Top News

လီဗာပူးလ်အသင်းမှ ကလော့ပ် ထွက်ခွာမည်မဟုတ်ဟု အေးဂျင့်ဖြစ်သူ အတည်ပြု
24htopnews | December 8, 2024 2:12 AM CST

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်၏ အေးဂျင့်ဖြစ်သူ မက်ကိုဆစ်ကီက ကလော့ပ်အနေဖြင့် အသင်းမှထွက်ခွာမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုများ ဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။ 

သို့သော် လီဗာပူးလ်အနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရပြီး ပွဲစဉ် (၂၉)အပြီးတွင် ရမှတ် (၄၆)မှတ်ဖြင့် အဆင့် (၆)နေရာ၌ ရပ်တည်နေပြီး အဆင့် (၄)နေရာမှ ချယ်လ်ဆီးအသင်း (၅၁ မှတ်)နှင့် (၅)မှတ်အထိ ကွာဟနေသည်။ 

ထို့ကြောင့် လီဗာပူးလ်အနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ပါက ကလော့ပ်အနေဖြင့် အသင်းမှထွက်ခွာရဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိနေသလို၊ ကလော့ပ်အနေဖြင့် ယူရို-၂၀၂၀ ပြိုင်ပွဲအပြီး ရာထူးမှထွက်ခွာမည့် ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ယော်ကင်လိုး၏နေရာကို ဆက်ခံဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ 

သို့သော် ကလော့ပ်၏အေးဂျင့်ဖြစ်သူ မက်ကိုဆစ်ကီက ကလော့ပ်အနေဖြင့် ယခုနွေရာသီတွင် အသင်းမှထွက်ခွာမည်မဟုတ်ကြောင်းနှင့် ကလော့ပ်အနေဖြင့် လီဗာပူးလ်အသင်းတွင် လုပ်စရာများ ရှိနေသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"လီဗာပူးလ်မှာ ကလော့ပ်အနေနဲ့ လုပ်စရာတွေ ရှိနေပါသေးတယ်။ အလုပ်တွေက မပြီးသေးပါဘူး။ လီဗာပူးလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ ယာဂန်(ကလော့ပ်)ရဲ့ စာချုပ်ဟာ (၃)နှစ်သက်တမ်း ကျန်ရှိနေသေးပြီး သူ့အနေနဲ့ အသင်းက ထွက်ခွာမှာ မဟုတ်ပါဘူး။ အဲဒီအကြောင်းကို သူကိုယ်တိုင်လည်း သေချာပြောပြီးပါပြီ။ ဒါကြောင့် ကလော့ပ်အနေနဲ့ လီဗာပူးလ်က ထွက်သွားမှာ မဟုတ်ပါဘူး"ဟု မက်ကိုဆစ်ကီက ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့သော်လည်း ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၉)အပြီးတွင် တစ်ပွဲကစားထားသည့် မန်စီးတီးအသင်း (၇၁ မှတ်)နှင့် (၂၅)မှတ်အထိ ကွာဟနေသည်။ 


READ NEXT
Cancel OK