖွဲ့အစည်းများက ဝမ်းသာစရာအဖြစ် ရှုမြင်နေသဖြင့် အပြုသဘောဆောင်သည့်အချက် များကိုလည်းတွေ့ရကြောင်း သံအမတ်ကြီးက သုံးသပ်သည်။

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို တစ်နှစ်လျှင် ဒေါ်လာသန်း ၁၂၀ ခန့် ကူညီနေပြီး အရေးပေါ်သဘာဝဘေးများအတွက်လည်း ကူညီမှုများရှိသည့်အပြင် အကူအညီ ပေးရေးအစီအစဉ်များကိုလည်း ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ် (Scot Marciel) သည်  ၂၀၁၆ စက်တင်ဘာလအတွင်းက တစ်ကြိမ်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က တစ်ကြိမ် ကချင်ပြည်နယ်သို့ ကွင်းဆင်းလေ့လာခဲ့ပြီး ယင်းခရီးစဉ်များအတွင်း ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့သည့်အပြင် စစ်ရှောင်စခန်းများသို့ သွားရောက်ခဲ့သည်။


READ NEXT
Cancel OK