Top News

အမြောက်ဆန်များအောက်မှ ယူကရိန်း စိုက်ပျိုးမွေးမြူရေးခြံများ
24htopnews | December 8, 2024 3:12 AM CST

ယူကရိန်းနိုင်ငံ၏ ကွင်းပြင်တစ်ခုထဲတွင် မပေါက်ကွဲသေးသည့် ရော့ကတ်တစ်လုံး ကျရောက်နေပြီး စိုက်ပျိုးမွေးမြူရေးခြံဝန်းထဲတွင် အခြားဒုံးကျည်တစ်လုံးသည် မြေကြီးထဲသို့ နစ်ဝင်နေသည်။ မွေးမြူရေးခြံလုပ်သားများသည် ခြုံနွယ်များ၊ မြက်များကို ရှင်းလင်းချိန်တွင် ဗုံးပဒေသာတစ်လုံးကိုတွေ့ရှိခဲ့ပြီး တိရစ္ဆာန်များမွေးမြူသည့် တင်းကုပ်တစ်ခု၏ ခေါင်မိုးများတွင်လည်း လက်နက်ထိမှန်မှုကြောင့် အပေါက်များဖြစ်နေသည်။

ယူကရိန်းအရှေ့ဘက်ပိုင်းရှိ ကြီးမားသည့် ယင်းမွေးမြူရေးခြံထဲတွင် လုပ်ငန်းအားလုံး ရပ်တန့်လိုက်ရသည်။ ယင်းခြံထဲတွင်ရှိသည့် စိုက်ပျိုးမြေများနှင့် အဆောက်အအုံများသည် မော်တာကျည်များ၊ ရော့ကတ်များ၊ ဒုံးကျည်များနှင့် ကလပ်စတာဗုံးများ ကြိမ်ဖန်များစွာ ထိမှန်မှုကြောင့် မွေးမြူရေးခြံလုပ်သားများသည် လက်နက်ကြီးများကျရောက်မှုကြောင့် အပေါက်ကြီးများဖြစ်နေသည့် မြေပြင်ကို ထွန်ယက်နိုင်ခြင်းမရှိဘဲ ဂျုံကဲ့သို့ သီးနှံများကိုလည်း ရိတ်သိမ်းနိုင်ခြင်း မရှိတော့ပေ။

သီးနှံများကို နောက်တစ်ကြိမ်စိုက်ပျိုးရန်နှင့် ရိတ်သိမ်းရန် အလွန်ခက်ခဲလိမ့်မည်ဟု Veres စိုက်ပျိုးမွေးမြူရေးခြံမှ သီးနှံထုတ်လုပ်မှုအပိုင်းကို တာဝန်ယူရသည့် ဗစ်တာလူဘီနတ်က ပြောကြားခဲ့သည်။ စစ်ပွဲပြီးဆုံးသွားခဲ့မည်ဆိုသည့်တိုင် စိုက်ခင်းမြေများပေါ်မှမပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများနှင့် ကျည်များကို အရင်ဆုံးရှင်းလင်းရမည်ဖြစ်သည်။

သို့သော် စစ်ပွဲပြီးဆုံးရန်မှာ အလွန်အလှမ်းကွာဝေးနေဆဲဖြစ်သည်။ လေထုကိုခွင်းပြီး ကျယ်လောင်သည့်အသံဖြင့် ပျံသန်းလာသည့်ဒုံးကျည်တစ်စင်းသည် အနီးနားရှိကွင်းပြင်တစ်ခုအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် မြေပြင်မှာ တုန်ခါသွားကာလေထုထဲသို့ အနက်ရောင်မီးခိုးများ တလိပ်လိပ်တက် လာခဲ့သည်။ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးထွက်ပေါ်လာခဲ့သော်လည်း လူဘီနတ်သည် အကြီးအကျယ်ထိတ်လန့်ခြင်းမရှိပေ။

“ဒီပေါက်ကွဲမှုတွေနဲ့ ကျွန်တော်အသားကျနေပါပြီ။ ပထမရက်တွေတုန်းကတော့ တော်တော်ထိတ်လန့်ခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့လည်း အသားကျနေပါပြီ”ဟု အသက် ၅၅ နှစ်အရွယ် လူဘီနတ်က ပြောကြားခဲ့သည်။

