Top News

လေ့လာစောင့်ကြည့်သည့်စနစ် (Monitoring System)
24htopnews | December 8, 2024 3:12 AM CST

စာရေးသူသည် ကုလသမဂ္ဂလက်အောက်ခံ ပရိုဂရမ်တစ်ခုကဦးစီးပြီး ပြည်တွင်း အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ ပါဝင်လျက် စားနပ်ရိက္ခာဖူလုံရေးနှင့် ပတ်သက်သည့် လေ့လာ စောင့်ကြည့်သည့်စနစ် ထူထောင်ခြင်း၊ စနစ်စတင်လည်ပတ်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိခဲ့ပါသည်။ စားနပ်ရိက္ခာဖူလုံရေးနှင့် ဆက်စပ် ပတ်သက်သော ဝန်ကြီးဌာနအချို့ရှိ

ဦးစီးဌာနများ၊ ဝန်ထမ်းများကိုလည်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပတ်သက်ပြီး လေ့လာခြင်း၊ ဆန်းစစ်ခြင်း၊ တိုင်းတာခြင်း၊ စားနပ်ရိက္ခာဖူလုံမှုရှိစေ ရန် အကောင်အထ ည်ဖော်ဆောင် ရွက်ခြင်းများနှင့် ပတ်သက်သည့် နည်းပညာရပ်များကို ဝေမျှရာတွင် လည်း ပါဝင်ခွင့်ရရှိခဲ့ပါသည်။ ယခု ဆောင်းပါးတွင်မူ စားနပ်ရိက္ခာဖူလုံရေးနှင့် ပတ်သက်သည့် လေ့လာစောင့်ကြည့်သည့်စနစ်အကြောင်း ကို အသေးစိတ်တင်ပြမည် မဟုတ်ပါ။

လေ့လာစောင့်ကြည့်သည့် စနစ်များ တည်ဆောက်ခြင်း၊ ထူထောင်ခြင်း၊ ပုံမှန်လည်ပတ်နေစေရန် ကြိုးပမ်းအားထုတ်ခြင်းများသည် ကမ္ဘာပေါ်ရှိ လူတို့၏အသက်များ၊ ပစ္စည်းဥစ္စာဓနများ သို့မဟုတ် တိုင်းပြည်နိုင်ငံအတွင်း နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများ၏ အသက်နှင့် စည်းစိမ်ဥစ္စာများကို တန်ဖိုးထားရှိပြီး ဆိုးရွားပြင်းထန်သည့် ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခြင်းမရှိနိုင်စေရန် ကြိုတင်ပြင်ဆင်ကာကွယ်စောင့်ရှောက်သည့် လုပ်ငန်းစဉ်များ ဖြစ်ကြပါသည်။

အထက်ဖော်ပြပါ စနစ်များ၊ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများကို စာရေးသူ သိတတ်သည့် အရွယ်မှစတင်၍ ယနေ့အချိန် အသက် ၆၁ နှစ် ကျော်လွန်သည် အထိတိုင်အောင် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံကို ဦးဆောင်ဦးရွက် ပြုခဲ့ကြသည့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူခဲ့ကြသူများ အနေဖြင့် စိတ်ပါဝင်စားပြီး စနစ်တကျတည်ဆောက်ရန် ကြိုးပမ်းအားထုတ်ခဲ့သည့် အခြေအနေကို တွေ့မြင်ခဲ့ရဖူးခြင်းမရှိပါ။

