
ဆယ်စုနှစ်များစွာ ဒေသတွင်း တင်းမာမှုများ၏ ဗဟိုချက်ဖြစ်သော ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာတစ်ဝန်းတွင် ရေကြောင်းမှ ရေနံတင်ပို့မှုများအတွက် မဟာဗျူဟာမြောက် အရေးပါသော ရေလမ်းကြောင်း တစ်ခုဖြစ်သည်။
ဟော်မုဇ်ရေလက်ကြား၏ အရှေ့တောင်ပိုင်းဖြစ်သော အိုမန်ပင်လယ်ကွေ့၌ နောက်ဆုံးဖြစ်စဉ်မှာ ဇွန် ၁၃ ရက်က ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ ထိုဖြစ်စဉ်အားလုံးကို အီရန်က ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့စဉ် အီရန်က စွပ်စွဲမှုအားလုံးကို ငြင်းဆန်ခဲ့သည်။
ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်း အပါအဝင် သင်္ဘောလေးစင်းမှာ ယူအေအီးကမ်းလွန်တွင် အဖျက်အမှောင့် တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး တစ်လပင် မရှိသေးသည့် ကာလအတွင်း သင်္ဘော တိုက်ခိုက်ခံရမှုများ ထပ်မံဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နှင့် စစ်ရေး ထိပ်တိုက်တွေ့ပါက အီရန်က ပိတ်ပစ်မည်ဟု ထပ်တလဲလဲ ခြိမ်းခြောက်နေသော ဟော်မုဇ်ရေလက်ကြားနှင့် ပတ်သက်သည့် နောက်ခံအကြောင်းရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
ပင်လယ်ကွေ့သို့ ထွက်ပေါက်
အီရန်နှင့် အိုမန်ကြားတွင် တည်ရှိသော ဟော်မုဇ် ရေလက်ကြားသည် ပင်လယ်ကွေ့နှင့် အိုမန် ပင်လယ်ကွေ့အား ဆက်သွယ်ပေးထားသည်။ ဟော်မုဇ်ရေလက်ကြားသည် ကီလိုမီတာ ၅၀ (မိုင် ၃၀) သာ ကျယ်ပြီး အနက်မှာလည်း မီတာ ၆၀ (ပေ ၂၀၀) ထက်မကျော်သဖြင့် ယင်းကဲ့သို့ ကျဉ်းမြောင်းခြင်းက အခြေအနေများကို ထိရှလွယ်စေသည်။
ထိုဟော်မုဇ် ရေလက်ကြားထဲတွင် လူမနေသလောက်ဖြစ်သော (သို့မဟုတ်) လုံးဝလူမနေသော ကျွန်းအနည်းငယ်ရှိသည်။ ထိုကျွန်းများသည် မဟာဗျူဟာမြောက် အရေးပါပြီး အီရန်ပိုင် ဟော်မုဇ်၊ ကွီရှမ်၊ လာရက်ဟူ၍ သိကြသည်။
ဟော်မုဇ်ရေလက်ကြားထဲသို့ ထိုးထွက်ပြီး အီရန်ဘက်သို့ ဦးတည်နေသော အိုမန်၏ မြူဆင်ဒမ်ကျွန်းဆွယ်၏ အနောက်၌ ယူအေအီး၏ နယ်နိမိတ်က ခံနေသဖြင့် ထိုကျွန်းဆွယ်သည် ကျန်ရှိသော အိုမန်နယ်နိမိတ်နှင့် သီးခြားစီ ဖြစ်နေသည်။
နောက်ခံတွင် ယူအေအီး ကမ်းရိုးတန်း ရှိနေသော Greater Tunb၊ Lesser Tunb နှင့် Abu Mussa ကျွန်းများမှာမူ မဟာဗျူဟာမြောက်ပြီး နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြသည်။ ယင်းကြောင့် ထိုကျွန်းများကို ပင်လယ်ကွေ့ ကမ်းရိုးတန်းမျဉ်း အားလုံးအတွက် စောင့်ကြည့်ရေး စခန်းများအဖြစ် သတ်မှတ်ထားသည်။ ဗြိတိန်သည် ၎င်း၏ပင်လယ်ကွေ့မှ အထိန်းသိမ်းခံဒေသများကို လွတ်လပ်ခွင့် ပေးလိုက်ကာ တပ်ဖွဲ့များကို ရုပ်သိမ်းသွားခဲ့ပြီးနောက် အနောက်နိုင်ငံ ကျောထောက်နောက်ခံ ပေးထားသော ရှားဘုရင်လက်ထက် ၁၉၇၁ ခုနှစ်တွင် အီရန်သည် ထိုကျွန်းများကို ထိန်းချုပ်ခဲ့သည်။
ရေနံဆိုင်ရာ ပဋိပက္ခနေရာ
