Top News

မြောက်ကိုရီးယား၏ နျူကလီးယားဥပဒေသစ်နှင့် ကိုရီးယားကျွန်းဆွယ်၏ စိုးရိမ်ဖွယ်အခြေအနေ
24htopnews | December 8, 2024 3:12 AM CST

မြောက်ကိုရီးယားသည် ၎င်းခြိမ်းခြောက်ခံရမည်ဆိုပါက နျူကလီးယားလက်နက်များဖြင့် ကြိုတင်လက်ဦးမှုရယူတိုက်ခိုက်မည်ဟု ကြေညာခဲ့သည့် ဥပဒေတစ်ရပ်ကို စက်တင်ဘာ ၉ ရက်တွင်ထုတ်ပြန်ခဲ့ပြီး နျူကလီးယား လက်နက်ပိုင်ဆိုင်သည့်နိုင်ငံအဆင့်မှ ပြောင်းလဲနိုင်တော့မည်မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်က ပြောကြားခဲ့ပြီးနောက်တွင် နိုင်ငံတကာအသိုင်းအဝိုင်းကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

ထို့ပြင် နျူကလီးယားလက်နက်များနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခြင်း၊ လိုက်လျောခြင်း၊ အလျှော့ပေးခြင်းများပြုလုပ်လိမ့်မည်မဟုတ်ဟု ကင်ဂျုံအွန်က ပါလီမန်တွင် မိန့်ခွန်းပြောကြားခဲ့သည်။

ယင်းပြောကြားချက်များကြောင့် မြောက်ကိုရီးယားသည် နျူကလီးယားနှင့်ပတ်သက်ပြီး ဥပဒေတစ်ခုထုတ်ပြန်ကာ ယတိပြတ်ဆုံးဖြတ်ထားသည်ဟု မှတ်ယူရဖွယ်ရှိသော်လည်း ၀ါကြွားမှုတစ်ခုလည်း ဖြစ်နေနိုင်သည်။

မြောက်ကိုရီးယားတွင် အထက်တန်းအလွှာများမဟုတ်သည့် ၎င်း၏ ပြည်သူများအ ပေါ်တွင်သာ တရားဥပဒေစိုးမိုးပြီး အသစ်ထုတ်ပြန်လိုက်သည့်ဥပဒေအရ ကင်သည်  နျူကလီးယားလက်နက်များနှင့်ပတ်သက်ပြီး အကြွင်းမဲ့အာဏာများအားလုံးကို ရရှိထားသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ ဖြစ်သည့် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ကင်သည် အာဏာရှင်ဖြစ်သဖြင့် နျူကလီးယားလက်နက်များအသုံးပြုရေးတွင် ဥပဒေတစ်ရပ်လိုအပ်မည်မဟုတ်ဘဲ ကင်ကိုယ်တိုင်ကလည်း တရားဥပဒေနှင့် စည်းနှောင်ခြင်းခံရသူမဟုတ်သော်လည်း ဥပဒေထုတ် ပြန်ခြင်းသည် နျူကလီးယားလက်နက်များအသုံးပြုမှုနှင့်ပတ်သက်ပြီး လူသိရှင်ကြားကြေညာသည့် နည်းလမ်းဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်းက ၎င်း၏ နျူကလီးယားစီမံကိန်းဖျက်သိမ်းရေးအတွက် အားထုတ်ကြိုးပမ်းမှုများသည်လည်း ဖြစ်လာနိုင်မည်မဟုတ်ကြောင်း ပြသသည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

ကင်၏အဆိုဖြစ်သည့် နျူကလီးယားလက်နက်များဖြင့် ကြိုတင်လက်ဦးမှုရယူ တိုက်ခိုက်ရေးသည် မြောက်ကိုရီးယား၏ အဓိကရန်ဘက်များဖြစ်ပြီး ၎င်း၏နျူကလီးယား စီမံကိန်းကို ဖျက်သိမ်းရန် ကြိုးပမ်းနေသည့် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့ကို အဟန့်တစ်ခုဖြစ်စေရန် နည်းလမ်းတစ်ရပ်လည်းဖြစ်သည်။

မြောက်ကိုရီးယားသည် နျူကလီးယားဖြင့် ကြိုတင်လက်ဦးမှုရယူတိုက်ခိုက်ရေးအပေါ် အလေးထားဖော်ပြနေမှုသည် ၎င်း၏ စိုးရိမ်စရာကောင်းသည့် အရိပ်လက္ခဏာသစ်တစ်ခုကို ပြသခြင်းဖြစ်သည်။

