Top News

ချမ်းမြသာစည်မြို့နယ်တွင် လမ်းဘေးကျူးကျော် ဆောက်လုပ်ထားသည့် နေအိမ် ၁၁၇ လုံးကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အထွေထွေ အုပ်ချုပ်ရေးက နှစ်ရက်ဆက်တိုက် အင်အားသုံး ဖယ်ရှား
24htopnews | December 7, 2024 12:12 PM CST

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့ သစ်အမှတ် (၅) ရပ်ကွက် ၇၄ လမ်းနှင့် ၇၅ လမ်းကြား၊ ပြင်ဦးလွင် သံလမ်းနံဘေးရှိ ကျူးကျော်နေအိမ် ၁၁၇ လုံးကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့က နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် အင်အားသုံး ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် မြို့သစ်အမှတ် (၅) ရပ်ကွက် မန္တလေး-ပြင်ဦးလွင်သွား သံလမ်းနံဘေးရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင်မြေပေါ်တွင် ကျူးကျော် ဆောက်လုပ်ထားသည်ဟုဆိုသည့် နေအိမ် ၁၁၇ လုံးခန့်ကို မန္တလေးစည်ပင်သာယာ ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာမှ ဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်ဆက်တိုက် အင်အားသုံး ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်အလုံး ၁၀၀ ကျော် ကျူးကျော် ဆောက်လုပ်ထားသည်ဆိုသည့်  မြေနေရာမှာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ကုမ္ပဏီတစ်ခုသို့ မြေဂရန်ချထားပေးထားသည့် နေရာဖြစ်သည် ဟုသိရပြီး ယင်းနေရာမှ ဖယ်ရှားထွက်ခွာပေးရန် နိုဝင်ဘာ ၃ ရက်နှင့် ၉ ရက်က အကြောင်းကြားစာ နှစ်ကြိမ် ပေးပို့ထားပြီးဖြစ်သည်။

ယင်းသို့ ဖယ်ရှားထွက်ခွာပေးရန် အကြောင်းကြားစာ ပေးပို့ရာတွင် နိုဝင်ဘာ ၃ ရက် ရက်စွဲနှင့်ပေးပို့ချိန်က ကုမ္ပဏီ နာမည်ပေါက်ဖြင့်ဖြစ်ပြီး ဒုတိယအကြိမ် ပေးပို့ချိန်တွင်မူ စည်ပင်သာယာရေး ကော်မတီမှ ဖြစ်နေ၍ ကွဲလွဲမှုရှိနေကြောင်း အဆိုပါနေရာ၌ နေထိုင်သူများ၏ အဆိုအရ သိရသည်။

ဒီနေရာကိုစည်ပင်သာယာက ကုမ္ပဏီ တစ်ခုကို ဂရန် ချထားပေးထားတယ်လို့ သိရတယ်။ အဲဒါဆိုရင် အခုလိုလာဖျက်သိမ်းတာ စည်ပင်ဌာနနဲ့ ရဲဌာနက ဦးဆောင်ပြီးလာတာ မဖြစ်သင့်ဘူး။ ကုမ္ပဏီက လာဖျက်ရမှာ။ အခုတော့ ရဲဌာနနဲ့ စည်ပင်ကကုမ္ပဏီ လခ စားလား။ အခုဖြစ်နေတဲ့ပြဿနာက ကျူးကျော်တဲ့ပြဿနာမဟုတ်ဘူး။ မူလ လက်ငုပ် ခြံပိုင်ရှင်တွေနဲ့ ဂရန်ပေါက်ရရှိထားတဲ့ ကုမ္ပဏီတို့ကြားမှာ ဖြစ်နေတဲ့ပြဿနာ။ ဒါ ကိုလည်း ကျွန်တော်တို့မြေယာမှုခင်းတွေ ဖွင့်ထားပြီး သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြထားဆဲပါ။ ဒီမြေယာအငြင်းပွားမှုပြဿနာ နဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင်ဘက်ကလည်း တိုင်းဒေသ ကြီးအစိုးရဘက်ကို ပြန်လည်တင်ပြပေးဖို့ အတွက် ပြောကြားထားပြီးသားဖြစ်တယ်။ ဒီလို မြေယာ အမှုတွဲတွေနဲ့ အထောက်အထားတွေ အပြည့်အစုံနဲ့ရှိနေတာကို ကျူးကျော်ဆိုပြီး ဘာကြောင့်လာဖျက်နေရတာလဲ။ ကျူး ကျော်တယ်ဆိုရင် ဟိုတုန်းကတည်းက ဖျက်ရမှာလေ ဟု အဆိုပါနေရာတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။           


READ NEXT
Cancel OK