Top News

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ ထိပ်သီးအစည်းအဝေးကာလအတွင်း အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ သီးသန့်ဆွေးနွေး
24htopnews | December 7, 2024 12:12 PM CST

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီး အစည်းအဝေးကာလအတွင်း အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်နှင့် နှစ်နိုင်ငံဆက်ဆံ ရေးဆိုင်ရာ သီးသန့်ဆွေးနွေးပွဲတစ်ရပ်ပြုလုပ် ခဲ့ကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင် ပြုလုပ်လျက်ရှိသော (၃၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများကို တက်ရောက်နေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အလွတ်သဘောလာရောက်သော အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်တို့၏ နှစ်နိုင်ငံကြားဆက်ဆံရေး ဆိုင်ရာ သီးသန့်တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို အာဆီယံအစည်းအဝေးများကျင်းပရာ  Suntec City Convention And Exhibition Centre နှင့် အနီးဝန်းကျင်တွင်ရှိသော အမေရိကန်ဒုတိယသမ္မတ တည်းခိုသည့် Ritz Carlton  ဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။    

ယင်းတွေ့ဆုံပွဲတွင် အမေရိကန် ဒုတိယသမ္မတနှင့်အတူလိုက်ပါလာသော အမေရိကန်အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးအချို့နှင့် မြန်မာဘက်မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်လည်း တက် ရောက်ခဲ့ကြောင်း သိရသည်။

၁၅ မိနစ်ခန့်သာကြာမြင့်သော မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွက် သီးသန့်တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံကြား  စီးပွားရေး၊ လူ့အခွင့်အရေးနှင့်ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် အမေရိကန်က မြန်မာအပေါ် အားပေးကူညီမှုများနှင့်ပတ်သက်၍ အမေရိကန်ဒုတိယသမ္မတက ပြောကြားမှုများရှိခဲ့ကြောင်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ဆွေးနွေးပြောဆိုမှုများရှိခဲ့ကြောင်း အမေရိကန်ဒုတိယသမ္မတ၏ စင်ကာပူခရီးစဉ်အတွင်း လိုက်ပါလာကြသော အမေရိကန်ဂျာနယ်လစ်များ၏ပြောကြားမှုအရ သိရသည်။ ထို့ပြင် ရခိုင်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ဖိအားများနှင့် ရင်ဆိုင်နေရသည့်အခြေအနေ များအပေါ်လည်း အမေရိကန်ဘက်က ပြောကြားမှုရှိခဲ့ကြောင်း သတင်းထောက်များ၏မေးမြန်းမှုအပေါ် အမေရိကန်ဘက်မှ ဖြေကြားချက်အချို့အရ သိရသည်။

အထူးသဖြင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် အရေးယူခံထားရသော ရိုက်တာ သတင်းထောက်နှစ်ဦးကို လွတ်ငြိမ်းချမ်းခွင့်ပေးရေးနှင့် ပတ်သက်၍ အမေရိကန်ဘက်မှ တိုက်တွန်းတောင်းဆိုမှု များလည်း ရှိခဲ့ကြောင်း အမေရိကန် သတင်းအေဂျင်စီအချို့ထံမှ ကိုးကားချက်အရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတတို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိစ္စနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ၊ သတင်းလွတ်လပ်ခွင့် ရရှိရေးကိစ္စနှင့် အမေရိကန်ပြည်ထောင်စု၏ အင်ဒို-ပစိဖိတ် မူဝါဒနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က မကြာသေးမီက မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် သဘောတူညီခဲ့မှုနှင့်အညီ ၂၀၁၈ ခုနှစ် နိုဝင်ဘာလလယ်တွင် စတင်ရန်ရှိသည့် စိစစ်ပြီးဖြစ်သော ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံမှ ပြင်ဆင်ထားရှိသည့် လုပ်ငန်းစဉ်များအပါအဝင် ရခိုင်ပြည်နယ်၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ များကိုလည်း အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတအား ရှင်းလင်းပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုရရှိရေးအတွက် အမေရိကန် ပြည်ထောင်စုမှ ဆက်လက်ကူညီပ့ံပိုးမှုများ ပေးအပ်သွားမည့်ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကြိုးပမ်းအားထုတ်မှုများအား အမေရိ ကန်အနေဖြင့် ပါဝင်ကူညီ ပူးပေါင်းဆောင်ရွက်ပေးနိုင်သည့်နည်းလမ်းများကိုဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာတွင် ကျင်းပခဲ့သော ပြီးခဲ့သည့် (၃၂) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်တက်ရောက်ခဲ့သော်လည်း ယခုကျင်းပ လျက်ရှိသော (၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင်မူ ဒုတိယသမ္မတ မိုက်ပန့်စ်သာ လာရောက်ခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK