ကော့သောင်းမြို့တွင် ဖြစ်ပွားခဲ့သည့် ဧရာဝတီဘဏ်မှ ဝန်ထမ်းတစ်ဦးအား ဒုရဲအုပ် ဟန်ဘိုဘိုထွန်း၊ အဏ္ဏဝါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလင်း (ခ) ကိုစိုးတို့ ဦးဆောင်သည့်လူ ၁၀ ဦးပါအဖွဲ့က အကြောင်းမဲ့ ၀ိုင်းဝန်းထိုးကြိတ်ခဲ့မှုကို ဘဏ်ဝန်ထမ်းက သက်ဆိုင်ရာရဲစခန်းနှင့် တရားရုံးသို့ တိုင်တန်းထားပြီး တရားရုံးမှ ဒီဇင်ဘာ ၁၇ ရက်တွင် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့နယ်ရှိ ဧရာဝတီဘဏ် တွင် ယာဉ်မောင်းတာဝန် ထမ်းဆောင်နေသည့် ကိုကျော်စွာဝင်း ဆိုသူနှင့် သူငယ်ချင်း ငါးဦးမှာ ဒီဇင်ဘာ ၂ ရက် ညပိုင်းက ဘဏ်ရှေ့တွင် ထိုင်နေစဉ် အဏ္ဏဝါရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နယ်ထိန်းခေါင်းဆောင် ဟုဆိုသော ဒုရဲအုပ်ဟန်ဘိုဘိုထွန်းတို့ ရောက်ရှိလာပြီး အကြောင်းမဲ့ လာရောက်ရိုက်နှက်ခဲ့သလို အတူပါလာသည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များကလည်း ဝင်ရောက် ရိုက်နှက်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အရိုက်ခံရသည့် ကိုကျော်စွာဝင်းက ရဲစခန်းတွင် တိုင်တန်းထားသလို တရားရုံးမှလည်း ဖြစ်စဉ်ကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
“အခင်းဖြစ်တဲ့ညက ကျွန်တော့်သူငယ်ချင်းရဲ့မွေးနေ့ကို သွားခဲ့တယ်။ ပြီးတော့ မြို့တစ်ပတ် လမ်းလည်ပြီးတော့ ပိုက်ဆံလိုတော့ ဧရာဝတီဘဏ်က ATM စက်မှာငွေထုတ်ခဲ့တယ်။ ATM စက်က လိုင်းကျနေတော့ သူငယ်ချင်းတွေနဲ့ ဘဏ်အရှေ့မှာထိုင်ပြီး စကားပြောနေတဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးက ကျွန်တော့်ကို ဘာမှမမေးဘဲ ပါးရိုက်ခဲ့တယ်။ ဒုရဲအုပ်ကလည်း အနားမှာ ကပ်ပါလာတယ်။ မင်းတို့ CCTV ကိုဂရုမစိုက်လို့ ပါးလာရိုက်တာကွလို့ ပြောပါတယ်။ ဒုရဲအုပ်ကလည်း ဆွဲပြီးဝိုင်းထိုးပါတယ်။ အရန်မီးသတ်ဝန်ထမ်း တွေကလည်း ၀ိုင်းထိုးကြတယ်။ ကျွန်တော်လည်း ဆိုင်ကယ်ပေါ်ကို ပြန်ဖို့တက်တော့ ၀ိုင်းထိုးပြန်တယ်။ အုပ်ချုပ်ရေးမှူးက ကျွန်တော့်ကို ခြေထောက်နဲ့ ကန်သလို ပါးရိုက်၊ လည်ပင်းလည်းညှစ်တယ်။ ပြီးတော့ ဒုရဲအုပ်ကလည်း ကျွန်တော့်ကို ချုပ်ပေးထားတယ်။ လည်ပင်းကို ညှစ်ထားတယ်။ အရန်မီးသတ် တွေကလည်း ထိုးတယ်။ အရန်မီးသတ် တစ်ယောက်က ကျွန်တော်တို့ ဘဏ်ကပိုင်တဲ့ ထိုင်ခုံနဲ့ ရိုက်တယ်။ အမည်မသိတဲ့သူ တစ်ယောက်ရှိသေးတယ်။ အကျႌအမည်း စွပ်ကျယ်ဝတ်ထားတဲ့ သူကလည်း ထိုးတယ်။ ကျွန်တော်ကမေးတယ်။ ဘာကြောင့် ကျွန်တော့်ကို ထိုးနေကြတာလဲ။ ဘာအပြစ်ရှိလို့လဲ မေးတယ်။ အဲဒါကို ထပ်ထိုးတယ်။ ကျွန်တော့် သူငယ်ချင်းတွေကလည်း ဝင်ဖျန်ဖြေတော့ သူတို့က ခြိမ်းခြောက်တယ်။ မင်းတို့မဆိုင်ရင် ဝင်မပါနဲ့။ အကုန်သေသွားမယ်။ သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ကျွန်တော်လည်း ရုန်းကန်ထွက်ပြေးပြီး ရဲစခန်းကို သွားခဲ့တယ်။ ဖြစ်စဉ်ကို သွားရောက်တိုင်တန်းတော့ ဒုရဲအုပ်တစ်ယောက်နဲ့ စာရေးကြီး တစ်ယောက်ကို တွေ့တယ်။ သူတို့က လက်ခံစကားပြောကြတယ်။ စခန်းမှူး ရောက်လာတော့ ကျွန်တော့်ကို ထိုးကြိတ်တဲ့ ဒုရဲအုပ်နဲ့ အုပ်ချုပ်ရေးမှူးကို ခေါ်လိုက်တယ်။ အဲဒီဒုရဲအုပ် ရောက်လာတော့ ကျွန်တော့်ကို ထပ်ခြိမ်းခြောက် ပြန်တယ်။ မင်းတို့အကုန်လုံးကို အချုပ်ထဲထည့်ပစ်မယ်လို့ အော်ပြောပါတယ်။ သူတို့အုပ်စုက အရက်တွေ အရမ်းမူးနေတယ်။ ပက်ပက်စက်စက်ကို မူးနေတယ်။ ကျွန်တော်တရားရုံးမှာ ဦးတိုက်လျှောက်ထားပါတယ်။ တရားသူကြီးက အမှုကို ယာယီလက်ခံထားပါတယ်” ဟု ဧရာဝတီဘဏ်မှ ယာဉ်မောင်း ကိုကျော်စွာဝင်းက ပြောကြားသည်။
မြို့လယ်ကောင်တွင် မင်းမဲ့စရိုက်ဆန်စွာ ပြည်သူ့ဝန်ထမ်းများက ယခုကဲ့သို့ ပြုမူမှုမျိုးကို ကော့သောင်းမြို့ ဒေသခံများကြားတွင် ဝေဖန်မှုများ ရှိနေပြီး ထိရောက်စွာ အရေးယူပေးရန် လိုလားနေကြောင်း သိရသည်။
“ကျွန်တော်တို့ အခုဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ဒုရဲအုပ်ကို အရေးယူမှာပါ။ တရားရုံးကလည်း ဒီဇင်ဘာ ၁၇ ရက်မှာ စစ်ဆေးဖို့ရက် ချိန်းထားပြီးပါပြီ။ လောလောဆယ် ဒုရဲအုပ်ကို ဖမ်းဆီးထားတာ မရှိပေမယ့် ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးကလည်း ထပ်မံအရေးယူဦးမှာပါ” ဟု ကော့သောင်းမြို့နယ်ရဲစခန်းမှ တာဝန်ကျ အရာရှိတစ်ဦးက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားသည်။
အဆိုပါ အမှုတွဲကို ရဲစခန်းသို့ စုံစမ်းစစ်ဆေးရန် ပြန်လွှဲထားပြီး တရားရုံးက ဒီဇင်ဘာ ၁၇ ရက် ပြန်လည် ချိန်းဆိုထားကာ တရားဥပဒေအတိုင်း ဖြစ်စေချင်ကြောင်း ကိုကျော်စွာဝင်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