“လုပ်စရာရှိတာတော့ ဆက်လုပ်ရမှာပဲ။ တကယ်လို့ ကျွန်တော်တို့တွေ စိုက်ပျိုးမွေးမြူရေးတွေကို မလုပ်တော့ဘူးဆိုရင်၊ တစ်ခြားခြံရှင်တွေကလည်း စိုက်ပျိုးမွေးမြူရေးတွေကို ဆက်မလုပ်တော့ဘူးဆိုရင် ဘာတွေဖြစ်လာ မလဲဆိုတာတွေးကြည့်ပေါ့”ဟု ၎င်းက ဆိုသည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် ယူကရိန်းစီးပွားရေးအတွက် အဓိကကျသည့်အခန်း ကဏ္ဍမှပါဝင်နေပြီး စစ်ပွဲမတိုင်မီက နိုင်ငံ့ဂျီဒီပီ၏ ၂၀ ရာခိုင်နှုန်းရှိကာ ပို့ကုန်ဝင်ငွေ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းရှိသည်ဟု ကုလသ မဂ္ဂ၏စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့ (FAO)၏ အဆိုအရ သိရသည်။

ယူကရိန်းသည် ဥရောပ၏ ပေါင်မုန့်ခြင်းတောင်းကြီးဟု တင်စားခံခဲ့ရပြီး ယခင်ကတည်းက ဆာလောင်မှုများနှင့် ရင်ဆိုင်နေရသည့် အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရှဒေသအချို့ရှိ သန်းနှင့်ချီသည့် လူများသည် ယူကရိန်း၏ နေကြာဆီနှင့် နှံစားသီးနှံများအပေါ် မှီခိုနေရသည်။

သို့သော်လည်း ဖေဖော်ဝါရီလတွင် ရုရှား၏ကျုးကျော်မှုသည် ယင်းအခြေအနေများကို ပြင်းထန်စွာထိုးနှက်ခဲ့ပြီး စိုက်ပျိုးမြေများ၊မွေးမြူရေးခြံများ၊ စက်ပစ္စည်းများနှင့် အခြေခံအဆောက်အအုံများ ထိခိုက်ခဲ့ကာ သယ်ယူပို့ဆောင်ရေးနှင့် ပို့ကုန်ကဏ္ဍများကို ရပ်တန့်စေခဲ့သည်။

ဇူလိုင်လအတွင်း FAO ၏ ခန့်မှန်းချက်အရ စစ်ပွဲကြောင့် ယူကရိန်း၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ထိခိုက်နစ်နာခဲ့ရသည့် တန်ဖိုးသည် ဒေါ်လာ ၄.၃ ဘီလျံမှ ၆.၄ ဘီလျံကြား ရှိနိုင်ကြောင်း ဖော်ပြထားသည်။ ယင်းပမာဏသည် စစ်မဖြစ်မီ စိုက်ပျုးမွေးမြူရေးကဏ္ဍ၏ တန်ဖိုးစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းမှ ၂၄ ရာ ခိုင်နှုန်းရှိပြီး ငွေကြေးပမာဏအရ ဒေါ်လာ ၂၉ ဘီလျံရှိသည်ဟု FAO ၏ ခန့်မှန်းချက်တွင် ဖော်ပြခဲ့သည်။

Veres စိုက်ပျိုးမွေးမြူရေးခြံသည် ထင်ရှားသည့် ဥပမာတစ်ခုဖြစ်သည်။ ဟက်တာ ၅,၇၀၀ (၁၄,၀၈၅ ဧက) ကျယ်ဝန်းသည့် ယင်းခြံတွင် ဂျုံ၊ ဘာလီ၊ ပြောင်းနှင့် နေကြာများ စိုက်ပျိုးပြီး ခြံမွေးတိရစ္ဆာန် ၁၅၀၀ ခန့် မွေးမြူသည့် ခြံဖြစ်သည်။