နိုင်ငံတကာ အဖွဲ့အစည်းများက စာရေးသူတို့၏ တိုင်းပြည်နိုင်ငံအတွက် ၎င်းတို့တွင် အပ်နှင်းထားရှိသည့် လုပ်ပိုင်ခွင့်အာဏာ (Mandate) အရ အကောင်အထည် ဖော်ဆောင်ရွက်သည့်  အခြေအနေများ၊ လုပ်ငန်းများအနေဖြင့်သာ တွေ့မြင်ခဲ့ရပါသည်။ နိုင်ငံတကာ အဖွဲ့အစည်းများတွင် အကြမ်းအားဖြင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ လူတို့၏အသက်များကိုကယ်တင်ခြင်းနှင့် လူတို့၏ဘဝများကို ဖွံ့ဖြိုးစေခြင်း စသည်ရည်ရွယ်ချက်များအရ ဖွဲ့စည်းတည်ဆောက်ထားရှိရာတွင် စာရေးသူအနေဖြင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့နှင့်ပတ်သက်သော လေ့လာစောင့်ကြည့်ခြင်းဆိုင်ရာ အကြောင်းအရာများ၊ သဘောတရားများ၊ လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်ခဲ့ဖူးခြင်း မရှိသကဲ့သို့ ရင်းနှီးကျွမ်းဝင်ခြင်းလည်း မရှိခဲ့ပါ။

လူတို့၏ အသက်များကို ကယ်တင်ခြင်းနှင့်ပတ်သက်သည့် အခြေအနေများကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ နည်းလမ်းများဖြင့် ချဉ်းကပ်လေ့ရှိပြီး ပါဝင်သည့် အကြောင်းအရာများကို အကြမ်းအားဖြင့် လေ့လာပါလျှင် သဘာဝကြောင့်ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များ၊ လူတို့ကြောင့် ဖြစ်ပေါ်စေသည့် ဘေးအန္တရာယ်များ၊ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစေရေးစသည့် အကြောင်း အရာများပါဝင်လျက်ရှိပြီး အဓိကအားဖြင့် ထိခိုက်ခံစားလွယ်ခြင်း (Vulnerability) အခြေအနေကို တိုင်းတာကြပါသည်။ တိုင်းတာသည့် အတိုင်းအတာများတွင် ငွေကြေးကို အခြေခံခြင်းမရှိပါ။

လူတို့၏ဘဝများကိုဖွံ့ဖြိုးစေ ခြင်းနှင့် ပတ်သက်သည့် အခြေအ နေများကို ဖွံ့ဖြိုးမှုအထောက်အကူ ပြုခြင်းဆိုင်ရာ နည်းလမ်းများဖြင့် ချဉ်းကပ်လေ့ရှိပြီး ပါဝင်သည့် အကြောင်းအရာများကို အကြမ်း အားဖြင့် လေ့လာပါလျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခြေ အနေစသည့် အကြောင်းအရာများ ပါဝင်လျက်ရှိပြီး အဓိကအားဖြင့် ဆင်းရဲနွမ်းပါးမှု (Poverty) အခြေအနေကို တိုင်းတာကြပါသည်။ တိုင်းတာသည့် အတိုင်းအတာအားလုံးသည် ငွေကြေးကို အခြေခံပြီး တိုင်းတာခြင်းများ ဖြစ်ကြပါသည်။

စာရေးသူ တွေ့မြင်ခဲ့ရသည့် တိုင်းပြည်နိုင်ငံကို ဦးဆောင်ဦးရွက် ပြုကြသူများ၊ တိုင်းပြည်နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူခဲ့ကြသူများသည် ဖော်ပြပါကဲ့သို့ လေ့လာစောင့်ကြည့်သည့်စနစ် (Monitoring System)  များ ထူထောင်ခြင်း၊ တည်ဆောက်ခြင်း၊ ရေရှည်တည်တံ့ ခိုင်မြဲနေစေရန် ကြိုးပမ်းအားထုတ်ခြင်း၊ အသုံးပြုခြင်းများကို စိတ်ပါဝင်စားသည့် အခြေအနေ၊ မဖြစ်မနေတည်ထောင်ရန် လိုအပ်သည်ဟူသော အသိအမြင်ရှိမှု အခြေအနေများကို တွေ့မြင်ရခြင်းမရှိပါ။

