အာဆီယံဒေသအတွင်း အနိမ့်ဆုံးဖြစ်နေသည့်မြန်မာ့စီးပွားရေးတိုးတက်မှု
၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) နှစ်ရာခိုင်နှုန်း တိုးတက်မှုရှိကြောင်း နှင့် အာဆီယံဒေသအတွင်း စီးပွားရေးတိုးတက်မှု အနိမ့်ဆုံးဖြစ်နေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းအနေဖြင့် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၂၀၂၂ ခုနှစ် ဧပြီတွင် အနုတ် သုည ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့သည်။
သို့သော်လည်း စက်တင်ဘာတွင် ကုန် ဆုံးမည့်၂၀၂၂ ဘဏ္ဍာနှစ်တွင် GDP နှစ်ရာ ခိုင်နှုန်း တိုးတက်လာကြောင်း ဖော်ပြထား သည်။
အာဆီယံဒေသတွင်းနိုင်ငံများ၏ စီးပွား ရေးတိုးတက်မှုအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်က ၆ ဒသမ ၅ ရာခိုင် နှုန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း၊ မလေးရှားက ခြောက်ရာခိုင်နှုန်း၊ အင်ဒိုနီးရှား က ၅ ဒသမ ၄ ရာခိုင် နှုန်း၊ ကမ္ဘောဒီးယားက ၅ ဒသမ ၃ ရာခိုင်နှုန်း၊ စင်ကာပူက ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံက ၂ ဒသမ ၉ ရာခိုင် နှုန်း၊ လာအိုနိုင်ငံက ၂ ဒသမ ၅ ရာခိုင်နှုန်း၊ တီမောက ၂ ဒသမ ၃ ရာခိုင်နှုန်းနှင့် မြန်မာ နိုင်ငံက နှစ်ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံးဖြစ် ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
လာမည့် ၂၀၂၃ ခုနှစ်တွင်မူ မြန်မာနိုင်ငံ ၏ စီးပွားရေးတိုးတက်မှုနှုန်း GDP သည် ၂ ဒသမ ၆ တိုးတက်မည်ဟုလည်း ခန့်မှန်းထား ကြောင်း ဖော်ပြထားသည်။
သို့သော်လည်း ကမ္ဘာ့ဘဏ်၏ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက ထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာတွင် မြန်မာ့စီးပွားရေးသည် ထိ လွယ်ရှလွယ် အကဲဆတ်နေပြီး ပြုပြင်ပြောင်း လဲမှုများ နောက်ကြောင်းပြန် လှည့်နေသည့် အတွက် စီးပွားရေးမျှော်မှန်းချက်မှာ အား နည်းလျက်ရှိကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြည် တွင်းနှင့် ပြည်ပဖိအားများကြောင့် ယခင်နှစ် တွင် သိသိသာသာ ကျုံ့သွားခဲ့ပြီးနောက် ပြန် လည်နာလန်ထူရေး နှောင့်နှေးလျက်ရှိ သည်။
“မြန်မာနိုင်ငံအနေနဲ့ မနှစ်က ကမ္ဘာပေါ် မှာ အဆိုးရွားဆုံး စီးပွားရေးကျု့ံမှုကို ရင်ဆိုင် ခဲ့ပြီး ဒီနှစ်မှာလည်း စီးပွားရေးဆောင်ရွက် ရာမှာ အခက်အခဲတွေ ဆက်လက်ရှိနေတဲ့ အတွက် အခြားနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် စီးပွားရေး ပြန်လည်နာလန်ထူမှုမှာ များစွာ နောက်ကျနေတာကို လေ့လာတွေ့ရှိရပါ တယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီး ယားနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် မာရီယမ်ရှာမန်က ပြောကြားခဲ့သည်။