သို့သော်လည်း ယင်းခြံသည် စစ်ပွဲဖြစ်ပွားချိန်တွင် အမြောက်ဆန်များ မကြာခဏကျရောက်သည့် စစ်မြေပြင်နှင့် နီးကပ်စွာတည်ရှိနေသည်။ အထူးသဖြင့် ဧပြီလက ရုရှားတပ်များ သိမ်းယူခဲ့ပြီး စက်တင်ဘာလက ယူကရိန်းတပ်များ ပြန်လည်သိမ်းယူနိုင်ခဲ့သည့် မဟာဗျူဟာကျသည့် အီဇူမ်မြို့နှင့် ယူကရိန်းတို့ ထိန်းချုပ်ထားသည့် ဒိုးနက်ဒေသအရှေ့ပိုင်းရှိ အကြီးဆုံးမြို့ဖြစ်သည့် ကရာမာတော့စ်မြို့တို့အကြား တည်ရှိနေသည်။

ယင်းခြံတွင် လက်နက်ကြီးများ ၁၅ ကြိမ် မှ အကြိမ် ၂၀ အထိ ကျရောက်ခဲ့သည်ဟု လူဘီနတ်က ပြောကြားခဲ့ပြီး လက်နက်ကြီးထိမှန်သည့်အကြိမ်ရေကို မရေတွက်နိုင်တော့ကြောင်း ၎င်းက ဆိုသည်။ နှံစားသီးနှံများသို လှောင်သည့် ဂိုထောင်လည်းလက်နက်ကြီး ထိမှန်ခဲ့ပြီး ခြံဝန်းအတွင်းရှိ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်သည့် စက်ရုံလည်း ပျက်စီးခဲ့ကာ တိရစ္ဆာန်များထားရှိသည့် မွေးမြူရေးတင်းကုပ်ကိုလည်း ရော့ကတ်များထိမှန်ခဲ့သည်ဟု လူဘီနတ်က ပြောကြားခဲ့သည်။

စစ်ပွဲမတိုင်မီကာလက ယင်းစိုက်ပျိုးမွေး မြူရေးခြံတွင် အလုပ်သမား ၁၀၀ ရှိသော်လည်း လက်ရှိတွင် အလုပ်သမား ၂၀ သာ ကျန်ရှိတော့သည်ဟု ၄င်းက ဆိုသည်။

စိုက်ပျိုးရေးလုပ်သားများသည် ဂျုံများစိုက်ရန် ကြိုးပမ်းခဲ့သော်လည်း ရိတ်သိမ်းရန် အချိန်မရှိခဲ့ဘဲ ဇူလိုင် ၂ ရက်တွင် ဗုံးကြဲတိုက် ခိုက်မှုတစ်ခုကြောင့် စိုက်ခင်း ပျက်စီးသွားခဲ့သည်။ ယင်းအခြေအနေများကြောင့် စိတ် ဓာတ်ကျခဲ့မိသည်ဟု လူဘီနတ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကြိုးစားခဲ့တာတွေအားလုံး ဖျက်စီးခံခဲ့ရပါတယ်။ ခင်ဗျားမြင်တဲ့အတိုင်းပဲ။ ကျွန်တော် ဘယ်လောက်ခံစားရမလဲဆိုတာ တွေးကြည့်ပေါ့”ဟု ၎င်းင်းက ပြောကြားခဲ့သည်။

ယင်းဒေသရှိ အချို့စိုက်ပျိုးမွေးမြူရေး ခြံအချို့မှာမူ အနည်းငယ်ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ အချို့ခြံပိုင်ရှင်များသည် သီးနှံများကို ရိတ်သိမ်းခွင့်ရခဲ့ကြသည်ဟုဆိုသည်။ သို့သော်လည်း သီးနှံရိတ်သိမ်းရာ တွင်လည်း လက်နက်ကြီးများကျရောက်မှုကြောင့် အခက်အခဲတစ်ချို့တွေ့ရှိခဲ့ရသည်။

သီးနှံရိပ်သိမ်းရာမှ ခဏနာပြီး နေ့လည်စာစားနေသည့် စိုက်ပျိုးရေးလုပ်သားများမှာမူ အနီးပတ်ဝန်းကျင်မှ ပေါက်ကွဲသံများကို လျစ်လျူရှုထားကြသည်။

