Top News

မန္တလေးတိုင်းဒေသကြီးတွင် ပုသိမ်ကြီးမြို့နယ်တွင် ကျပ် ၉ ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၁ သိန်းနှင့် ဘိန်းဖြူ ၄၄ဝ ဂရမ် ဖမ်းဆီးရမိ
24htopnews | December 7, 2024 6:12 PM CST

မန္တလေးတိုင်းဒေသကြီးတွင် ပုသိမ်ကြီးမြို့နယ်တွင် ကျပ် ၉ ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၁ သိန်းနှင့် ဘိန်းဖြူ ၄၄ဝ ဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၂ ရက် နံနက် ၆ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၀၁ လမ်းနှင့် မြို့ပတ်လမ်းထောင့်တွင် ကျော်သူလွင်(ခ)မွန်ချေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်း အရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ပြား စတင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ၎င်းငှားရမ်းနေထိုင်သည့် ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာ(၁)ရပ်ကွက်ရှိ နေအိမ်၌ သိုဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၀ ဒသမ ၄ သိန်း အား လည်းကောင်း၊ မန္တလေးမြို့ ၊ ၃၅ လမ်းနှင့် ၅၄လမ်းထောင့်ရှိ ဟိုတယ်အခန်းတွင် ရောင်းချရန်အသင့်ထားရှိသည့် ဘိန်းဖြူ ၄၄၀ ဂရမ် အား လည်းကောင်း အသီးသီးဆက်လက်သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ကျပ် ၉ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၆၁ သိန်းနှင့် ဘိန်းဖြူ ၄၄၀ ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့မွန်းလွဲ ၁ နာရီအချိန် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ အောင်ခိုင်မင်း(ခ)ဖိုးလုံး အား CRV မော်တော်ယာဉ် တစ်စီးနှင့်အတူ မန္တလေးမြို့ ၊ ၅၁ လမ်း၊ ၁၂၃ x ၁၂၄ လမ်းကြား၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် ကျော်သူလွင်(ခ)မွန်ချေးနှင့် အောင်ခိုင်မင်း(ခ)ဖိုးလုံး တို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK