Top News

အငြင်းပွားမှု ဖြစ်ပွားနေသော Great Well ဖိနပ်စက်ရုံကိစ္စ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး
24htopnews | December 7, 2024 1:12 PM CST

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်ရှိ အငြင်းပွားမှု ဖြစ်ပွားနေသော Great Well  ဖိနပ်စက်ရုံကိစ္စနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

Great Well ဖိနပ်စက်ရုံရှိ ဆန္ဒပြအလုပ်သမား ၇၆ ဦးသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခွင့်ရရှိရန် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့သို့ သွားရောက်ခဲ့သည်။ 

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယင်းအလုပ်သမားများအနက် အလုပ်သမား ကိုယ်စားလှယ်များကို ခေါ်ယူတွေ့ဆုံ၍ ၎င်းတို့၏ ပြဿနာအား ဖြေရှင်းပေးမည်ဟု ပြောကြားခဲ့သည်။

“ရန်ကုန်မြို့တော်ဝန်နဲ့ တွေ့တော့ သူက ညနေ ၃ နာရီမှာ လုပ်ငန်းရှင်မှာခေါ်ပြီး ရှင်းမယ်။ ရှင်းတဲ့အချိန်မှာ ဒီအလုပ်သမားတွေကို သပိတ်မှာ ပြန်စောင့်စေချင်တယ်။ မနက်ဖြန် သူတို့လာခဲ့မယ်လို့ ပြောတယ်။ မြို့တော်ဝန်ဆီက နှုတ်ကတိ ရလာပြီပေါ့”ဟု Great Well ဖိနပ်စက်ရုံရှိ ဆန္ဒပြအလုပ်သမား ကိုဇော်မင်းသိန်းက ပြောကြားသည်။

ယင်းသို့ ရန်ကုန်မြို့တော်ဝန်က ကတိပေးခဲ့သော်လည်း Great Well ဖိနပ်စက်ရုံ ဆန္ဒပြအလုပ်သမားများက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခွင့်ရရှိရန် တိုင်းအစိုးရအဖွဲ့ရုံး၌ ဆက်လက် စောင့်ဆိုင်းနေကြပြီး ညနေ ၅ နာရီခန့်တွင် တွေ့ဆုံခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

Great Well ဖိနပ်စက်ရုံသည် ကုန်ချောဌာနရှိ အလုပ်သမား ၇၆ ဦးအား စက်ရုံက အလုပ်မပေးနိုင်တော့သည့်အတွက် အခြားဌာနများသို့ ပြောင်းရွှေ့ လုပ်ကိုင်စေခဲ့ကြောင်း သိရသည်။ ယင်းသို့ လုပ်ကိုင်စေရာတွင် မူလရာထူး လစာအတိုင်း မဟုတ်ဘဲ အောက်ခြေဝန်ထမ်းအဖြစ် စေခိုင်းခြင်းကြောင့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြစ်ပွားပြီးနောက် စက်ရုံဘက်က ယင်းစက်ရုံရှိ အလုပ်သမား ၇၆ ဦးအား စက်ရုံထဲသို့ ဝင်ခွင့် မပေးတော့ပေ။ အဆိုပါ အလုပ်သမားများသည် အောက်တိုဘာ ၁ ရက်မှ စတင်ကာ စက်ရုံရှေ့၌ ဆန္ဒထုတ်ဖော်နေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြေလည်မှု မရသေးပေ။ 

ယင်းအလုပ်သမားများ၏ ပြဿနာအား တိုင်းအလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်က  ဖြေရှင်းပေးမည်ဟု ကတိပေး ပြောကြားခဲ့သော်လည်း လက်ရှိအချိန်ထိ အဆင်ပြေခြင်း မရှိခဲ့ကြောင်း သိရသည်။                                      

 


READ NEXT
Cancel OK