Top News

နော်တာဒိန်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပြန်လည်တည်ဆောက်ရေးအတွက် လှူဒါန်းရန် ကတိပြုထားမှု၏ ကိုးရာခိုင်နှုန်းသာ လက်ခံရရှိသေး
24htopnews | December 8, 2024 6:12 AM CST

ပါရီရှိ နော်တာဒိန်းခရစ်ယာန် ဘုရားရှိခိုးကျောင်း ပြန်လည်တည်ဆောက်ရေးအတွက် လှူဒါန်းမည်ဟု ကတိပြုထားသည့် ယူရိုသန်းရာနှင့်ချီအနက် ဆယ်ပုံတစ်ပုံအောက် နည်းပါးသည့် ပမာဏကိုသာ ရရှိထားသည်ဟု ပြင်သစ်ယဉ်ကျေးမှု ဝန်ကြီးဌာနက ဇွန် ၁၄  ရက်တွင် ထုတ်ပြန်ခဲ့သည်။

အထင်ကရ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် လှူဒါန်းရန် ကတိပြုထားသည့် ဒေါ်လာ ၉၅၅ သန်း (ယူရိုသန်း ၈၅၀) အနက် ယူရိုသန်း ၈၀ ကိုသာလွှဲပေးခဲ့ပြီး ယင်းငွေအများစုသည် သာမန်လူများက လှူဒါန်းထားသည့် အသေးစား လှူဒါန်းငွေ စုစုပေါင်းမှ ရရှိခဲ့ခြင်းဖြစ်သည်။

အဓိကအားဖြင့် အမေရိကန်နှင့် ပြင်သစ်တို့က နော်တာဒိန်း ဖောင်ဒေးရှင်းများမှတစ်ဆင့် လှူဒါန်းခဲ့ကြပြီး ဧပြီ ၁၅ ရက် မီးလောင်မှုနောက်ပိုင်း ဘုရားကျောင်းတွင် လုပ်ကိုင်နေကြသော အလုပ်သမား ၁၅၀ ခန့်အတွက် လစာနှင့်အခြား အသုံးစရိတ်များကို ထိုလှူဒါန်းမှုများက ထောက်ပံ့ပေးထားသည်။

၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သော Notre Dame de Paris ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ မီချယ်ပီကော့က လှူဒါန်းမှုများ၏ ရာခိုင်နှုန်း ၉၀ သည် အမေရိကန် ပြည်သူများထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မီးလောင်မှု ဖြစ်ခဲ့ပြီးနောက်ပိုင်း နော်တာဒိန်းတွင် ၂၄ နာရီ လည်ပတ်လုပ်ကိုင်နေခဲ့ပြီး ပြန်လည် တည်ဆောက်ရေး ပထမအဆင့်အတွက် ကုသိုလ်ဖြစ် ဖောင်ဒေးရှင်းများထံမှ ရန်ပုံငွေကို မှီခိုနေရသည်။ ဘီလျံနာများက လှူဒါန်းမှုအတွက် နှောင့်နှေးနေစဉ် ဘုရားကျောင်းရှိ အလုပ်သမားများသည် မီးလောင်မှုမှ အပျက်အစီးများကို ရှင်းလင်းရန် အပြင်းအထန် ဆောင်ရွက်နေရသည်။

ကမ္ဘာတစ်ဝန်းက တုန်လှုပ်ခဲ့ရသည့် အလယ်ခေတ် အထင်ကရ အဆောက်အအုံသည် မီးလောင်မှုကြောင့် ပျက်စီးခဲ့ပြီးနောက် ပြင်သစ်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များအနက် နှစ်ဦးဖြစ်သည့် အထင်ကရ ဖက်ရှင်ကုမ္ပဏီများ၏ ဥက္ကဋ္ဌများဖြစ်သော Bernard Arnault နှင့် Francois Henri Pinault တို့က နှစ်ဦးပေါင်း ယူရိုသန်း ၃၀၀ လှူဒါန်းမည်ဟု ကတိပြုခဲ့သည်။

ခရစ်ယာန် ဘုရားရှိခိုးကျောင်းတော်ကြီး၏ အမိုးခုံးသည် မည်သည့် အချိန်တွင်မဆို ပြိုကျနိုင်သေးသည်ဟု ယဉ်ကျေးမှုဝန်ကြီး Franck Riester ဇွန် ၁၄ ရက်တွင် သတိပေးခဲ့ပြီး လှူဒါန်းမည်ဟု ကတိပြုသည့်ငွေသားများ ရောက်ရှိမှု နှေးကွေးခြင်းကို အတည်ပြုခဲ့သည်။

