Top News

Asean Cup အုပ်စု (B) ၏ စောင့်ကြည့်ရမည့် ကစားသမားစာရင်းတွင် မြန်မာအသင်းခေါင်းဆောင်မောင်မောင်လွင်နှင့် လူငယ်စာရင်းတွင် ဇော်ဝင်းသိန်း ပါဝင်နေ
24htopnews | December 7, 2024 4:12 PM CST

 

၂၀၂၄ Asean Cup ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများမှ အုပ်စုအလိုက် စောင့်ကြည့်ရမည့် ကစားသမား စာရင်းနှင့် တောက်ပလာနိုင်သည့် လူငယ်ကစားသမားစာရင်းကို အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က ထုတ်ပြန်ခဲ့ရာ မြန်မာအသင်းမှ အသင်းခေါင်းဆောင် မောင်မောင်လွင်နှင့် ဇော်ဝင်းသိန်းတို့ ပါဝင်လာကြောင်း သိရသည်။

AFF သည် ပြိုင်ပွဲဝင် ၁၀ သင်းမှ စောင့်ကြည့်ရမည့်ကစားသမားနှင့် လူငယ်ကစားသမားတစ်ဦးချင်းစီကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အုပ်စု (B) ၏ စောင့်ကြည့်ရမည့် ကစားသမားစာရင်းတွင် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်နှင့်အတူ အင်ဒိုနီးရှားအသင်းမှ မာဆီလီနို၊ ဗီယက်နမ် အသင်းမှ ငုယင်ကွမ်ဟိုင်၊ ဖိလစ်ပိုင်အသင်းမှ တာဘီနက်စ်၊ လာအိုအသင်းမှ ဘွန်ဖာချန်ဘွန်ကောင်တို့ ပါဝင်လာသည်။ 

မောင်မောင်လွင်သည် Asean Cup ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်တွင် စတင်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ငါးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ မောင်မောင်လွင် သည် ၂၀၂၁ ခုနှစ်မှစတင်ကာ မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်လာပြီး ထိုင်း လိဂ်-၁ ကလပ် လမ်ဖွန်ဝါရီယာအသင်းက ယခုပြိုင်ပွဲအတွက် ပြန်လည်စေလွှတ်ပေးလိုက်သဖြင့် ပါဝင်ကစားခွင့်ရမည်ဖြစ်သည်။

လူငယ်ကစားသမားစာရင်းတွင် မြန်မာအသင်း ကွင်းလယ်ကစားသမား ဇော်ဝင်းသိန်းနှင့်အတူ ဗီယက်နမ်အသင်းမှ ငုယင်ဒင်ဘာ၊ အင်ဒိုနီးရှားအသင်းမှ ရိုနယ်ဒို၊ ဖိလစ်ပိုင် အသင်းမှ အဲလက်စ်မိုနစ်၊ လာအိုအသင်းမှ သောင်ခမ်ဆာဗက်သ်တို့ ပါဝင်လာသည်။ ဇော်ဝင်းသိန်းသည် ယခုနောက်ပိုင်းနှစ်များတွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံလာရသူဖြစ်ပြီး အပြီးသတ်စာရင်း၌ ပါဝင်ပါက Asean Cup ပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ဇော်ဝင်း သိန်းသည် ပွဲထွက်ခွင့်ရရန် စီနီယာကစား သမားအချို့နှင့် အပြိုင်နေရာလုရဖွယ်ရှိပြီး မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းအနေဖြင့် ပဏာမလူစာရင်းတွင် လူငယ်နှင့် မျက်နှာသစ်ကစားသမားအချို့ ထည့်သွင်းရွေးချယ်ထားသည်။

Asean Cup 2024 ပြိုင်ပွဲ၏ အုပ်စု (A) တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တီမော၊ အုပ်စု (B) တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာနှင့် လာအို အသင်းတို့ ပါဝင်နေသည်။ ပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ ကျင်းပမည် ဖြစ်သည်။


READ NEXT
Cancel OK