အနည်းဆုံး နိုင်ငံတကာအဖွဲ့အစည်းများက တည်ဆောက်ထားရှိသည့် လေ့လာစောင့်ကြည့်သည့်စနစ် (Monitoring System) များက ထုတ်ပြန်လျက်ရှိသည့် သတင်းအချက်အလက်များ၊ အကြောင်းအရာများကို သိမြင်နားလည်နိုင်စေရန် ကြိုးပမ်းအားထုတ် လေ့လာသော ဦးဆောင်ဦးရွက်ပြုလျက်ရှိသည့် လူပုဂ္ဂိုလ်၊ သက်ဆိုင်ရာတာဝန်ရှိသည့် လူပုဂ ္ဂိုလ်ကြီးများကိုပင် စာရေးသူအနေဖြင့် တွေ့မြင်ဖူးခြင်း မရှိပါ။

တိုင်းပြည်နိုင်ငံအတွင်း နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများ၏ အသက်နှင့် စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးခြင်းသည် တိုင်းပြည်နိုင်ငံတော်၏ အချုပ် အခြာအာဏာကို ရယူထားကြသူများနှင့် သက်ဆိုင်ခြင်းမရှိဟု ယူဆကြဟန်ရှိနေပါသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုစနစ် ပျက်စီးယိုယွင်းနေသည့် အခြေအနေ သွင်ပြင်လက္ခဏာရပ်များပင် ဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများ၏ အသက်များနှင့် စည်းစိမ်ဥစ္စာများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ပြည်သူပြည်သားများ ကိုယ်ကျန်းမာစိတ်ချမ်းသာစွာ စိတ်ချလက်ချ အသက်ရှင် နေထိုင်နိုင်စေရေးအလို့ငှာ လေ့လာစောင့်ကြည့်စနစ်များ (Monitoring System) ထူထောင် တည်ဆောက်ထားရှိရန်ဖြစ်ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းက ၎င်းတို့တွင် ပေးအပ်ထားရှိသည့် လုပ်ပိုင်ခွင့်အာဏာအရ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံအတွက် ထူထောင်တည်ဆောက်ထားရှိသည့် စောင့်ကြည့်လေ့လာသည့်စနစ်များက ထုတ်ပြန်ထားရှိသည့် သတင်းအချက်အလက်များဖြင့်သာ ကျေနပ်ရောင့်ရဲတင်းတိမ်မနေဘဲ ဥစ္စာရင်လို ဥစ္စာရင်ခဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကာ ရရှိနိုင်သမျှ ပြည်တွင်းပြည်ပ အရင်းအမြစ်များကို အမြင့်မားဆုံး ရယူအသုံးပြုပြီးလျှင် ထူထောင် တည်ဆောက်တပ်ဆင်လျက် အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များကို ထုတ်ပြန်ခြင်း၊ လူတို့၏ အသက်များကို ကယ်တင်ခြင်း၊ ပစ္စည်းဥစ္စာများကို မဆုံးရှုံးမပျက်စီးစေရန် ကာကွယ်စောင့်ရှောက်နိုင်စေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ လေ့လာစောင့် ကြည့်သည့်စနစ် (Monitoring System) များ ထူထောင်ခြင်း၊ တည်ဆောက်ခြင်း၊ ပုံမှန်လည်ပတ်နေစေရန် ကြိုးပမ်း အားထုတ်ခြင်းများ ပြုလုပ်ရာတွင် အတိုင်းအတာများအဖြစ် အသုံးပြုရသည့် စာရင်းအင်းပညာဆိုင်ရာ နည်းလမ်းများကို တင်ပြပါမည်။ အဆိုပါနည်းလမ်းများကို အသေးစိတ်တင်ပြပါက စာလေးသွားမည်ဖြစ်ပါသဖြင့် စာဖတ်သူများအတွက် အလွယ်တကူသိမြင် နားလည်နိုင်စေရန်အလို့ငှာ အမည်များနှင့် အကြောင်းအရာ အကျဉ်းကိုသာ တင်ပြပါမည်။