အလှပြင်ပစ္စည်းများ ထုတ်လုပ်သည့် ဧရာမကုမ္ပဏီ L’Oreal ကို ပိုင်ဆိုင်သည့် Bettencourt မိသားစုကလည်း နော်တာဒိန်း ပြန်လည် တည်ဆောက်ရေးအတွက် ယူရိုသန်း ၂၀၀ လှူဒါန်းမည်ဟု ပြောကြားခဲ့သည်။

ယခုလက်ခံရရှိထားသည့် စုစုပေါင်းငွေသည် အနည်းအကျဉ်းသာ လှူဒါန်းသည့် အလှူရှင်များထံမှ ရရှိခြင်းဖြစ်ကြောင်း Riester က ပြောကြားခဲ့သည်။ ပါရီခရစ်ယာန်ဂိုဏ်းချုပ် Michel Aupetit က ကတိပြုမှုများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှု ဖြစ်ပေါ်ခဲ့ကြောင်း၊ လှူဒါန်းမှုများတွင် များပြားသည့် ပမာဏကို ထည့်ဝင်သူများက ယခုထိ ပေါ်ပေါက်လာခြင်း မရှိသေးကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

ငွေကြေးအများအပြား ထည့်ဝင်မည့် အလှူရှင်များက ၎င်းတို့ လှူဒါန်းမည့်ငွေကို မည်သည့်အချိန်နှင့် မည်ကဲ့သို့ အသုံးပြုမည်ကို သိလိုကြသည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများသည် အဓိကအလှူရှင်များနှင့် နော်တာဒိန်းအတွက် အကူအညီ တောင်းခံမှုကို စတင်ခဲ့သည့် ပြင်သစ်ဖောင်ဒေးရှင်း လေးခုနှင့် လက်တွဲလုပ်ဆောင်နေသည်ဟု Riester က ပြောကြားခဲ့သည်။

ဖောင်ဒေးရှင်း လေးခုအနက် တစ်ခုက ၎င်းတို့၏ ရန်ပုံငွေ ရရှိရန် လှုပ်ရှားမှုကို ပြီးခဲ့သည့်လတွင် ဆိုင်းငံ့ခဲ့သော်လည်း လှူဒါန်းမှုများ ဆက်လက်လုပ်ဆောင်သင့်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

“နော်တာဒိန်းခရစ်ယာန် ဘုရားရှိခိုးကျောင်းက အထိမခံတဲ့ အခြေအနေတစ်ခုမှာ ရှိနေတုန်းပါ။ အထူးသဖြင့် အမိုးခုံးက အခုချိန်အထိ စိတ်မချရသေးဘူး။ ပြိုကျနိုင်သေးတယ်” ဟု Riester က ပြောကြားခဲ့သည်။

ဧပြီ ၁၅ ရက်တွင်  နော်တာဒိန်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ မီးလောင်မှုဖြစ်ပြီး အမိုးနှင့် ခေါင်ချွန်း အများစု ပျက်စီးခဲ့ပြီးနောက် ယင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းတော်ကြီး၌ ပထမဆုံးအကြိမ် ဝတ်ပြုဆုတောင်းပွဲကို ဇွန် ၁၅ ရက်တွင် ပြုလုပ်မှုမတိုင်မီ Riester ၏ မှတ်ချက် ထွက်ရှိလာခြင်းဖြစ်သည်။

ခရစ်ယာန် ဘုန်းတော်ကြီးများ အထက် ၃၀ ခန့်ကိုသာ ယင်းဝတ်ပြု ဆုတောင်းပွဲအတွက် နော်တာဒိန်း ခရစ်ယာန် ဘုရားကျောင်းတော်ထဲသို့ ဝင်ခွင်ပြုမည်ဖြစ်သည်။ ယင်းဝတ်ပြု ဆုတောင်းပွဲကို ဗရင်ဂျီရုုပ်သံလိုင်း KTO တွင် တိုက်ရိုက် ထုတ်လွှင့်မည်ဖြစ်သည်။             

 


READ NEXT
Cancel OK