Top News

ဟောင်ကောင်လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအက်ဥပဒေကို အမေရိကန်က ထုတ်ပြန်ပြီး တရုတ်ကို ဖိအားပေး
24htopnews | December 8, 2024 6:12 AM CST

ဟောင်ကောင်တွင် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးအတွက် အမေရိကန်၏ ကတိပြုမှုများအား ရီပက်ဘလီကင်နှင့် ဒီမိုကရက်တစ် ဥပဒေပြုအမတ်များက ဇွန် ၁၃ ရက်တွင် ထပ်မံအတည်ပြုခဲ့ပြီး ဟောင်ကောင်တွင် တရုတ်၏ ဝင်ရောက်စွက်ဖက်မှု မြင့်တက်လာခြင်းကို ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။ ဟောင်ကောင်အား အမေရိကန်၏ အထူးကုန်သွယ်ရေး မိတ်ဖက်အဖြစ် ပေးအပ်ထားမှုအား ဖယ်ရှားရန်လည်း ခြိမ်းခြောက်ထားသည့် ဟောင်ကောင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအက်ဥပဒေကို အမေရိကန် လွှတ်တော်နှစ်ရပ်မှ ဥပဒေပြုအမတ်များက ထုတ်ပြန်ခဲ့သည်။

လတ်တလောတွင် ဟောင်ကောင်၌ ပြင်းပြင်းထန်ထန် ဆန့်ကျင်ဆန္ဒပြမှု ကြုံတွေ့နေရသော ရာဇဝတ်သား လွှဲပြောင်းပေးရေး ဥပဒေကြမ်းအား ဆန့်ကျင်ရန် ဟောင်ကောင်နှင့် ပေကျင်းလိုလားသော ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို ဖိအားပေးရန် အမေရိကန်၏ ထိုဥပဒေကြမ်းက ရည်ရွယ်သည်။ အထက်လွှတ်တော်အမတ်ရှစ်ဦးနှင့် အောက်လွှတ်တော်အမတ် နှစ်ဦးတို့က ပူးတွဲရေးဆွဲခဲ့သည့် ထိုဥပဒေကြမ်းသည် ဟောင်ကောင်၌ တရုတ်အစိုးရနှင့် ကွန်မြူနစ်ပါတီတို့၏ ကြားဝင်စွက်ဖက်မှုခံနေရချိန်၌ ဟောင်ကောင်အတွက် အမေရိကန်က ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ကတိပြုကြောင်း ထပ်မံအတည်ပြုခြင်းဖြစ်မည်ဟု ကြောညာချက်ထုတ်ပြန်ခဲ့သည်။

သို့သော် ထိုဥပဒေကြမ်းအား မဲခွဲဆုံးဖြတ်မည့်နေ့ကို မသတ်မှတ်ရသေးပေ။

ဗြိတိန်ကိုလိုနီဟောင်းဖြစ်သော ဟောင်ကောင်အား ၁၉၉၇ ခုနှစ်တွင် တရုတ်ထံသို့ လွှဲပြောင်းပေးခဲ့ပြီးနောက်ပိုင်း ဇွန် ၁၂ ရက်၌ အဆိုးရွားဆုံး နိုင်ငံရေးအကြမ်းဖက် ပဋိပက္ခ ကြုံတွေ့ခဲ့ရသည်။ ဇွန် ၁၂ ရက်တွင် ဟောင်ကောင်၌ ဆန္ဒပြသူများနှင့် ရဲများအကြား အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး အဓိကရုဏ်း နှိမ်နင်းရေးရဲများက ဆန္ဒပြသူများအား ဟန့်တားဖြိုခွင်းရန် မျက်ရည်ယိုဓာတ်ငွေ့နှင့် ရော်ဘာကျည်များအား အသုံးပြုခဲ့သည်။

ဟောင်ကောင်ပြည်တွင်းရေးတွင် ပေကျင်း၏ စွက်ဖက်မှု မြင့်တက်လာခြင်းအား ဆန့်ကျင်ကြောင်း၊ လွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းစွာ တောင်းဆိုသူများနှင့်အတူ တစ်သားတည်းရပ်တည်ကြောင်းကို အမေရိကန်က အားကောင်းသည့် သတင်းစကားပါးသင့်ကြောင်း တရုတ်အား တင်းမာသော ရပ်တည်ချက်ရှိသည့် ရီပက်ဘလီကင် အထက်လွှတ်တော်အမတ် မာကို ရူဘီယိုက ပြောကြားခဲ့သည်။

ဟောင်ကောင်၏ ရာဇဝတ်သားလွှဲပြောင်းပေးရေး အဆိုပြုဥပဒေကြမ်းအား ရုပ်သိမ်းရန် တိုက်တွန်းမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အထက်လွှတ်တော် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဂျိမ်းစ်ရက်ချ်က ပြောကြားခဲ့သည်။ ထိုအငြင်းပွားဖွယ်ဥပဒေကြမ်းအား ပြဋ္ဌာန်းလိုက်ပါက အမေရိကန်အထက်လွှတ်တော်သည် ဟောင်ကောင်နှင့် ဆက်ဆံရေးကို ပြန်လည်ချင့်ချိန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

စီးပွားရေးဆိုင်ရာ ကိစ္စအများအပြားတွင် ပြည်မကြီးတရုတ်နှင့် သီးခြားခွဲထားသည့် ၁၉၉၂ ခုနှစ် ဟောင်ကောင်-အမေရိကန် မူဝါဒဆိုင်ရာအက်ဥပဒေအရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဟောင်ကောင်ထံ ပေးအပ်ထားသော အထူးခံစားခွင့်ကို နှစ်စဉ် ထောက်ခံချက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း အမေရိကန်ဥပဒေကြမ်းက ပြဋ္ဌာန်းထားသည်။                                      

 


READ NEXT
Cancel OK