အချို့သောနည်းလမ်းများသည် စာရင်းအင်းပညာနည်းလမ်းများအဖြစ် တိုက်ရိုက် သတ်မှတ်ခေါ်ဆိုခြင်းမရှိပါသော်လည်း ခြေခြေမြစ်မြစ် လေ့လာကြည့်ပါက စာရင်းအင်းပညာနည်းလမ်းများတွင် အကျုံးဝင်လျက်ရှိနေပါသည်။

စာရေးသူအနေဖြင့် လေ့လာစောင့်ကြည့်သည့်စနစ် ထူထောင်တည်ဆောက်ရာတွင် အသုံးပြုရမည့်နည်းလမ်းများကို လွယ်ကူရှင်းလင်းစွာ သိမြင်နိုင်စေရန် အမျိုးအစားနှစ်မျိုးခွဲခြားကာ တင်ပြပါမည်။ ပထမတစ်မျိုးမှာ ကွင်းဆင်းရန် မလိုအပ်သည့် လေ့လာဆန်းစစ်ခြင်း နည်းလမ်းများဖြစ်ပြီး ဒုတိယတစ်မျိုးမှာ ကွင်းဆင်းလေ့လာ ကောက်ယူတိုင်းတာခြင်းများ ပြုလုပ်ရသည့် နည်းလမ်းများ ဖြစ်ကြပါသည်။

ကွင်းဆင်းကောက်ယူရန် မလိုအပ်သည့်နည်းလမ်းများအနေနှင့် တင်ပြရပါလျှင် အခြားသောလူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက ကောက်ယူ၊ စုဆောင်း၊ စုစည်း၊ တွက်ချက်၊ ရေးသား၊ ထုတ်ပြန်ထားရှိသည့် အခြေခံကိန်းဂဏန်းအချက်အလက်များ (Data)၊ အခြေခံစာရင်းအင်း ကိန်းဂဏန်းအချက်အချက်အလက်များ (Statistic) နှင့် သတင်းအချက်အလက်များ (Information) များကို လေ့လာဆန်းစစ်ခြင်း ဖြစ်ပါသည်။ ထို့ပြင် အဝေးအာရုံခံသတင်းအချက်အလက်များနှင့် ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်များတွင် အကျုံးဝင်သည့် (Remote Sensing (RS)), (Geographic Positioning System (GPS)), (Geographic Information System (GIS)) တို့ကို အသုံးပြုကာ ကောက်ယူ၊ စုဆောင်း၊ စုစည်း၊ တွက်ချက်၊ ရေးသား၊ ထုတ် ပြန်ထားရှိသည့် Data, Statistic and Information တို့ ဖြစ်ကြပါသည်။ အချို့သောနည်းလမ်းများမှာ ကွင်းဆင်း ကောက်ယူတိုင်းတာခြင်းများနှင့် တွဲဖက်အသုံးပြုရသည့် အခြေအနေများလည်း ရှိပါသည်။

ဤတွင် စာဖတ်သူများအတွက် သတိပြုစေလိုသည့်အချက် မှာ လေ့လာစောင့်ကြည့်သည့်စနစ် (Monitoring System) သဘောတရားများသည် လုံခြုံရေးအတွက် ပြစ်မှုဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးအတွက် ရောဂါများဖြစ်ပွားသည့်အခါများတွင် အသုံးပြုရသည့် စောင့်ကြပ်ခြင်း၊ စောင့်ကြည့်ခြင်းစနစ် (Surveillance System) နှင့် ထပ်တူ ထပ်မျှ တူညီခြင်းမရှိပါ။ သို့သော်လည်း (Closed Circuit Television (CCTV))များကို အသုံး ပြုရခြင်းများတွင်မူ တူညီနိုင်ပါသည်။

