Top News

အသက် ၈၈ နှစ်အရွယ် သိန်းတစ်သောင်းဆုရှင် ထီပေါက်ပြီး ၆ ရက်မြောက်နေ့၌ ကွယ်လွန်
24htopnews | December 7, 2024 9:12 AM CST

ဒီဇင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်သော၂၁ ကြိမ်မြောက် အောင်ဘာလေထီ သိန်းပေါင်း တစ်သောင်းဆုကို ဝေါမြို့ ချမ်းမြသာစည် ၃ လမ်းနေ အသက် ၈၈ နှစ်အရွယ် ဎ - ၃၉၃၀၂၀ ဖြင့်ဆွတ်ခူးခဲ့သော ဦးကျင်ရိန်မှာ ထီပေါက်ပြီး ခြောက်ရက်မြောက်နေ့ ဒီဇင်ဘာ ၆ ရက် နံနက် ၂ နာရီက လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

“အဖိုးဆုံးသွားတာ ဟုတ်ပါတယ်။ ဒီနေ့မနက် ၂ နာရီလောက်ကပါ။ လေပြွန်မှာ သလိပ်ကပ်သွားတာပါ။ သုံးရက်ထားမယ်။ စနေနေ့တော့ သင်္ဂြိုလ်မယ်။ မိသားစုတွေလည်း သောကရောက်နေကြတယ်” ဟု အတူနေ မြေးတော်စပ်သူ ကိုအောင်မြင့်မြတ်မှ ပြောကြားသည်။

ဦးကျင်ရိန်သည် ၂၁ ကြိမ်မြောက် သိန်းတစ်သောင်း အောင်ဘာလေထီဆုကို ပဲခူးတိုင်းဒေသကြီး ဝေါမြို့မစျေးရှိ မြတ်သိန်းစိုး ထီဆိုင်မှ ထပ်ဆင့်၍ လက်ပွေ့ယူရောင်းသူ မရီချိုထံမှ ဝယ်ယူခဲ့သော ငါးဆောင်တွဲမှ ဆွတ်ခူးသွားသော်လည်း ထီပေါက်သူကို မသိရသေးပဲ စုံစမ်းခဲ့ရပြီး ဒီဇင်ဘာ ၂ ရက်နေ့ ညနေပိုင်း ရောက်မှသာ အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

၂၁ ကြိမ်မြောက် သိန်းပေါင်းတစ်သောင်း အောင်ဘာလေထီဆုရှင် ဦးကျင်ရိန်ကို ၁၉၃၁ ခုနှစ်တွင်ပုသိမ်မြို့ အသည်ကြီးရပ်ကွက် ဝက်ကြီးတန်း၌ တရုတ်သွေးနှောသော အဘဦးမောင်ဝမ်နှင့် မြန်မာအမျိုးသမီး အမိဒေါ်ခင်အေးတို့မှ မွေးဖွားခဲ့ကြောင်း သိရသည်။

အသက် ၁၈ နှစ်တွင် တပ်မတော်ထဲဝင်ရောက်ခဲ့၍ အမှတ် ၄ သေနတ်ကိုင်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဝန်ထမ်းသဘာဝ ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး ပဲခူးနယ်ဘက်တွင် တာဝန်ထမ်းဆောင်နေစဉ် အသက် ၂၅ နှစ်ခန့်တွင် ဝေါမြို့သူနှင့် အိမ်ထောင်ကျပြီး သားသမီးခြောက်ဦး ရှိခဲ့ကြောင်း သိရသည်။

ထို့နောက်တပ်မတော်တွင် ၂၂ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် တပ်မတော်မှ ပင်စင်ယူခဲ့၍ လက်ရှိအချိန်တွင် သမီးသုံးဦးသာ ကျန်ရှိေ့တာ့ပြီး သမီးဖြစ်သူ အလယ်တန်းပြ ကျောင်းဆရာမအိမ်တွင် မြေးငယ်တစ်ဦးနှင့်အတူ မိသားစုသုံးဦး အတူနေထိုင်လျက် ရှိကြောင်း သိရသည်။

ဦးကျင်ရိန်သည် တပ်တော်မှ တပ်ကြပ်ကြီးရာထူးဖြင့် ပင်စင်ယူခဲ့ပြီး တပ်မတော် ပင်စင်နိုင်ငံရေး ပင်စင်နှစ်ခုဖြင့် အသက်မွေးခဲ့ပြီး ထီကိုစွဲစွဲမြဲမြဲ ထိုးခဲ့ကာ ယခုအပတ် ၂၁ ကြိမ်မြောက် သိန်းပေါင်းတစ်သောင်းဆုကို ပင်ရင်း ပဲခူးတက်နေဝင်းဆိုင်၏ လက်ခွဲဝေါမြို့မစျေးရှိ မြတ်သိန်းစိုး ထီဆိုင်မှတစ်ဆင့်ယူပြီး လက်ပွေ့ရောင်းသော မရီချိုထံမှထိုးခဲ့သော ငါးဆောင်တွဲမှ ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ထီမထွက်ခင် ရက်များအတွင်း ရန်ကုန်မြို့ ကျောက်တံခါးမြို့နယ်မှ ထီဖွင့်သည်ဟုထင်ကာ ဆူးလေဘိုးဘိုးကြီးကို ကျွန်တော့်မှာ လှူစရာသုံးစရာ ပြတ်နေပါပြီ ထီပေါက်အောင် ကူညီပေးရန် ဆုတောင်းခဲ့၍ ယခုကဲ့သို့ ထီပေါက်သည်ဟု ယုံကြည်ပြီး ထီပေါက်၍ ရရှိလာသော ငွေများကို သားသမီးများကို ခွဲဝေပြီး သားသမီးများနှင့် တိုင်ပင်၍ အလှူအတန်းများလည်း ပြုလုပ်သွားမည်ဖြစ်ပြီး ဆူးလေဘုရားနှင့် ဆူးလေဘိုးဘိုးကြီးကို အရင်ဆုံးလှူဒါန်းမည်ဟု သိရသည်။


READ NEXT
Cancel OK