ရေနံကြွယ်ဝသော အရှေ့အလယ်ပိုင်းနိုင်ငံများမှ အာရှ၊ ဥရောပ၊ မြောက်အမေရိက အပါအဝင် အခြားနေရာများသို့ ဆက်သွယ်ရာတွင် ဟော်မုဇ် ရေလက်ကြားသည် အလွန်အရေးပါသည့် စင်္ကြံလမ်းကြောင်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် ရေလမ်းကြောင်းမှ ဖြတ်သွားသော ရေနံစုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းမှာ ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သွားခြင်း ဖြစ်သည်ဟု စွမ်းအင်သတင်း အချက်အလက်ဆိုင်ရာ အစိုးရအဖွဲ့ (EIA) က ဆိုသည်။
တင်းမာမှုနှင့် ပဋိပက္ခများဇုန်
သဘောတရားပိုင်းအရ အစ္စလာမ္မစ် သမ္မတနိုင်ငံ၏ စစ်တပ်ဟု ယူဆရသော အီရန်တော်လှန်ရေး အစောင့်တပ်သည် ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားမှ ရေကြောင်း လှုပ်ရှားမှုများကို ထိန်းချုပ်ထားသည်။
အီရန်-အီရတ်စစ်ပွဲ (၁၉၈၀-၁၉၈၈ ခုနှစ်) ဖြစ်ပွားစဉ် ၁၉၈၄ ခုနှစ်က ရေနံသယ်ယူပို့ဆောင်ရေးများမှာ အလျဉ်ပြတ်ခဲ့ရသည်။ ထိုစဉ်က ‘ရေနံတင်သင်္ဘောစစ်ပွဲ’ ဟု ခေါ်သော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး သင်္ဘောပေါင်း ၅၀၀ ကျော် ထိခိုက်ပျက်စီး ခဲ့ရသည်။
၁၉၈၈ ခုနှစ်တွင် တီဟီရန်မှ ဒူဘိုင်းသို့ ဘန်ဒါအဘားစ်အား ဖြတ်၍ပျံသန်းသော အီရန်လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းအား ဟော်မုဇ်ရေလက်ကြားတွင် ကင်းလှည့်နေသည့် အမေရိကန်ရေတပ် စစ်သင်္ဘောတစ်စင်းက ဒုံးကျည်များဖြင့် လှမ်း၍ ပစ်ခတ်ခဲ့သည်။ ထိုဖြစ်စဉ်အတွင်း လေယာဉ်ပေါ်တွင် လိုက်ပါလာသူအားလုံး သေဆုံးခဲ့သည်။ USS Vincenes သင်္ဘောပေါ်မှ အမေရိကန် ရေတပ်အမှုထမ်းများကမူ Airbus လေယာဉ်ကို အီရန်တိုက်လေယာဉ်နှင့် မှား၍ ပစ်ချလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဟော်မုဇ်ကဲ့သော အရေးပါသော အခြား မဟာဗျူဟာမြောက် ရေလမ်းကြောင်းများထဲတွင် စင်ကာပူနှင့် အင်ဒိုနီးရှားကြားမှ မလက္ကာရေလက်ကြား၊ အီဂျစ်မှ စူးအက်တူးမြောင်း၊ ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့ကို ဆက်သွယ်ပေးထားသော ဘာအယ်မန်ဒက် ရေလက်ကြားတို့ ပါဝင်သည်။
“မဟာဗျူဟာမြောက်တဲ့ ရေလမ်းကြောင်းတွေကို ပိတ်ဆို့တာ (ခဏပဲဖြစ်ဖြစ်) ဟာ စွမ်းအင်စျေးနှုန်းတွေကို ထိုးတက်သွားနိုင်စေပါတယ်” ဟု EIA ၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
“အီရန်တွေအနေနဲ့ စစ်ပွဲကြီး တစ်ခုကို ဆင်နွှဲစရာ မလိုပါဘူး။ အမေရိကန်နဲ့ အာရပ်တွေထံကနေ တုံ့ပြန်မှု အကြီးစားတွေ ဖြစ်လာစရာ မလိုဘဲ အသေးစား တိုက်ခိုက်မှုတွေကို အခါအားလျော်စွာ လုပ်ဆောင်နိုင်ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေဟာ ရေနံစျေးနှုန်းတွေကို မြင့်တက်စေပြီး ခြွေစစ်ဆင်ခြင်း နည်းလမ်းလိုမျိုး ဖြစ်ပါတယ်” ဟု မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာနမှ အမျိုးသားလုံခြုံရေး ခွဲခြမ်းစိတ်ဖြာသူ အန်တိုနီကိုဒီစ်မန်က ပြောကြားခဲ့သည်။