သြဂုတ်လက တောင်ကိုရီးယားသမ္မတသစ် ယွန်းဆက်ယိုသည် မြောက်ကိုရီးယားနှင့် ပဋိပက္ခဖြစ်လာခဲ့မည်ဆိုပါက မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်သည့်နေရာများကို ကြိုတင်လက်ဦးမှုယူတိုက်ခိုက်မည့်အစီအစဉ်ကို ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယားက နျူကလီးယားလက်နက်အသုံးပြုရေးနှင့်ပတ်သက်ပြီး ဥပဒေထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယွန်းကမူ တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ ဒုံးကျည်တိုက်ခိုက်မှုများကို အလွန်ခံနိုင်စွမ်းရှိသည်ဟု ပြောကြားခဲ့သည်။ တောင်ကိုရီးယားသည် ဒုံးကျည်ကာကွယ်ရေးစနစ်များတွင် ရင်းနှီးမြှုပ်နှံခဲ့သော်လည်း ယင်းစနစ်များသည် အလွန်အကုန်အကျများကာ အသုံးပြုမှုအပိုင်းတွင် ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များရှိသည်။

ထို့ကြောင့် မြောက်ကိုရီးယားသည် ဒါဇင်နှင့်ချီသည့် ဒုံးကျည်များကို ပစ်လွှတ်ခဲ့မည်ဆိုပါက တောင်ကိုရီးယား၏ ဒုံးကျည်ကာကွယ်ရေးကို ကျော်လွန်သွားဖွယ်ရှိနေသည်။ မြောက်ကိုရီးယားတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ နျူကလီးယားထိပ်ဖူး ၂၀ ခန့်ရှိသည်ဟု စတော့ဟုန်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာနက ခန့်မှန်းခဲ့သည်။

တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့ကမူ မြောက်ကိုရီးယားသည် ဒုံးကျည်များဖြင့် အရင်ဆုံးတိုက်ခိုက်ဖွယ်ရှိနေသည်ဟု နှစ်ပေါင်းများစွာကြာ စိုးရိမ်ခဲ့ကြသည်။ မြောက်ကိုရီးယားကလည်း အကျပ်အတည်း တစ်ခုခု ဖြစ်ပွားသည့်အချိန်မျိုးတွင် ကြိုတင် လက်ဦးမှုရယူတိုက်ခိုက်မည်ဟု မကြာခဏ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားလေတပ်နှင့် လေကြောင်းကာကွယ်ရေးမှာ ခေတ်မီခြင်းမရှိသဖြင့် လေကြောင်းတိုက်ခိုက်မှုအပိုင်းတွင် အလွန်အားနည်းနေသည်။ ထို့ကြောင့် ၎င်း၏ ဒုံးကျည်များသည် “တိုက်မလား၊ အရှုံးပေးမလား”ဆိုသည့် အကျပ်ရိုက်သည့်အခြေအနေမျိုးတွင် အဓိကကျသည့် လက်နက်များဖြစ်နေသည်။

မြောက်ကိုရီးယားအနေနှင့် ပဋိပက္ခဖြစ်ပွားချိန်တွင် ဒုံးကျည်များကို လျင်မြန်စွာအသုံးမပြုပါက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရနိုင်ပြီး ပျက်စီးကိန်းနှင့် ကြုံတွေ့ရနိုင်သည်။

ထို့ကြောင့် မြောက်ကိုရီးယားသည် ကြိုတင်လက်ဦးမှုရယူ တိုက်ခိုက်မည့်အကြောင်းအရာကို ယခင်ကထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောကြားလာခြင်းဖြစ်သော်လည်း ယင်းအချက်သည် မေးခွန်းထုတ်စရာဖြစ်နေပြီး ကင်ဂျုံအွန်အာဏာရနေသမျှကာလပတ်လုံး ၎င်းဘက်က အရင်စပြီး တိုက်ခိုက်ဖွယ်မရှိကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်ခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယား၏ နျူကလီးယားဖျက်သိမ်းရေးအပေါ် ငြင်းဆိုမှုသည် အံ့သြဖွယ် မဟုတ်တော့ပေ။ မြောက်ကိုရီးယားက နျူကလီးယားလက်နက်များသည် ၎င်း၏အခွင့်အရေးဖြစ်ကြောင်း၊ မညှိနှိုင်းနိုင်ကြောင်း လွန်ခဲ့သည့်ဆယ်စုနှစ်ကတည်းက အကြိမ်ပေါင်းများစွာ ပြောကြားလာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကင်၏ နိုင်ငံတော်မိန့်ခွန်းများတွင်လည်း ယင်းအချက်ကို မကြာခဏ ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအချက်သည် မြောက်ကိုရီးယား၏ စစ်ရေးနှင့် နိုင်ငံရေးတွင် အရေးပါအရာရောက်မှု အလွန်မြင့်မားသည်။ မြောက်ကိုရီးယားသည် ကမ္ဘာတွင် စစ်ပုံသွင်းထားမှု အမြင့်ဆုံးနိုင်ငံဖြစ်သော်လည်း ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့များသည် သမားရိုးကျဆန်ပြီး ခေတ်နောက်ကျနေသည်။