ကွင်းဆင်းလေ့လာ ကောက်ယူတိုင်းတာခြင်းများ ပြုလုပ်ရသည့် နည်းလမ်းများအား လုပ်ငန်းပမာဏ သေးငယ်သည့် အဆင့်မှ လုပ်ငန်းပမာဏ ကြီးမားသည့်အဆင့်အထိ ငယ်စဉ်ကြီးလိုက် တင်ပြရပါလျှင် (၁) ကြည့်မြင် အကဲခတ်လေ့လာခြင်း (Observation)၊ (၂) သုံးသပ်ဆန်းစစ် အကဲဖြတ်ခြင်း (Appraisal)၊ (၃) အကဲခတ် ချင့်ချိန်ဆုံးဖြတ်ခြင်း (Assessment)၊ (၄) စစ်တမ်းခေါ် လေ့လာဆန်းစစ် သုံးသပ်ခြင်း (Survey) တို့ဖြစ်ကြပါသည်။

ဒုတိယအနေဖြင့် အထက်တွင် ဖော်ပြခဲ့သည့် တိုင်းတာသည့်နည်းလမ်းများကို လေ့လာစောင့်ကြည့်သည့်စနစ် (Monitoring System) များ ထူထောင်တည်ဆောက်အသုံးပြုရာတွင် စာရေးသူ လက်လှမ်းမီ၊ သိမြင်နားလည်မှုများကို အခြေခံကာ တင်ပြပါမည်။ စာရေးသူနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော ငြိမ်းချမ်းရေး၊ လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်သည့် လေ့လာစောင့်ကြည့်စနစ်များကို တင်ပြခြင်းမပြုတော့ဘဲ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများတွင် အသုံးပြုသည့် အခြေအနေများနှင့် ဖွံ့ဖြိုးမှုအထောက်အကူပြုလုပ်ငန်းများတွင် အသုံးပြုကြသည့် အခြေအနေများတွင် လေ့လာစောင့်ကြည့်သည့်စနစ် (Monitoring System) အချို့ကို အခြေခံကာ တင်ပြပါမည်။

လူသားချင်းစာနာထောက် ထားမှုနှင့်ပတ်သက်သော လေ့လာစောင့်ကြည့်သည့် စနစ်များသည် အချိန်တိုကာလအတွင်း ရရှိနိုင် သည့် သတင်းအချက်အလက်များ (တစ်ခါတစ်ရံ ပြီးပြည့်စုံခြင်းမရှိ သည့် သတင်းအချက်အလက်များ) ကိုအခြေခံကာ လူတို့၏ အသက်များ ကို ကယ်တင်ရသည့်လုပ်ငန်းများ ဖြစ်ကြသဖြင့် အများအားဖြင့် ကွင်း ဆင်းကောက်ယူရန် အချိန်မပေးနိုင် သည့်အတွက် ကွင်းဆင်းကောက် ယူရန် မလိုအပ်သည့် နည်းလမ်းများ ကို တတ်နိုင်သမျှ ဦးစားပေး အသုံး ပြုပြီးလျှင် ကွင်းဆင်းကောက်ယူရန် လိုအပ်ပါကလည်း (Survey) စစ်တမ်းကြီးများကို အသုံးမပြုဘဲ Observation, Appraisal နှင့် Assessment ကဲ့သို့သော နည်းလမ်းများကိုသာ အသုံးပြုကြပါသည်။ ပုံတွင် ဂြိုဟ်တုဓာတ်ပုံများကို အသုံးပြုထားသည့် လေ့လာစောင့်ကြည့်စနစ်ကို တင်ပြထားပါသည်။