‘ဒီလိုရေလမ်းကြောင်းတွေပေါ်မှာ ရေနံတင်သင်္ဘောတွေဟာ ပင်လယ်ဓားပြရန်၊ အကြမ်းဖက် တိုက်ခိုက်မှုရန်၊ စစ်ပွဲ၊ တိုက်ပွဲတွေလိုမျိုး နိုင်ငံရေး မငြိမ်သက်မှုတွေနဲ့ မတော်တဆမှုတွေကို ကြုံရနိုင်ခြေများပါတယ်။ အဲဒီကနေတစ်ဆင့် ရေနံယိုဖိတ်တာတွေအထိ ဦးတည်သွားနိုင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“သမိုင်းတစ်လျှောက်အရတော့ အကြီးမားဆုံး ခြိမ်းခြောက်မှုက ပင်လယ်ဓားပြရန်ပါ။ ဆိုမာလီယာ ကမ်းလွန်ပင်လယ်ပြင်က ရေနေရာတွေကိုပဲကြည့်လေ။ အဲဒီလို နေရာတွေကို သင်္ဘောတွေ ဖြတ်သွားရပြီဆိုရင် သင်္ဘောပေါ်မှာ အစောင့်တွေ ပါတဲ့အကြောင်း တစ်ခါတလေမှာ အသံချဲ့စက်နဲ့ အသံလွှင့်ကြရတယ်” ဟု Kpler မှ စျေးကွက်အခြေအနေ သုံးသပ်သူ အလက်ဇန္ဒားဘို့သ်က ဆိုသည်။
“ဒါပေမဲ့ ဇွန် ၁၃ ရက်က တိုက်ခိုက်မှုလို ပုံစံကတော့ အရမ်းရှားပါတယ်” ဟု ၎င်းက အိုမန်ပင်လယ်ကွေ့တွင် ဂျပန်နှင့် နော်ဝေသင်္ဘောနှစ်စင်း တိုက်ခိုက်ခံရခြင်းကို ရည်ညွှန်းပြောကြားခဲ့သည်။
တိုက်မိနိုင်ခြေများ
နောက်ထပ်အန္တရာယ် တစ်ခုမှာ အီရန်သည် ၎င်း၏ရေနံများအပေါ် အမေရိကန်က အရေးယူ ပိတ်ဆို့ထားခြင်းအား ရှောင်လွှဲနိုင်စေရန်အတွက် သင်္ဘော၏ အလိုအလျောက် သက်သေခံစနစ် (AIS) များအား ပိတ်ထားခြင်း ဖြစ်သည်ဟု Clipper Data မှ မတ်စမစ်က ပြောကြားခဲ့သည်။
AIS အား ရေလမ်းကြောင်း ထိန်းချုပ်ရေး ဌာနများက အသုံးပြုပြီး သင်္ဘောများ၏ အနီးတွင် အခြားသင်္ဘောများ ရောက်လာပါက သိရှိနိုင်စေသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရေနံစိမ်းတန်ချိန် ၁၃၆,၀၀၀ သယ်ဆောင်လာသည့် အီရန်ပိုင် Sanchi ရေနံတင်သင်္ဘောသည် ကြီးမားသော ကုန်တင်သင်္ဘောကြီး တစ်စင်းနှင့် သွားတိုက်မိကာ မီးလောင်ကျွမ်းခဲ့သည်။
ကျောက်မီးသွေး၊ ဂျုံ၊ စပါး အစရှိ သော အစိုင်အခဲရှိသည့် ကုန်များသည် ကမ္ဘာ့ရေလမ်းကြောင်း ကုန်သွယ် ပို့ဆောင်မှုတွင် ပါဝင်မှု အများဆုံးဖြစ်ပြီး ၄၂.၅ ရာခိုင်နှုန်းအထိ ပါဝင်သည်။ ရေနံစိမ်း သို့မဟုတ် ပြုပြင် ပြင်ဆင်ထားသော ထုတ်ကုန်များမှာမူ ရာခိုင်နှုန်း ၃၀ ပါဝင်ကြောင်း သိရသည်။ သဘာဝ ဓာတ်ငွေ့အရည် (LNG) နှင့် ဓာတုထုတ်ကုန်များမှာ ၅.၆ ရာခိုင်နှုန်းရှိသည်။
ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညီလာခံတွင် ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းတွင် လှည့်ပတ် သွားလာနေသော ကုန်တင်သင်္ဘောစင်းရေမှာ ၉၄,၀၀၀ ခန့်ရှိကြောင်း သိရသည်။ ကမ္ဘာတစ်ဝန်း၌ နေ့စဉ် သယ်ယူပို့ဆောင်နေသော ရေနံစည် အရေအတွက်မှာ သန်း ၆၀ ရှိသည်ဟု အမေရိကန် စွမ်းအင် အချက်အလက် အာဏာပိုင်အဖွဲ့က ဆိုသည်။
Ref : AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်