စနစ်တကျ အမှိုက်သိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် အမှိုက်စုပုံကွင်းနှင့် အမှိုက်စွန့်ပစ်ကျင်းများ တိကျစွာ သတ်မှတ်ဖော်ဆောင်ပေးနိုင်ရန်နှင့် ဦးစားပေး လုပ်ငန်းလမ်းညွှန်ချက်တစ်ရပ်အဖြစ် ညွှန်ကြားပေးရန်အဆို ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
နေပြည်တော်၌ ဒီဇင်ဘာ ၄ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မောက်မယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း တင်သွင်းသော အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုနိုင်သေးမီစပ်ကြားကာလတွင် နိုင်ငံတော်တစ်ဝန်းလုံးရှိ ရပ်ကွက်နှင့် ကျေးရွာများအားလုံး တစ်ပြေးညီ သန့်ရှင်း သပ်ရပ် သာယာလှပစေရန် စနစ်တကျ အမှိုက်သိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များအတွက် လုံလောက်မျှတစေမည့် အမှိုက်စုပုံကွင်းနှင့် အမှိုက်စွန့်ပစ်ကျင်းများ တိကျစွာ သတ်မှတ်ဖော်ဆောင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ ဦးစားပေးလုပ်ငန်း လမ်းညွှန်ချက်တစ်ရပ်အဖြစ် သတ်မှတ်ညွှန်ကြားပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြန်လည်ရှင်းလင်းကာ လွှတ်တော်အဆုံးအဖြတ် ရယူခဲ့ ခြင်းဖြစ်သည်။
“အစိုးရကို တိုက်တွန်းတဲ့ အဆိုဖြစ်ပေမဲ့ လုပ်ငန်းလမ်းညွှန်ချက်တစ်ရပ်အနေနဲ့ စပြီး ဖော်ဆောင်ပေးဖို့ တိုက်တွန်းတာဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘတ်ဂျက်တောင်းဆိုတဲ့အပိုင်းလည်း မရှိသေးပါဘူး။ ဒီအပေါ်မှာ အဆိုရှုံး နိမ့်ခဲ့တယ်ဆိုတော့ လွှတ်တော်အပေါ်မှာ ကျွန်တော်တို့အနေနဲ့ စဉ်းစားရမယ့်အချိန် ဖြစ်သွားပါတယ်။ လွှတ်တော်သည် ပြည်သူလူထုအတွက်ဖြစ်တယ်။ ပြည်သူ့ဆန္ဒကို ဖော်ဆောင်တယ်လို့ ဆိုတဲ့နေရာမှာ ဒီနေရာမှာ ပြည်သူလူထုအတွက် အကျိုးစီးပွားဖြစ်ဖို့ တင်ပြတဲ့အဆိုဟာ ဘယ်လို ကန့်ကွက်မဲတွေ ဖြစ်သွားတာလဲဆိုတဲ့အပေါ်မှာ လွှတ်တော် ရပ်တည်ချက်ဟာလည်း လိုအပ်နေတယ်လို့ မြင်တယ်” ဟု အဆိုရှင် ဦးစိုင်းငေါင်းဆိုင်ဟိန်းက ပြောကြားသည်။
အဆိုရှင် ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေက အဆိုကို မှတ်တမ်းတင်စောင့်ကြည့်ရန်သာ သဘောထားပေးခဲ့ပြီး အဆိုရှင်ကလည်း အတည်ပြုပေးရန် သဘောထားပေးခဲ့သောကြောင့် အဆိုရှင်၏ သဘောထားပေါ်မူတည်၍ စက်ခလုတ်နှိပ် ဆန္ဒမဲပေးသည့်နည်းဖြင့် လွှတ်တော်အဆုံး အဖြတ်ရယူခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၃၈၈ မဲ တွင် ထောက်ခံမဲ ၁၇၂ မဲ၊ ကန့်ကွက်မဲ ၁၇၉ မဲနှင့် ကြားနေမဲ နှစ်မဲ သဘောထားပေးခဲ့ပြီး ၃၅ မဲ ပျောက်ဆုံးနေကြောင်း သိရသည်။
နေပြည်တော်၌ နိုဝင်ဘာ ၁၂ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ တွင် မောက်မယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း က အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ အောင်မြင် စွာအကောင်အထည်ဖော်ဆောင်ရွက်ခြင်း မပြုနိုင်သေးမီစပ်ကြားကာလတွင် နိုင်ငံတော် တစ်ဝန်းလုံးရှိ ရပ်ကွက်နှင့် ကျေးရွာများ အားလုံး တစ်ပြေးညီ သန့်ရှင်းသပ်ရပ် သာယာလှပစေရန် စနစ်တကျ အမှိုက်သိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် လုံလောက်မျှတစေမည့် အမှိုက်စုပုံ ကွင်းနှင့် အမှိုက်စွန့်ပစ်ကျင်းများ တိကျစွာ သတ်မှတ်ဖော်ဆောင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ ဦးစားပေး လုပ်ငန်းလမ်းညွှန်ချက်တစ်ရပ်အဖြစ် သတ်မှတ်ညွှန်ကြားပေးပါရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စွန့်ပစ်ပစ္စည်းများဖြစ်သည့် အမှိုက်မှန်သမျှကို မီးရှို့ဖျက်ဆီးခြင်း၊ မြေမြှုပ်ခြင်း၊ မြစ်ချောင်းများအတွင်းသို့ အလွယ်တကူစွန့်ပစ်ခြင်းစသည့် နည်းလမ်းများဖြင့်သာ ဖြေရှင်းနိုင်သေးကြောင်း တွေ့ရှိရပြီး ကျေးလက်ဒေသများတွင် အမှိုက်ရာခိုင်နှုန်း ၆၀ ကို မီးရှို့ဖျက်ဆီးပြီး ရာခိုင်နှုန်း ၄၀ ကို နီးစပ်ရာ ချောင်းမြောင်းများအတွင်းသို့ စွန့်ပစ်ခြင်း၊ မြို့ပြဒေသများတွင် ရာခိုင်နှုန်း ၇၀ ကို မီးရှို့၍ ကျန်ရာခိုင်နှုန်း ၃၀ ကို မြစ်ချောင်းများအတွင်းသို့ စွန့်ပစ်ခြင်း၊ မြို့တော်ကြီးများတွင် ၈၅ ရာခိုင်နှုန်းကို စုပုံဖျက်ဆီးနိုင်သော်လည်း ၁၅ ရာခိုင်နှုန်းမှာ ချောင်းမြောင်းများအတွင်းသို့ ရောက်ရှိသွားခြင်းကို စိစစ်ကြည့်ပါက မြစ်ချောင်းများအတွင်းသို့ အမှိုက်များ စုပေါင်းစွန့်ပစ်မှုသည် ပိုမိုများပြားကြောင်း၊ ထိုစွန့်ပစ်အမှိုက်များ၏ ရာခိုင်နှုန်း ၅၀ သည် ပလတ်စတစ်ပစ္စည်းများဖြစ်ကြောင်းနှင့် စွန့်ပစ်အမှိုက်များကို စနစ်တကျ ဖျက်သိမ်းနိုင်သော နည်းစနစ်နှင့် ဖျက်ဆီးပစ်နိုင်မည့် မြေ နေရာအကျယ်အဝန်း လုံလောက်စွာ ရရှိရေးသည် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း အဆိုရှင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