“စစ်ပွဲကာလမှာ အလုပ်လုပ်ရတာ ပိုမိုခက်ခဲလာပြီး ပိုပြီးတော့လည်း ထိတ်လန့်ဖို့ ကောင်းလာပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်အချိန်မှာဘာဖြစ်သွားမလဲဆိုတာ ခင်ဗျားမသိနိုင်ဘူးလေ။ စစ်ပွဲဆိုတာမျိုးက ဘယ် တော့မှကောင်ခြင်းတွေယူဆောင်လာတာ မဟုတ်ဘူး။ ဝမ်းနည်းပူဆွေးမှုတွေနဲ့ နာကျင်မှုတွေကိုပဲ ဖြစ်စေပါတယ်”ဟု အသက် ၃၆ နှစ်အရွယ် စိုက်ခင်းလုပ်သား မက်ဆင်မ်အိုနီရှကိုက ပြောကြားခဲ့သည်။

ဟက်တာ ၃,၆၄၀ ကျယ်ဝန်းသည့် KramAgroSVit စိုက်ပျိုးမွေးမြူရေးခြံ၏ ဒါရိုက်တာ ဆာဂေးကူရင်ညီကလည်း ရှေ့တန်းစစ်မြေပြင်တွင် တောက်လောင်နေသည့် စစ်မီးများသည် စိုက်ခင်းများထံ ကူးစက်လာမည်ကို မသိဘဲ မေလက နေကြာပင်များကို အရဲစွန့်ပြီးစိုက်ပျိုးခဲ့သည်ဟု ပြောကြားခဲ့သည်။

“စစ်ရဲ့ အနိဋ္ဌာရုံတွေကို ကျွန်တော်တို့ မျက်စိနဲ့ မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေဟာ အရဲစွန့်ပြီးတော့ သီးနှံတွေကို စိုက်ပျိုးပြီး ရိတ်သိမ်းခဲ့ပါတယ်”ဟု ကူရင်ညီက ပြောကြားခဲ့သည်။

သူတို့၏ စွန့်စားမှုရလဒ်မှာ အချည်းနှီးမဖြစ်ခဲ့ပေ။ ရာသီဥတုကောင်းမွန်မှုကြောင့် နေကြာစိုက်ခင်း ၁,၃၀၈ ဟက်တာကို မကြာသေးမီက ရိတ်သိမ်းနိုင်ခဲ့သည်။ ထို့ပြင်သူတို့သည် ဂျုံ ၁,၄၃၄ ဟက်တာ၊ ဘာလီ ၂၅၅ ဟက်တာနှင့် အခြားသီးနှံများကို စိုက်ပျိုးနိုင်ခဲ့ကြသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဂျုံခင်း ၂၇ ဟက်တာ မီးလောင်ပျက်စီးသွားခဲ့သော်လည်း သူတို့သည် ကျန်သည့် ဂျုံများကို ရိတ်သိမ်းနိုင်ခဲ့ကြသည်။

နိုင်ငံအရှေ့ပိုင်းတွင် ယူကရိန်းတပ်ဖွဲ့များ၏ တန်ပြန်ထိုးစစ်များ အရှိန်ရလာမှုနှင့် အတူ စိုက်ပျိုးမွေးမြူရေးခြံပိုင်ရှင်အချို့သည် သီးနှံများစိုက်ပျိုးရန် ယုံကြည်ချက် ပိုရှိလာခဲ့သည်။

သို့သော်လည်း လူဘီးနတ် အလုပ်လုပ်နေသည့် စိုက်ပျိုးမွေးမြူရေးခြံမှာမူ စစ်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးနေမှုနှင့်အတူလုပ်ငန်းများကို အသစ်စတင်ရန် အလှမ်းကွာဝေနေဆဲဖြစ်သည်။

“စစ်မဖြစ်ခင်ကတော့ ကျွန်တော်တို့ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်ရင်လုပ်သလောက် အောင်မြင်ခဲ့ပါတယ်။ အခုတော့ ဘာဖြစ်နေလဲ ကြည့်ပေါ့။ အကုန်လုံး ထိခိုက်ပျက်စီးကုန်ပြီ။ အကုန်လုံး ဖျက်ဆီးခံခဲ့ရပြီလေ။ ဒါတွေ အားလုံးကို ပြန်လည်တည်ထောင်ဖို့ ကျွန် တော်တို့ သုညကနေ ပြန်စရတော့မှာပေါ့”ဟု လူဘီနတ်က ပြောကြားခဲ့သည်။

Ref: AP


READ NEXT
Cancel OK