ထို့ကြောင့် နျူကလီးယားလက်နက်များသည် မြောက်ကိုရီးယားအတွက် အလွန်ကြီးမားသည့် တန်ဖိုးတစ်ခုဖြစ်ပြီး နိုင်ငံရေးအရ အလွန်အသုံးဝင်နေသည်။ နျူကလီးယား လက်နက်များမရှိပါက မြောက်ကိုရီးယားကို ကမ္ဘာက လျစ်လျူရှုလိမ့်မည်ဖြစ်သည်။ ထို့ပြင် နျူကလီးယားလက်နက်များမရှိပါက မြောက်ကိုရီးယားအစိုးရသည် COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးနာလန်ထူမှုနှင့် ကျန်းမာရေးအကျပ်အတည်းကြုံတွေ့ပြီးနောက်တွင် ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံမှုနှင့် ကြိုးပမ်းမှုများကို ပြည်သူများအားချပြရန် လုပ်ကွက်အနည်းငယ်သာရှိလိမ့်မည်ဖြစ်သည်။

နျူကလီးယားအသုံးပြုမှုနှင့်ပတ်သက်ပြီး ဥပဒေသစ်ထုတ်ပြန်ပြီးနောက် ရက်ပိုင်းအကြာမှာပင် မြောက်ကိုရီးယားသည် ပထမဆုံးအကြိမ်အဖြစ် ၀ါဒဖြန့်ပိုစတာများတွင် နျူကလီးယားထိပ်ဖူးတပ်ထားသည့် ပဲ့ထိန်းဒုံးကျည်များကို ဖော်ပြခဲ့သည်။ ထို့ကြောင့် ယင်းလက်နက်များသည် ပြည်ပနိုင်ငံများ၏ အထင်ကြီးလေးစားမှုကို မရနိုင်သည့်တိုင် နိုင်ငံတွင်းရှိ ပြည်သူများကို ချွေးသိပ်ရာရောက်ခဲ့ပြီး ပြည်သူများ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

သို့သော်လည်း မြောက်ကိုရီးယားသည် ၎င်းကိုယ်ကိုယ် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံအဖြစ် ကြေညာခဲ့မှုသည် ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခုတော့ မဟုတ်ပေ။

နျူကလီးယားစီမံကိန်းနှင့်ပတ်သက်ပြီး အကျပ်ရိုက်နေသည့်အခြေအနေကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ နျူကလီးယားဖျက်သိမ်းရေးနှင့် စီးပွားရေးအထောက်အကူများကို လက်ခံရယူရေးဖြစ်သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်အစိုးရနှင့် တောင်ကိုရီးယားသမ္မတဟောင်း မွန်းဂျေအင်းတို့ လက်ထက်ကမူ ကင်နှင့် တိုက်ရိုက်ထိတွေ့ပြီး အစည်းအဝေးများပြုလုပ်ခဲ့သဖြင့် ယင်းအချိန်က မြောက်ကိုရီးယား၏ နျူကလီးယားဖျက်သိမ်းရေးအလားအလာအပေါ် မျှော်လင့်ချက်များ မြင့်တက်ခဲ့သည်။

သို့သော်လည်း ယင်းအချိန်ကလည်းက ကင်သည် နျူကလီးယားဖျက်သိမ်းရေးနှင့် အပြန်အလှန်အနေဖြင့် အကူအညီများလက်ခံရယူရေးဆိုသည့်အချက်ကို ကမ်းလှမ်းခဲ့ခြင်း မရှိသဖြင့် မျှော်လင့်ချက်များကို လျော့ပါးစေ သည်။

ထို့ကြောင့် လက်ရှိအခြေအနေတွင် တောင်ကိုရီးယားအတွက် ဒုံးကျည်ကာကွယ်ရေးသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံအတွင်း ဆွေးနွေးမှုများမြင့်တက်နေသည့်အချက်တစ်ခုမှာ ကိုယ်ပိုင်နျူကလီးယား လက်နက်ထုတ်လုပ်ရေးဖြစ်သည်။ ယင်းအခြေအနေအရ နျူကလီးယားခြိမ်းခြောက်မှုအန္တရာယ်မှ အကာအကွယ်ပေးထားသည့် အမေရိကန်၏ နျူကလီးယား ထီးရိပ်မလိုဘဲ မြောက်ကိုရီးယားကို တိုက်ရိုက်ဟန့်တားနိုင်မည်ဖြစ်သည်။

လက်ရှိအခြေအနေတွင်မူ မြောက်ကိုရီးယား၏ နျူကလီးယားဥပဒေသစ်ထုတ်ပြန်ခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံအကြား တစ်ဖက်နှင့်တစ်ဖက် ကြိုတင်လက်ဦးမှုရယူတိုက်ခိုက်ရေးမဟာဗျူဟာများကို မြင့်တက်စေခဲ့ပြီး ကိုရီးယားကျွန်းဆွယ်၏ ဟန်ချက်ညီမှုသည် ချက်ချင်းပြောင်းလဲပြီး ဝရုန်းသုန်းကားအခြေအနေသို့ ရောက်ရှိသွားနိုင်ခြေကိုလည်း ပိုမိုမြင့်တက်စေခဲ့သည်။         ■ Ref : CNA


READ NEXT
Cancel OK