ချေးယူထားသည့် ကျပ်သိန်း ၁၅၀၀၀ ကို ပြန်မဆပ်သဖြင့် အာရှကြီးပွားတိုးတက်ရေး ပို့ကုန်သွင်းကုန်ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးထွန်းရှိန်ကို ကမ္ဘာ့ရတနာဘဏ်က တရားမမှုဖြင့်တရားစွဲဆိုထားမှုမှာ နှစ်ချီကြာမြင့်ပြီဖြစ်သော်လည်း မထူးခြား၍ ဦးစိုးထွန်းရှိန်ပါလေးဦးအား ပြစ်မှုကြောင်းအရ လိမ်လည်မှုဖြင့် ဒီဇင်ဘာ ၃ ရက်တွင် ပန်းဘဲတန်းမြို့မရဲစခန်း၌ အမှုဖွင့်ထားပြီဖြစ်ကြောင်း ကမ္ဘာ့ရတနာဘဏ်၏ တာဝန်ရှိသူ တစ်ဦးထံမှ စုံစမ်းသိရှိရသည်။
အာရှကြီးပွားတိုးတက်ရေးပို့ ကုန်သွင်းကုန် ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးထွန်းရှိန်ကို ကမ္ဘာ့ရတနာဘဏ်က ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် တရားမမှုဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းတရားစွဲဆိုမှုကို တရားရုံးက အနိုင်ဒီဂရီပေးအပ်ခဲ့ကြောင်း၊ ယင်းသို့ ကမ္ဘာ့ရတနာဘဏ်ကိုအနိုင်ဒီဂရီပေးအပ်ပြီးနောက် ဦးစိုးထွန်းရှိန်၏ ဘဏ်ချေးငွေ လျှောက်စဉ်က ပိုင်ဆိုင်မှု အထောက်အထား အဖြစ်တင်ပြခဲ့မှုများအနက် စက်ရုံတစ်ရုံကို ဇာရီအမှုဖွင့်လှစ်၍ ဝရမ်းကပ်ကာ လေလံပစ်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ဝရမ်းကပ်ပြီး လေလံပစ်ဖို့လုပ်နေတဲ့အချိန်မှာ စက်ရုံပိုင်ရှင်ဆိုတဲ့သူတစ်ယောက်က ပေါ်လာတယ်။ တရားရုံးမှာလည်း သူပိုင်ဆိုင်တဲ့ အထောက်အထားစာရွက်တွေ အားလုံးတင်ပြနိုင်တော့ ဘာမှမထူးလိုက်ဘူး။ အခုပဲ တရားမမှုနဲ့စွဲထားတဲ့အမှုက တရားရုံးက စစ်ဆေးနေဆဲပါဘဲ။ အခုချိန်မှာ သူပိုင်တဲ့ ပစ္စည်းကိုလည်း ရှာဖို့ခက်နေတယ်။ အဲဒါကြောင့် ဘဏ်ကချေးလိုက်တဲ့ ငွေတွေဆုံးရှုံးနိုင်တဲ့အတွက် ပြစ်မှုကြောင်းအရ ပန်းဘဲတန်း စခန်းမှာထပ်ပြီး အမှုဖွင့်လိုက်တာဖြစ်ပါတယ်” ဟု ကမ္ဘာ့ရတနာဘဏ်မှ တာဝန်ရှိသူက ပြောကြားသည်။
ကျပ်သိန်း ၁၅၀၀၀ ချေးယူသွားမှုမှာ ၂၀၀၆ ခုနှစ်ကဖြစ်ပြီး အာရှကြီးပွားတိုးတက်ရေး ပို့ကုန်သွင်းကုန်ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးထွန်းရှိန်သည် ကမ္ဘာ့ရတနာဘဏ်သို့ ကုမ္ပဏီပိုင်စက်ရုံ မှတ်ပုံတင် အမှတ်YGN/073/APEI/D1 (၂၀၀၁-၂၀၀၂) ဓာတ်ပုံမိတ္တူကိုလည်းကောင်း၊ ကုမ္ပဏီမှတ်ပုံတင်မိတ္တူကိုလည်းကောင်း၊ ကုမ္ပဏီ မှတ်ပုံတင်ရုံး၏ ပုံစံ(င)၊ ပုံစံ (၆)နှင့် ပုံစံ(၂၆)တို့၏မိတ္တူတို့ကို အသီးသီး တင်ပြခဲ့ကြောင်း ကမ္ဘာ့ရတနာဘဏ်၏ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။