ဖွံ့ဖြိုးမှု အထောက်အကူပြု လုပ်ငန်းများနှင့် ပတ်သက်သည့် လေ့လာစောင့်ကြည့်ခြင်းလုပ်ငန်းများသည် အချိန်ကာလတာရှည်စွာ လေ့လာဆန်းစစ် သုံးသပ်ရေးသားထုတ်ပြန်ခြင်းများ ပြုလုပ်ခြင်းဖြစ်သဖြင့် Data, Statistic and Information တို့ကို အပြည့်စုံဆုံး အမှန်ကန်ဆုံးဖြစ်စေရန် ကြိုးပမ်းအား ထုတ်ကြရသည့် သဘောအခြေအနေဖြစ်ပါသည်။ ဥပမာအနေဖြင့် ပုံတွင် ဖော်ပြထားသော (The World Bank) က ထုတ်ပြန်ထားရှိသည့် (Myanmar Economic Monitor) စာစောင်ကို လေ့လာနိုင်ပါသည်။

တတိယအနေဖြင့် စာရေးသူ တို့၏ တိုင်းပြည်နိုင်ငံနှင့် ပတ်သက်ပြီး စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြလိုသည့်အချက်မှာ အထက်တွင် ဖော်ပြထားရှိသည့် လေ့လာစောင့်ကြည့်သည့်စနစ်  (Monitoring System) များကို ယနေ့တိုင်း ပြည်နိုင်ငံတွင် တည်ရှိနေသည့် အရင်းအမြစ်များအခြေအနေအရ ချက်ချင်း လက်ငင်း အလုံးစုံပြည့်စုံစေရေးအတွက် တည်ဆောက်ရန် မဖြစ်နိုင်ပါ။ ဦးစားပေးဧရိယာများကို ရွေးချယ်ရန် လိုအပ်ပါမည်။ ဦးစားပေး ဧရိယာများ ရွေးချယ်ပြီးသည်နှင့်တစ်ပြိုင်နက် ပြည်တွင်း ပြည်ပအရင်းအမြစ်များကို ရယူစုစည်းအသုံးပြုပြီး ပွင့်လင်းမြင်သာစွာ ထူထောင်တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် အချိန်ကာလတစ်ခုသို့ ရောက်ရှိသည့်အချိန်တွင် အလုံးစုံပြည့်စုံသည့်အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်ပါသည်။ တာဝန်ရှိသူများအနေနှင့် ထူထောင် တည်ဆောက်မည်ဆိုသော အသိစိတ်နှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိရန် လိုအပ်မည် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများ၏ အသက်များနှင့် စည်းစိမ်ဥစ္စာများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ပြည်သူ ပြည်သားများ ကိုယ်ကျန်းမာစိတ်ချမ်းသာစွာ စိတ်ချလက်ချ အသက်ရှင်နေထိုင်နိုင်စေရေးအလို့ငှာ လေ့လာစောင့်ကြည့်စနစ်များ (Monitoring System) ထူထောင်တည်ဆောက်ထားရှိရန်ဖြစ်ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းက ၎င်းတို့တွင် ပေးအပ်ထားရှိသည့် လုပ်ပိုင်ခွင့်အာဏာအရ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံအတွက် ထူထောင်တည်ဆောက်ထားရှိသည့် စောင့်ကြည့်လေ့လာသည့်စနစ်များက ထုတ်ပြန်ထားရှိသည့် သတင်းအချက်အလက်များဖြင့်သာ ကျေနပ်ရောင့်ရဲတင်းတိမ်မနေဘဲ ဥစ္စာရင်လို ဥစ္စာရင်ခဲ ကိုယ်တိုင်ကိုယ်ကျပါဝင်ကာ ရရှိနိုင်သမျှ ပြည်တွင်းပြည်ပ အရင်းအမြစ်များကို အမြင့်မားဆုံး ရယူအသုံးပြုပြီးလျှင် ထူထောင်တည်ဆောက် တပ်ဆင်လျက် အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များကို ထုတ်ပြန်ခြင်း၊ လူတို့၏အသက်များကို ကယ်တင်ခြင်းနှင့် ပစ္စည်းဥစ္စာများကို မဆုံးရှုံးမပျက်စီး စေရန် ကာကွယ်စောင့်ရှောက်နိုင်စေရေးကို အစွမ်းကုန် ကြိုးစားဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။  ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)


READ NEXT
Cancel OK