ဘင်္ဂါလီများ မြန်မာနိုင်ငံအတွင်း ပြန်လည်လက်ခံ နေရာချထားရေးကို အရေးကြီးသော အကြောင်းအရာအဖြစ် ဆွေးနွေးမှုပါဝင်မည့် (၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို စင်ကာပူနိုင်ငံ Suntec City Convention And Exhibition Center တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲ အခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၅ နာရီ မိနစ် ၃၀ ခန့်တွင် စတင်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အာဆီယံဒေတွင်း နိုင်ငံများမှာ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားကို အာဆီယံ ဂုဏ်ပြုသီချင်းဖြင့် စတင် ဖွင့်လှစ်ခဲ့ပြီး စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း က အာဆီယံ ထိပ်သီးအစည်းအဝေးဖွင့်ပွဲ မိန့်ခွန်းပြောကြားခဲ့သည်။
“အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေက လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ နိုင်ငံများအကြား လက်ရှိအနေနဲ့ စည်းကမ်းတကျ အသုံးပြုနေတဲ့ နိုင်ငံများအကြား လွတ်လပ်ပွင့်လင်းမျှတစွာ ဆက်ဆံဖို့က အာဆီယံ ဒေသတွင်းဖွံ့ဖြိုးမှုရဲ့ အခြေခံအရင်းအမြစ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီစနစ်နဲ့ ပတ်သက်ရင် ဖိအားတွေ ရှိနေပါတယ်။ နိုင်ငံတော်တော်များများ အထူးသဖြင့် အင်အားကြီးနိုင်ငံများက တစ်နိုင်ငံ မဟုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကိုပဲ ရွေးချယ် ကျင့်သုံးလာပြီး နိုင်ငံအများအပြားနဲ့ လွတ်လပ် ပွင့်လင်းမျှတစွာ ဆက်ဆံဖို့ ငြင်းပယ်လာတာကိုလည်း တွေ့နေရပါတယ်။ လက်ရှိအနေနဲ့ ကမ္ဘာ့နိုင်ငံများအကြား ဆက်ဆံရေးက မူဘောင်အသစ်တွေ ချမှတ်ပြီး ဆက်လက် ဆက်ဆံတဲ့ပုံသဏ္ဌာန် ပြောင်းလဲသွားမလား။ ဒါမှမဟုတ် ပြိုင်ဘက်အုပ်စုတွေအဖြစ်နဲ့ ရှိသွားမလား ဆိုတာကတော့ ပြောရခက်နေပါတယ်။ အင်အားကြီးနိုင်ငံတွေက သူတို့အချင်းချင်း ပြိုင်ဆိုင်မှုများနဲ့ နိုင်ငံအများအပြားက လွတ်လပ် ပွင့်လင်းမျှတတဲ့ ဆက်ဆံရေးစနစ်ကို ဆန့်ကျင်လာတဲ့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း မတူညီတဲ့ ဦးတည်ရာ လမ်းကြောင်းတွေအပေါ် ဆွဲခေါ်မှုတွေ ရှိနေပါတယ်”ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ၎င်း၏ ဖွင့်ပွဲမိန့်ခွန်းတွင် ဒေသတွင်းနိုင်ငံများအကြား ဆက်ဆံရေး၊ အနာဂတ်တွင် ဖြစ်လာနိုင်သည့် အခြေအနေဖြင့် ဒေသတွင်း ခြိမ်းခြောက်ခံနေရသော အကြောင်းအရာအချို့အပေါ် ခြုံငုံပြောကြားခဲ့သည်။
သို့သော်လည်း အာဆီယံအနေဖြင့် တကွဲတပြား မဖြစ်ဘဲ ဆက်လက်စုစည်း ပူးပေါင်းနိုင်ကာ တစ်စိတ်တစ်ဝမ်းတည်း နေခဲ့ခြင်းကြောင့် ဒေသတွင်း ပြင်ပနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း လီရှန်လွန်းက ပြောကြားခဲ့သည်။ ထို့ပြင် အာဆီယံ ဒေသတွင်းနိုင်ငံများသာမက အဓိကကျသော အာဆီယံ မိတ်ဖက်သုံးနိုင်ငံ ဖြစ်သည့် တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများကိုလည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဆက်ဆံရေး ပိုမိုအဆင်ပြေစေခဲ့ပြီး အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများတွင်လည်း ၎င်းနိုင်ငံများနှင့် ပိုမို ကောင်းမွန်သော ပူးပေါင်းမှုများ ဖြစ်လာစေရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒေသတွင်း အကြမ်းဖက်အန္တရာယ်နှင့် ပတ်သက်၍လည်း လီရှန်လွန်းက ထည့်သွင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအရေးနှင့် ပတ်သက်လျှင် ဘင်္ဂါလီများ ပြန်လည်လက်ခံ နေရာချထားရေး ကိစ္စရပ်မှာ အရေးကြီးသည့် ဆွေးနွေးမှု ဖြစ်လာနိုင်သည်ဟု စင်ကာပူ၊ မလေးရှား နှင့် ဒေသတွင်း မီဒီယာများအကြားတွင် သုံးသပ်ဖော်ပြမှုများလည်း ရှိနေသည်။
အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ နိုဝင်ဘာ ၅ ရက်က စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဗီဗီယန်ဘာလာ ခရစ်ရှ်နန် နေပြည်တော်သို့ လာရောက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် မြန်မာအစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံမှ ပြင်ဆင်ထားရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စင်ကာပူအနေဖြင့် လည်းကောင်း၊ အာဆီယံအဖွဲ့အနေဖြင့် လည်းကောင်း ပါဝင် ပူးပေါင်း ဆောင်ရွက်ပေးနိုင်မည့် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြသည်။ မြန်မာနှင့် ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံအကြား သဘောတူညီချက်များအရ နိုဝင်ဘာ ၁၅ ရက်မှစ၍ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားကြသော ဘင်္ဂါလီ ၂၀၀၀ ကျော်ခန့်အား ပထမအသုတ် အနေဖြင့် ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်ရှိနေပြီ ဖြစ်သော်လည်း ယင်းပြန်လည်လက်ခံရေး အစီအစဉ်တွင် ပါဝင်နေသော ဘင်္ဂါလီများမှာ ၎င်းတို့ စွန့်ခွာခဲ့နေရာသို့ ပြန်လည်အခြေချရန်အတွက်ကိုမူ ငြင်းဆိုခြင်းများလည်း ရှိနေကြောင်းနှင့် အကယ်၍ လက်မခံပါက အတင်းအကျပ် နေရပ်သို့ ပြန်လည်စေလွှတ်ရန် မရှိကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများကလည်း ပြောကြားထားပြန်သည်။
ထို့ပြင် ကုလအနေဖြင့်လည်း လက်ရှိအချိန်တွင် ထွက်ပြေးတိမ်းရှောင်နေကြရသော ဘင်္ဂါလီများကို မြန်မာဘက်မှ ပြန်လည် လက်ခံရန် အဆင်သင့် ဖြစ်နေသည့် အခြေအနေမရှိသေးကြောင်း ပြောဆိုမှုများ ရှိနေသည်။ အာဆီယံ ဥက္ကဋ္ဌတာဝန် ယူထားသည့် စင်ကာပူအနေဖြင့်မူ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ အာဆီယံက ကူညီဆောင်ရွက်ပေးရန် အဆင့်သင့်ရှိနေကြောင်းနှင့် ထိပ်သီး အစည်းအဝေးများတွင် ထည့်သွင်း ဆွေးနွေးသွားမည်ဟုလည်း စုံစမ်းသိရှိရသည်။
အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို နိုဝင်ဘာ ၁၁ ရက်မှ စတင်ကျင်းပနေခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် နိုင်ငံခေါင်းဆောင်များ၏ အဓိက ဆွေးနွေးမှုနှင့် ကတိကဝတ်များ ပါဝင်လာမည် ဖြစ်သည်။ စင်ကာပူတွင် ကျင်းပနေသော အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့လည်း တက်ရောက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၁၄ ရက်တွင် (၂၁) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၊ အကြိမ် (၂၀) မြောက် အာဆီယံ-တောင်ကိုရီးယား ထိပ်သီးအစည်းအဝေး၊ သုံးကြိမ်မြောက် အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီး အစည်းအဝေးများ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နိုဝင်ဘာ ၁၅ ရက်တွင် (၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ အောင်မြင်စွာ ပြီးမြောက်ခဲ့ခြင်းနှင့် လာမည့် ၂၀၁၉ နှစ်အတွက် အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည် ဖြစ်သော ထိုင်းနိုင်ငံအား အာဆီယံဥက္ကဋ္ဌရာထူး လွှဲပြောင်းခြင်း အထိမ်းအမှတ်ပွဲနှင့်အတူ ခြောက်ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ တရုတ်-တောင်ကိုရီးယား-ဂျပန် (Asean Plus Three)၊ (၁၃) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