စီးပွားရေးပြန်လည်ဦးမော့လာမှု သိသိ သာသာ မရှိသောကြောင့် ၂၀၂၂ ခုနှစ်၏ ဂျီဒီပီသည် ၂၀၁၉ ခုနှစ်တွင်ရှိခဲ့သည့်နှုန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက ၁၃ ရာခိုင်နှုန်း ဆက် လက်နိမ့်ကျနေမည်ဖြစ်ပြီး လုပ်ငန်းများနှင့် နာလန်ထူရေး ဆောင်ရွက်ချက်များကို သိသိ သာသာ အနှောင့့်အယှက်ဖြစ်စေသည်။
အိမ်ထောင်စုဝင်ငွေ လျော့နည်းလာ ခြင်းက ပြည်တွင်းဝယ်လိုအားကို များစွာထိ ခိုက်စေသဖြင့် အခြားသော စီးပွားရေးလုပ် ငန်းကဏ္ဍများနှင့် ဝန်ဆောင်မှုများမှာ ဆက် လက်အားနည်းလျက်ပင် ရှိနေသေးသည်။
လက်လီနှင့် သယ်ယူပို့ဆောင်ရေးလုပ် ငန်းများတွင် သက်ဝင်လှုပ်ရှားမှုရှိလာသော် လည်း ကမ္ဘာ့ဘဏ်၏ ၂၀၂၂ ခုနှစ် ဧပြီက ပြု လုပ်ခဲ့သည့် အိမ်ထောင်စုစစ်တမ်းအရ အမှန် ဝယ်ယူသုံးစွဲခြင်း real sonsumption အထူးသဖြင့် စားသုံးကုန်မဟုတ်သော၊ မရှိ မဖြစ်မဟုတ်သော ကုန်ပစ္စည်းများ ဝယ်ယူ သုံးစွဲခြင်းမှာ ယခင်နှစ်ကထက် ပိုမိုကျဆင်း လာခဲ့ကြောင်း သိရသည်။
အိမ်ထောင်စုစစ်တမ်းအရ အိမ်ထောင် စု၊ လယ်ယာနှင့် စီးပွားရေးလုပ်ငန်းများ၌ အလုပ်လက်မဲ့ဖြစ်မှု၊ အလုပ်ချိန် လျော့နည်း သွားမှုနှင့် လုပ်ခလစာ လျော့နည်းလာမှု ကြောင့် အိမ်ထောင်စုဝင်ငွေ nominal household income လျော့နည်းစေခဲ့သည်။ အမှန်အိမ်ထောင်စုဝင်ငွေ real household income သည် ငွေကြေးဖောင်းပွ မှုနှုန်း မြင့် တက်လာမှုကြောင့် ပိုမိုလျော့ကျလာ ခဲ့ရာ နောက်ဆုံးရရှိသည့်အချက်အလက်များ အရ မတ်လတွင် အစားအ စာနှင့်လောင်စာ ဆီစျေးနှုန်းများ ထိုးတက်သွားသဖြင့် CPI ဖောင်းပွနှုန်းမှာ ၁၇ ဒသမ ၃ ရာခိုင်နှုန်း yoy ရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် မေလ စီးပွားရေး လုပ်ငန်းများ စစ်တမ်းအရ ပုဂ္ဂလိကစားသုံးနိုင် စွမ်း အားနည်းလာကြောင်း အတည်ပြုခဲ့ပြီး လက်လီနှင့်လက်ကား အရောင်းများသည် ယခင်နှစ်ကထက် လေးပုံတစ်ပုံကျော် ကျ ဆင်းသွားခဲ့ကြောင်း သိရသည်။
၁၁ ဒသမ ၇၉ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်လာသည့် ငွေကြေးဖောင်းပွမှုနှုန်း
ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက် အရ ၂၀၂၂ ခုနှစ် မေလတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၁၁ ဒသမ ၇၉ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်လာ ကြောင်း သိရသည်။
မေလတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း Annual rate of inflation မှာ ၁၁ ဒသမ ၇၉ ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း year on year inflation မှာ ၁၈ ဒသမ ၁၅ ရာခိုင် နှုန်းဖြစ်သည်။
၂၀၂၁ ခုနှစ် မေလတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၂ ဒသမ ၂၇ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ် မေလ တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသမ ၇၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ် သည်။
လအလိုက် ဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံ ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ၂ ဒသမ ၆၁ ရာခိုင်နှုန်း၊ မတ်လတွင် ၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၂ ဒသမ ၁၇ ရာခိုင်နှုန်း၊ မေလတွင် ၂ ဒသမ ၂၇ ရာခိုင်နှုန်း၊ ဇွန်လတွင် ၂ ဒသမ ၄၀ ရာခိုင် နှုန်း၊ ဇူလိုင်တွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်း၊ သြ ဂုတ်တွင် ၃ ဒသမ ၂ဝရာခိုင်နှုန်း၊ စက်တင်ဘာ တွင် ၃ဒသမ ၆၄ ရာခိုင်နှုန်း၊ အောက်တိုဘာ တွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၂၂ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ၇ ဒသမ ၃ဝရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၈ ဒသမ ၃၅ ရာ ခိုင်နှုန်း၊ မတ်လတွင် ၉ ဒသမ ၅၇ ရာခိုင် နှုန်း၊ ဧပြီတွင် ၁၀ ဒသမ ၇၂ ရာခိုင် နှုန်း၊ မေလတွင် ၁၁ ဒသမ ၇၉ ရာခိုင်နှုန်း အထိ ဖြစ်ပေါ်ခဲ့သည်။
ငွေကြေးဖောင်းပွမှုသည် ကာလအတန် ကြာ အထွေထွေစျေးနှုန်း မြင့်တက်လာခြင်း ဖြစ်ပြီး လူအများ စားသုံးသည့် အခြေခံကုန် စည်များ ၏ စျေးနှုန်းများ ဆက်တိုက်မြင့်တက် လာခြင်းကို ငွေကြေးဖောင်းပွမှုရှိသည်ဟု ဆို လိုခြင်းဖြစ်သည်။
အချိန်အတိုင်းအတာတစ်ခု၌ စီးပွားရေး ရပ်ဝန်းအတွင်း ကုန်ပစ္စည်းများနှင့် ဝန် ဆောင်မှုများ၏ အထွေထွေစျေးနှုန်း မြင့် တက်လာသည့်အခါ တူညီသော ငွေကြေး ယူနစ်ဖြစ်သော်လည်း ပိုမိုနည်းပါးသော ကုန် ပစ္စည်းနှင့် ဝန်ဆောင်မှုတို့ကိုသာ ဝယ်ယူနိုင် မည်ဖြစ်သည်။
တစ်နည်းအားဖြင့် ငွေကြေးဖောင်းပွမှု သည် ငွေကြေး၏ဝယ်ယူနိုင်စွမ်း၊ ငွေကြေးယူ နစ်၏တန်ဖိုးကို လျော့ကျစေခြင်းဖြစ်သည်။
ငွေကြေးဖောင်းပွမှုကို တိုင်းတာခြင်းကို ငွေကြေးဖောင်းပွမှုနှုန်း inflation rate ဟု ခေါ်ဆိုပြီး အထွေထွေစျေးနှုန်း အညွှန်းတစ် ရပ်ဖြင့် နှစ်စဉ်ရာခိုင်နှုန်း အပြောင်းအလဲကို ဖော်ပြကာ အဆိုပါအညွှန်းကို စားသုံးသူစျေး ဆနှုန်း CPI – Consumer Price Index ဟု ခေါ်ဆိုခြင်းဖြစ်သည်။
စားသုံးသူစျေးဆနှုန်း တွက်ချက်ရာတွင် ကောက်ယူသည့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အုပ်စုများ၏ စျေးဆနှုန်းများ ယခင်နှစ်ကာ လတူနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့် တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ၂၀၂၂ ခုနှစ် မေလအတွက် ထုတ်ပြန်သည့် စားသုံးစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားချက်အရ သိရ သည်။
တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စု၊ ဆေးလိပ်နှင့်အဖျော်ယမကာအုပ်စု၊ အဝတ် အထည်၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု၊ အိမ် အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်း စရိတ်အုပ်စု၊ ကျန်းမာရေးအုပ်စု၊ သယ်ယူပို့ ဆောင်ရေးအုပ်စု၊ ဆက်သွယ်ရေးအုပ်စု၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု၊ ပညာ ရေးအုပ်စု၊ ပြင်ပအစားအသောက်အုပ်စု၊ အထွေထွေကုန်ပစ္စည်းအုပ်စု၊ အစားအစာ မဟုတ်သော အုပ်စုစသည်ဖြင့် အုပ်စုများ ခွဲကာ ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
တစ်နှစ်အတွင်း သယ်ယူပို့ဆောင်ရေး အုပ်စုကုန်ကျစရိတ် ၅၁ ရာခိုင်နှုန်းကျော်၊ အစားအစာအုပ်စု ကုန်စျေးနှုန်း ၁၆ ရာခိုင်နှုန်း ကျော် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေး ဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။
တစ်နှစ်အတွင်း ၁၈ ရာခိုင်နှုန်းကျော် မြင့်တက်လာသည့် စားသုံးသူစျေးဆနှုန်း
၂၀၂၂ ခုနှစ် မေလအတွက် ထုတ်ပြန် သော တစ်နိုင်ငံလုံး၏စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုစိစစ်ချက်အရ ၂၀၂၁ ခုနှစ် မေလထက် အစားအစာအုပ်စု ၁၆ ဒသမ ၀၆ ရာခိုင်နှုန်း၊ အစားအစာမဟုတ်သောအုပ်စု ၂၁ ဒသမ ၆၆ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင် ရေးအုပ်စု ၅၁ ဒသမ ၄၆ ရာခိုင်နှုန်း မြင့်တက် ခဲ့သည်။
၂၀၂၁ ခုနှစ် မေလတွင် အစားအစာအုပ် စု ၁၈၀ ဒသမ ၈၇၊ အစားအစာမဟုတ်သော အုပ်စု ၁၅၁ ဒသမ ၅၄၊ သယ်ယူပို့ဆောင်ရေး အုပ်စု ၁၂၄ ဒသမ ၁၄ ရှိခဲ့သည်။၂၀၂၂ ခုနှစ် မေလတွင် အစားအစာအုပ်စု ၂၀၉ ဒသမ ၉၂၊ အစားအစာမဟုတ်သော အုပ်စု ၁၈၄ ဒသမ ၃၇၊ သယ်ယူပို့ ဆောင်ရေးအုပ်စု ၁၈၈ ဒသမ ၀၃ ရှိခဲ့သည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက် ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆ နှုန်းကို လေ့လာ ပါက ၂၀၁၉ ခုနှစ် မတ်လတွင် ၁၅၀ ဒသမ ၁၃ ရှိခဲ့ရာမှ တဖြည်းဖြည်းပြန် လည်မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ တွင် ၁၆၁ ဒသမ ၇၂ ဖြစ်ပေါ်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၆၁ ဒသမ ၃၃ရှိခဲ့သည်။ ဇွန် လတွင် ၁၆၀ ဒသမ ၉၈ ရှိခဲ့ပြီး ဒီဇင်ဘာတွင် ၁၆၂ ဒသမ ၉၄ ဖြစ်ပေါ် ခဲ့ သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၆၂ ဒသမ ၅၃ ဖြစ်ပေါ်ခဲ့သည်။
၂၀၂၁ ခုနှစ် ဇွန်လတွင် ၁၇၀ ဒသမ ၁၃၊ ဇူလိုင်တွင် ၁၇၁ ဒသမ ၆၃၊ သြဂုတ်တွင် ၁၇၂ ဒသမ ၉၂၊ စက်တင်ဘာတွင် ၁၇၄ ဒသမ ၉၇၊ အောက်တိုဘာတွင် ၁၇၉ ဒသမ ၂၀၊ နိုဝင်ဘာတွင် ၁၈၁ ဒသမ ၇၂၊ ဒီဇင်ဘာ တွင် ၁၈၃ ဒသမ ၅၁အထိ မြင့်တက်ခဲ့ သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ၁၈၄ ဒသမ ၈၉၊ ဖေဖော်ဝါရီတွင် တစ်နိုင်ငံလုံးအတွက် စား သုံးသူစျေးဆနှုန်းမှာ ၁၈၆ ဒသမ ၈၂ ၊ မတ်လ တွင် ၁၉၂ ဒသမ ၇၁ ၊ ဧပြီတွင် ၁၉၆ ဒသမ ၀၁၊ မေလတွင် ၁၉၉ ဒသမ ၃၁ အထိ ရှိလာခဲ့ သည်။
တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆ နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲ တွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင် ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ် ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့ နယ်ပေါင်း ၈၂ မြို့ နယ်တွင် နမူနာအိမ်ထောင် စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်း ကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစား များမှာ အများသုံးစွဲသည့်ကုန်ပစ္စည်းနှင့်ဝန် ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင် ကြောင်း သိရသည်။ စားသုံးသူစျေးဆနှုန်း CPI တွက်ချက်ရန်အတွက် အစားအစာ အုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစား အစာမဟုတ်သောအုပ်စုတွင် ကုန်ပစ္စည်း အမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူ တွက်ချက်ခဲ့ ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန် ထားမှုအရ သိရသည်။
မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း (GDP) မျှော်မှန်းချက်
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စီးပွား ရေးတိုးတက်မှုနှုန်းကို ပုံမှန်စျေးနှုန်းအရ ၃ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထား ပြီး လယ်ယာကဏ္ဍမှ ၂ ဒသမ ၃ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှ လေးရာခိုင်နှုန်းနှင့် ဝန်ဆောင်မှု ကဏ္ဍမှ ၄ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း ၂၀၂၂- ၂၀၂၃ ဘဏ္ဍာ နှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ Citizen’s Budget တွင် ဖော်ပြထားသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမျိုး သားစီမံကိန်းအတွက် စီမံကိန်း ရည်မှန်းချက် တွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန် ဆောင်မှုတန်ဖိုးကို နှစ်အလိုက်စျေးနှုန်းများ အရ ကျပ် ၁၂၃၉၃၃၇၄၁ ဒသမ ၉ သန်းရရှိရန် နှင့် စီးပွားရေးတိုးတက်မှုနှုန်းကို ပုံမှန်စျေး နှုန်းအရ ၃ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားသည်။
ကဏ္ဍကြီးများအလိုက် စီးပွားရေးတိုး တက်မှုကို လယ်ယာကဏ္ဍကြီးတွင် ၂ ဒသမ ၃ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် လေးရာ ခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၄ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထား သည်။
လယ်ယာကဏ္ဍတွင် လယ်ယာထွက် ပစ္စည်းများကို ပြည်ပသို့တင်ပို့နိုင်ရန်၊ အလျင် အမြန် အကျိုးခံစားခွင့်ရရှိစေမည့်လုပ်ငန်း များဖြစ်သည့် ဆီမီးခုံမြစ်ရေတင်လုပ်ငန်းနှင့် နေကြာမျိုးစေ့ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးခြင်း များ ဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့် မွေး မြူထုတ်လုပ်နိုင်ရေးအတွက် မေထုန်မဲ့ သား စပ်ခြင်း၊ ဆည်မြောင်း၊ တာတမံများအတွင်း ငါးမျိုးစိုက်ထည့်၍ ငါးအထွက်နှုန်း တိုးတက် အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။