ထို့ပြင် ကုမ္ပဏီရှိ စုစုပေါင်းအမေရိကန် ဒေါ်လာ သိန်းပေါင်း ၃၇ ဒသမ ၉၅ သိန်း တန်ဖိုးရှိ ရေထွက်ပစ္စည်းကုန်ချောတန်ချိန် ၃၅၄၁ တန်ရှိကြောင်းနှင့် ရေထွက်ကုန်ချောပစ္စည်းများ အမှန်တကယ်ရှိကြောင်း ငါးလုပ် ငန်းဦးစီးဌာနထောက်ခံချက်ကိုလည်း ပူးတွဲတင်ပြခဲ့ကြောင်း သိရသည်။
“သူက တင်ပြတဲ့ အာမခံပစ္စည်းတွေ ကြည့်ပြီး ကုမ္ပဏီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်ဒါရိုက်တာတွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ သူ့ကို ဘယ်လောက်ပမာဏအထိ ချေးလို့ရတယ်ဆိုတာ ဆုံးဖြတ်ကြတယ်။ ဆုံးဖြတ်ပြီးတော့ သူ့ကို စုစုပေါင်းသိန်း ၁၅၀၀၀ ချေးလိုက်တာ ပေါ့။ ငါးလုပ်ငန်းဦးစီးဌာနထောက်ခံချက် ဆိုတာကလည်းသူရဲ့Export လုပ်မယ့်ငါးတွေ သိုလောင်ထားတဲ့နေရာတွေကို ငါးလုပ်ငန်းဦးစီးဌာနကို တင်ပြတယ်။ ငါးလုပ် ငန်းဦးစီး ဌာနက သူရဲ့ရေထွက်ကုန်ငါးတွေသိုလောင် ထားတဲ့နေရာတွေကို လိုက်ပြီးစစ်တာပေါ့။ ငါးကဘယ်လိုအမျိုးအစား၊ ရောင်းရင်ဘယ် လောက်စျေးပေါက်တယ် ဆိုတာတွေပေါ့။ အဲဒီလိုနဲ့ ချေးငွေချေးယူသွားပြီး နှစ်အတော် ကြာတဲ့အထိ ဘဏ်ချေးငွေအပြင် ဘဏ်အတွက် အကျိုးအမြတ်ကိုပါပြန်မဆပ်ဘူး။ အဲဒါကြောင့် လိုက်ပြီးစုံစမ်းတာပေါ့။ စုံစမ်းတော့ ရေထွက်ကုန်ချောပစ္စည်းတွေက မြေ ပြင်မှာ မရှိတော့ဘူး။ ပြည်ပကိုရောင်းချလိုက် ပြီလို့ သိရတယ်။ အဲဒါကြောင့် အရင် တရားမမှုနဲ့ စွဲတယ်။ စွဲတာ ခြောက်နှစ်ကျော်ပြီပေါ့။ မထူးခြားသေးပဲဘဏ်က ချေးငွေတွေဆုံးရှုံး နိုင်တဲ့အတွက် အခုလို ပြစ်မှုကြောင်းအရ ဦးစိုးထွန်းရှိန်ပါလေးဦးကို ထပ်ပြီး အမှုဖွင့် လိုက်တာဖြစ်ပါတယ်” ဟု ကမ္ဘာ့ရတနာဘဏ်က တာဝန်ရှိသူက ပြောကြားသည်။
ကမ္ဘာ့ရတနာဘဏ်မှ တိုင်တန်းသည့် အာရှကြီးပွားတိုးတက်ရေး ပို့ကုန်သွင်းကုန်ကုမ္ပဏီလီမိတက်မှ ဦးစိုးထွန်းရှိန်၊ ဦးကြည်ရှိန်၊ ဦးခင်မောင်အုန်း၊ ဒေါ်နီလာရှိန် တို့အား ပန်းဘဲတန်းမြို့မရဲစခန်းက (ပ)၂၉၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၁၁၄ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးရန် စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါအမှုဖွင့်ထားသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းရန် ဦးစိုးထွန်းရှိန် ကိုင်ဆောင်သည်ဟုဆိုသည့် ဖုန်းနံပါတ်အား ဆက်သွယ်ခဲ့ရာ ဖုန်းဝင်သော်လည်း လက်ခံ ဖြေကြားခြင်းမရှိခဲ့ပေ။ ဆက်သွယ်မှု ရရှိပါက ဦးစိုးထွန်းရှိန်၏ ပြောကြားချက်ကို ထပ်မံဖော်ပြပေးသွားပါမည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
