Top News

ချောင်းသာကမ်းခြေတွင် ရှားပါးရေသတ္တဝါမျိုးစိတ်ဖြစ်သည့် ရေဝက်အသေတစ်ကောင် လာရောက်ကမ်းတင်
24htopnews | December 7, 2024 9:12 AM CST

ပုသိမ်ခရိုင် ချောင်းသာကမ်းခြေတွင် ဒီဇင်ဘာ ၅ ရက် နံနက် ၅ နာရီခန့်တွင် ရှားပါးရေသတ္တဝါမျိုးစိတ်တစ်ခုဖြစ်သည့် ရေဝက် အသေတစ်ကောင် လာရောက်ကမ်းတင်နေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ချောင်းသာကမ်းခြေ ရွှေဟင်္သာဟိုတယ်ရှေ့အနီးရှိ ပင်လယ်ကမ်းစပ်သောင်ပြင်တွင် ရေဝက် အသေတစ်ကောင် လာရောက်ကမ်းတင်လျက်ရှိကြောင်း၊ အဆိုပါရေဝက်မှာ အလျား ကိုးပေကျော်ခန့်ရှိပြီး အမဖြစ်ကြောင်း၊ ယင်း ရေဝက်သေအား ကမ်းခြေတွင်ပင် အသားများဖယ်ထုတ်၍ အရိုးများကို ငါးဦးစီးဌာနသို့ အပ်နှံခဲ့ကြောင်း သိရသည်။

မနက် ၅ နာရီလောက်ပေါ့။ ရွှေဟင်္သာနဲ့ ဧကရာဇ်ဟိုတယ်အကြား ကမ်းခြေဆင်းနားမှာ တွေ့တာ။ ဒေသခံတွေ ပြောပုံအရဆိုရင် မုဆိုးလိုက်လို့ သေတာမဟုတ်ဘူး။ ရေဝက် တွေရဲ့ သဘောတရားအရ အချင်းချင်းတိုက် ကြကိုက်ကြရင်းသေတာ။ အကောင်က အမ  အလျားက ၉ ပေနဲ့ ၄ လက်မရှိတယ်။ ခန့်မှန်း ခြေကတော့ ပိဿာ ၇၀ လောက်ရှိတယ်။  သေတာက သုံးရက်လောက်ရှိပြီးတော့ ရေထဲ မျောနေရာကနေ သောင်လာတင်တာ။အသေကိုတော့ ငါးလုပ်ငန်းဦးစီးက သူ့လုပ်ငန်းသဘောတရားအရ အရိုးကိုယူတယ်။ အသားတွေကတော့ ရိရွဲနေပြီမို့ မြေမြှုပ်တယ်။ တချို့ ဒေသခံတွေကတော့ အမြီးပိုင်းက အသား နည်းနည်းကို စားရဲတဲ့သူတွေက ယူတယ်။  အရေပြားတွေကိုတော့ မြေမြှုပ်ပစ်လိုက်တယ် ဟု ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောကြားသည်။

ချောင်းသာကမ်းခြေတွင် ရှားပါးရေ သတ္တဝါများ မကြာခဏ လာရောက်ကမ်းတင် လေ့ရှိပြီး လွန်ခဲ့သော နှစ်နှစ်ခန့်ကလည်း ဝေလငါးငယ်တစ်ကောင် လာရောက်ကမ်း တင်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK