Top News

အာဆီယံ ဒေသတွင်း နိုင်ငံ့ခေါင်းဆောင်များ၏ အာဆီယံ ထိပ်သီး အစည်းအဝေးအတွက် ရဲတပ်ဖွဲ့ဝင် ၅၀၀၀ ကျော် အပါအဝင် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများနှင့် ပူးပေါင်း၍ စင်ကာပူက လုံခြုံရေးအစီအမံ တင်းကျပ်ထား
24htopnews | December 7, 2024 1:12 PM CST

အာဆီယံဒေသတွင်း နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်နေသည့် (၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများအတွက် စင်ကာပူ ရဲတပ်ဖွဲ့ဝင်  ၅၀၀၀ ကျော် အပါအဝင် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများနှင့်ပါ ပူးပေါင်း အင်အားဖြည့်တင်း၍ လုံခြုံရေးအစီအမံများ အထူးတင်းကျပ်ထားကြောင်း သိရသည်။

နိုင်ငံ့ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်မည့် အစည်းအဝေးပွဲများ ကျင်းပနေသော Suntec City Convention And Exhibition Center ၏ အနီးဝန်းကျင် တစ်ဝိုက်တွင် လုံခြုံရေးနယ်မြေဟု သတ်မှတ်ထားပြီး လူစည်ကားသော MRT Station များ အပါအဝင် တစ်နိုင်ငံလုံးတွင်လည်း လုံခြုံရေး ဆောင်ရွက်မှုများ တိုးမြှင့်ထားကြောင်း သိရသည်။

ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးများ ကျင်းပနေသော နေရာသည် မြို့လယ်ကောင် အလည်တည့်တည့်တွင် တည်ရှိနေသောကြောင့် လူသွားလူလာနှင့် မော်တော်ယာဉ် ဖြတ်သန်းမှု ထူထပ်သော နေရာဖြစ်နေပြီး လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အခြေအနေပေါ် မူတည်၍ လမ်းမများကိုလည်း ပိတ်ဆို့မည် ဖြစ်ကြောင်း၊ အစည်းအဝေး ကျင်းပနေသည့်နေရာမှာ ပင်လယ်နှင့် နီးစပ်သော နေရာဖြစ်သောကြောင့် ရေကြောင်းလုံခြုံရေးများ တိုးချဲ့ ဆောင်ရွက်ထားသည်ကို တွေ့ရှိခဲ့ရပြီး ဒရုန်း (Drone) နှင့် အခြား ပျံသန်းရိုက်ကူးရေး ကိရိယာများ ပျံသန်းခွင့်ကိုလည်း တင်းကျပ်စွာ တားမြစ်ထားကြောင်း သိရသည်။

ထိပ်သီး အစည်းအဝေး ကျင်းပသောနေရာများ တစ်လျှောက်တွင် လုံခြုံရေး ဆောင်ရွက်နေသူများ၏ အကြီးအကဲဖြစ်သူ ဒုလက်ထောက် ရဲမှူးကြီးတစ်ဦးက “လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို နေရာချထားတာတွေက တက်ရောက်မယ့် ဧည့်သည်တွေ ဘယ်နေရာမှာ တွေ့မယ်ဆိုတာ မူတည်ပြီး မတူညီကြပါဘူး။ အထူးသဖြင့် မြို့လယ်ကောင် တည့်တည့်နားမှာ လုပ်ရတဲ့အတွက်ကြောင့် ပြည်သူပြည်သားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့ စီးပွားရေး လုပ်ငန်းတွေကို အတတ်နိုင်ဆုံး အနှောင့်အယှက် မရှိအောင် စီစဉ်ပြီး လုံခြုံရေးကိုလည်း အဆင့်အတန်းမြင့်အောင် ကြိုးစားထားရပါတယ်” ဟု မီဒီယာများအား လုံခြုံရေးနှင့် ပတ်သက်၍ ပြောကြားထားခဲ့သည်။

X-ray စက်များ၊ လူတစ်ဦး၏ မျက်နှာပြင်ကို ဆန်းစစ်နိုင်သော ကိရိယာများနှင့် အခြားနည်းပညာ မြင့်မားသော လုံခြုံရေး ဆောင်ရွက်မှုများက မီးလောင်လွယ်သော အရည်များ၊ ပေါက်ကွဲမှု အန္တရာယ်ရှိနိုင်သော ပစ္စည်းများ၊ အသံကျယ်လောင်စွာ ထွက်ပေါ်လာနိုင်သော ကိရိယာများနှင့် တခြားအထူး တားမြစ်ထားသော ပစ္စည်းများအား လုံခြုံရေးဂိတ်များတွင် တင်းကျပ်စွာ စစ်ဆေးမှုများလည်း လုပ်ဆောင်လျက် ရှိသည်။

Suntec City Convention And Exhibition Center စီမံခန့်ခွဲရေး အကြီးတန်း ညွှန်ကြားရေးမှူးတစ်ဦးက စင်ကာပူဝန်ကြီးဌာန အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပုဂ္ဂလိက လုံခြုံရေးအဖွဲ့များ၊ အခြားသက်ဆိုင်သော အဖွဲ့များနှင့်အတူ အကြိမ်ပေါင်းများစွာ ဆွေးနွေးစီစဉ်မှုများ ပြုလုပ်ခဲ့ပြီး အစည်းအဝေး ကျင်းပသော ကာလအတွင်း အခက်အခဲ တတ်နိုင်သမျှ မရှိနိုင်ရန် စီစဉ်ထားကြောင်း အာမခံခဲ့သည်။

စင်ကာပူအစိုးရ အနေဖြင့် ပြည်သူပြည်သားများအား (၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပနေသော ကာလအတွင်း ရဲတပ်ဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရန်နှင့် တားမြစ်ထားသော စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်သောလူများ အနေဖြင့် ထောင်ဒဏ် တစ်နှစ် ကျခံရနိုင်ပြီး စင်ကာပူဒေါ်လာ ၂၀၀၀၀ အထိ ငွေဒဏ် ပေးဆောင်ရမည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

 


READ NEXT
Cancel OK