Top News

မြန်မာနိုင်ငံမှတင်ပို့နေသော ဆန်လုံးရှည်အမျိုးအစားကို EU က အခွန်ကင်းလွတ်ခွင့်ပေးထားသည့် အခွင့်အရေးရုပ်သိမ်းပြီး လာမည့်နှစ်မှစ၍ အခွန်ပြန်လည်ကောက်ခံမည်
24htopnews | December 7, 2024 9:12 AM CST

မြန်မာနိုင်ငံမှတင်ပို့နေသည့် ဆန်လုံး ရှည်အမျိုးအစား (Indica Rice) ကို ဥရောပသမဂ္ဂအဖွဲ့ (EU) က အခွန်ကင်းလွတ်ခွင့်ပေးထားသော အခွင့်အရေးပြန်လည်ရုပ်သိမ်းပြီး လာမည့်နှစ်မှစ၍ အခွန်ကောက်ခံမည်ဖြစ် ကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

လာမည့်နှစ်မှစတင်ကာ ဥရောပသို့ဆန်တင်သွင်းမှုများကို ထိန်းချုပ်ရန် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ တင်သွင်းလာသော ဆန်လုံးရှည်များကို သွင်းကုန်ခွန်တိုး မြှင့်ကောက်ခံရေးအတွက် EU နိုင်ငံများအကြား ဆွေးနွေးခဲ့ရာ လိုအပ်သည့်မဲအများစု မရသောကြောင့် အဖွဲ့ဝင် ၂၈ နိုင်ငံ၏ ကုန် သွယ်ရေးရာများကို ကိုင်တွယ်နေသည့် အီးယူကော်မရှင်က ဆုံးဖြတ်ပေးမည့်အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။

အဆိုပါအီးယူကော်မရှင်သည် မြန်မာနှင့် ကမ္ဘောဒီးယားဆန်များအား သုံးနှစ်တာကာလအတွင်း ထိန်းချုပ်ရန် အဆိုပြုထားပြီး  အဖွဲ့ဝင်နိုင်ငံများအကြား ယခုကဲ့သို့သဘောတူညီချက် တစ်စုံတစ်ရာမရရှိပါက ကော်မရှင်၏ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်အရ လာမည့်နှစ် ၂၀၁၉ ခုနှစ် ပထမနှစ်တွင် ဆန်လုံးရှည်များကို တစ်တန်လျှင် သွင်းကုန်ခွန် ၁၇၅ ယူရို၊ ဒုတိယနှစ် ၂၀၂၀ ပြည့်နှစ်တွင် တစ်တန်လျှင် ၁၅၀ ယူရို၊ တတိယနှစ် ၂၀၂၁ ခုနှစ်တွင် တစ်တန်လျှင် ၁၂၅ ယူရိုအထိ ကောက်ခံရန် စီစဉ်ထားသည်။

ကမ္ဘောဒီးယားနှင့် မြန်မာသည် EBA (Everything But Arms) အရ ဥရောပသို့ တင်သွင်းသမျှကို အခွန်ကင်းလွတ်ခွင့်ရနေသော်လည်း ယခုကိစ္စသည် EBA နှင့် အကျုံးမဝင်ကြောင်း သိရသည်။

ပြည်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနှင့်ကမ္ဘောဒီးယားနှစ် နိုင်ငံစလုံးလာမည့်နှစ်အတွင်း EBA အကောက်ခွန်ကင်းလွတ်ခံစားခွင့်များ ဆုံးရှုံးမည့်အနေအထားနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

အီးယူကော်မရှင်အနေဖြင့် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အီတလီနိုင်ငံမှ ၎င်းတို့၏ပြည်တွင်းဆန် ထုတ်လုပ်မှုအပေါ် သွင်းကုန်ဖြစ်သော ဆန်လုံးရှည်များကြောင့် ထိခိုက်မှုဖြစ်စေသည်ဟူသော တိုင်တန်းချက်ကြောင့် ယခုကဲ့သို့ စုံစမ်း စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဥရောပတောင်ပိုင်းရှိ ပေါ်တူဂီ၊ ဘူဂေးရီးယားနိုင်ငံများအပါအဝင် နိုင်ငံရှစ်နိုင်ငံသည် ဆန်လုံးရှည်များကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ ဆန်လုံးရှည်များတင်သွင်းမှု တိုးတက်လာသဖြင့် ဥရောပတွင် ဆန်စျေးကွက်ထိခိုက်ခဲ့ရသည်ဟု အီးယူကော်မရှင်က ဆိုသည်။ မြန်မာနှင့် ကမ္ဘောဒီးယားတို့မှ တင်ပို့သော Indica ဆန်လုံးရှည်ပမာဏသည် ၂၀၁၂ ခုနှစ်တွင် တန်ချိန် ၉၀၀၀ ဝန်းကျင်ရှိရာမှ ၂၀၁၇ ခုနှစ်တွင် တန်ချိန် ၃၆၀၀၀၀ အထိ တိုးတက်လာခဲ့ခြင်းဖြစ်သည်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် အဆိုပါကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေအခွင့်အရေး ခံစားခွင့်ကို ၂၀၁၃ ခုနှစ် ဇွန်လက ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဥရောပသမဂ္ဂ (EU) သို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် တန်ချိန်လေးသိန်းခန့်ရှိသည်။ ယင်းအနက် ဆန်ကွဲတင်ပို့မှုသည် စုစုပေါင်းတင်ပို့မှု၏ ၆၅ ရာခိုင်နှုန်း အထိရှိပြီး ဆန်တင်ပို့မှု စုစုပေါင်းသည် ၃၅ ရာခိုင်နှုန်းသာရှိကြောင်း ယင်းအနက် ဆန်လုံးရှည်တင်ပို့မှုသည် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်သာရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ထို့ကြောင့် EU သို့ ဆန်တင်ပို့မှုတစ်ခုလုံးကို ထိခိုက်စေမည်မဟုတ်ဘဲ အနည်းငယ်ထိ ခိုက်မှုကိုသာဖြစ်စေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက မီဒီယာများသို့ ပြောကြားခဲ့သည်။


READ NEXT
Cancel OK