စက်မှုကဏ္ဍကြီးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ် ငန်းများ၏ အရည်အသွေး တိုးမြှင့်ဆောင်ရွက် ရန်၊ ပြည်ပမှ သံနှင့်သံမဏိတင်သွင်းမှုများကို လျှော့ချနိုင်ရန်အတွက် နိုင်ငံပိုင်စက်ရုံများ ဖြစ်သည့် မြင်းခြံသံမဏိစက်ရုံနှင့် ပင်းပက် သံမဏိစက်ရုံများ ပြန်လည်လည်ပတ်နိုင်ရန်၊ COVID-19 ကာကွယ်ဆေးကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံမှ Sinopharm CNBC ဆေးဝါးစက်ရုံနှင့် ပူးပေါင်း၍ Myancopharm ကာကွယ်ဆေး Dose ၁၀ သန်း ထုတ်လုပ်ရန် ရည်မှန်းထား ကြောင်း ဖော်ပြထားသည်။
ဝန်ဆောင်မှုကဏ္ဍကြီးတွင် ခရီးသည် နှင့် ကုန်စည်ပို့ဆောင်မှုများ အချိန်တိုအတွင်း လျင်မြန်စွာ ပို့ ဆောင်ရေး ဆောင်ရွက်ပေးရန်၊ အခြေခံဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု နိမ့် ကျနေသေးသည့် နယ်မြေဒေသများ Underserverd Area တွင် အခြေခံဆက်သွယ် ရေးအဆောက်အအုံများ တိုးချဲ့တည်ဆောက် ပေးရန်နှင့် အခြေခံဆက်သွယ်ရေးမရှိသေး သည့် နေရာဒေသများတွင် အသစ်ထပ်မံ တည်ဆောက်ရန်၊ Digital ဘဏ်စနစ်၊ အီ လက်ထရွန်နစ် ဘဏ်စနစ်များ ဖွံ့ဖြိုးတိုးတက် ရေး၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှု များ ပိုမိုကောင်းမွန်စေရန်၊ ပို့ကုန်သွင်းကုန် လျာထားချက် ပြည့်မီကျော်လွန်စေရေး၊ ပို့ ကုန်မြှင့်တင်နိုင်ရေးအတွက် အလားအလာ ရှိသောကုန်စည်များကို အားပေးမြှင့်တင်ခြင်း၊ နိုင်ငံတကာ ကုန်စည်ပြပွဲများသို့ သွားရောက် ပြသနိုင်ရေး ပ့ံပိုးကူညီပေးခြင်းများ ဆောင် ရွက်ရန် လျာထားကြောင်း ဖော်ပြထားသည်။
ငွေကြေးဖောင်းပွမှုနှုန်းသည် နိုင်ငံတစ် နိုင်ငံ၏ စီးပွားရေးအခြေအနေကို အကဲဖြတ် ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ထိုက်သင့် သော ငွေကြေးဖောင်းပွမှုရှိရန် လိုအပ်သကဲ့ သို့ လွန်ကဲသော ငွေကြေးဖောင်းပွမှုကြောင့် နိုင်ငံများ ကာလကြာရှည် မတည်မငြိမ်ဖြစ်စေ နိုင်ကြောင်းလည်း ထောက်ပြခဲ့ကြသည်။
ငွေကြေးဖောင်းပွမှုကို တိုင်းတာမှု အမျိုးမျိုးရှိပြီး ယေဘုယျအားဖြင့် အထွေ ထွေစျေးနှုန်းများ ကာလကြာရှည်မြင့်တက်မှု သို့မဟုတ် နိုင်ငံတစ်ဝန်း လူနေမှုစရိတ်များ မြင့်တက်မှုဖြစ်သည်။
ရှိသင့်ရှိထိုက်သည့် ငွေကြေးဖောင်းပွမှု နှုန်းထက် ကျော်လွန်ပါက ပြည်သူများ၏ နေ့ စဉ်စားဝတ်နေရေး ဖြည့်ဆည်းနိုင်စွမ်းကို ဆိုးရွားစွာ ထိခိုက်စေသည့်အတွက် ဗဟို ဘဏ်နှင့် အစိုးရအနေဖြင့် သတိကြီးစွာထား ၍ ထိန်းကျောင်းရမည်ဖြစ်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့ သည်။
■
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
