Top News

ရွှေ့ပြောင်း အခြေချများအား မျှမျှတတ ခွဲဝေလက်ခံရန် ဥရောပ တောင်ပိုင်းနိုင်ငံများ တောင်းဆို
24htopnews | December 8, 2024 6:12 AM CST

NGO သင်္ဘောတစ်စင်းက နောက်ဆုံးကယ်တင်ထားသည့် မိသားစုများကို  အီတလီနိုင်ငံက  ဆိပ်ကမ်း ဆိုက်ကပ်ခွင့်ပေးရန် ငြင်းဆိုခဲ့သောကြောင့် မြေထဲပင်လယ်ကို ဖြတ်ကျော်ရောက်ရှိလာသည့် ရွှေ့ပြောင်း အခြေချများကို မျှမျှတတခွဲဝေလက်ခံရန် ဥရောပတောင်ပိုင်းနိုင်ငံများမှ ခေါင်းဆောင်များက ဇွန် ၁၄ ရက်တွင်  တောင်းဆိုခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများအကြား အကျိုးကျေးဇူးနှင့် ဝန်ထုပ်ဝန်ပိုးကို မျှမျှတတခွဲဝေယူသည့် စည်းလုံးညီညွတ်မှုအခြေခံမူကို အကောင်အထည်ဖော်မှုနှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂက တာဝန်ယူသင့်သည်ဟု ဆိုက်ပရပ်စ်၊ ပြင်သစ်၊ ဂရိ၊ အီတလီ၊ မော်လ်တာ၊ ပေါ်တူဂီနှင့် စပိန်နိုင်ငံတို့မှ ခေါင်း ဆောင်များက ပြောကြားခဲ့သည်။

မော်လ်တာနိုင်ငံ၏မြို့တော် Valletta ၌ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက် ထုတ်ပြန်မှုတွင်  ဝမ်းနည်းစရာ အသက်သေဆုံးမှုများမဖြစ်စေရန် ရည်မှန်းချက်နှင့်အတူ မှောင်ခိုကူးသူများ၏စီးပွားရေးပုံစံကို ဖြိုခွင်းရန်အတွက် ကြိုးပမ်းမှုများကို နောက်ထပ်မြှင့်တင်ရန် လိုအပ် ကြောင်း ဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂသည်  စည်းလုံးညီညွတ်မှုကို အသုံးချခြင်းမရှိဘဲ ယင်းအကြောင်းအရာအကြောင်း ဆွေးနွေးမှုကို အားမလို အားမရဖြစ်ကြောင်း အီတလီဝန်ကြီးချုပ် Giuseppe Conte က ထိပ်သီးဆွေးနွေးပွဲ တွင် ပြောကြားခဲ့သည်။

လစ်ဗျားကမ်းလွန်ပြင်တွင်  ရွှေ့ပြောင်းအခြေချ ၅၃ ဦးကို ကယ်တင်ခဲ့သည့်  ဂျာမန် အင်န်ဂျီအိုအဖွဲ့ Sea Watch ၏သင်္ဘောတစ်စင်းသည်  အီတလီဆိပ်ကမ်းများသို့ ဆိုက်ကပ်ခွင့်မရခဲ့သဖြင့်  လတ်တလောတွင် အီတလီတောင်ပိုင်းရှိ လမ်ပီဒူဆာကျွန်းစု အနီးရှိကမ်းလွန်ပြင်တွင် ခုတ်မောင်းနေသည်။

ကယ်ဆယ်ရေးသင်္ဘောများက ရွှေ့ ပြောင်းအခြေချများအား ခေါ်ဆောင်မှုကို လစ်ဗျား ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က တားဆီးထားကြောင်းနှင့် ၎င်းတို့ကို လစ်ဗျားသို့ ပြန် ပို့ပေးရမည်ဖြစ်ကြောင်း အီတလီပြည်ထဲရေးဝန်ကြီး မတ်တီယိုဆာဗီနီက  ပြောကြားခဲ့သည်။

“မြေထဲပင်လယ်မှာ သွားလာနေတဲ့  ရေယာဉ်အားလုံးက သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာဥပဒေတွေကို လေးစားလိုက်နာ ရမယ်။ လစ်ဗျားကမ်းရိုးတန်းစောင့်တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတွေကို အနှောင့်အယှက် မပေးသင့်ဘူး” ဟု ထိပ်သီးဆွေးနွေးကြေညာချက်တွင် ဖော်ပြခဲ့သည်။

ရွှေ့ပြောင်းအခြေချများကို သယ်ဆောင်လာသည့်သင်္ဘောများ အီတလီ ရေပိုင်နက်ကို ဝင်ရောက်ခြင်း (သို့မဟုတ်)  ဖြတ်သန်းခြင်းအား တားဆီးရန် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် အီတလီ၏ ဒုတိယဝန်ကြီးချုပ်နှင့် ညွန့် ပေါင်းအဖွဲ့တွင် သြဇာကြီးသည့် လက်ယာယိမ်း League ၏ခေါင်းဆောင်ဖြစ်သည့်   ဆာဗီနီက ဥပဒေပြဋ္ဌာန်းသည့် အာဏာပိုင်များကို ညွှန်ကြားခဲ့သည်။

ဆာဗီနီသည် ကယ်ဆယ်ရေးသင်္ဘောများ ဆိပ်ကမ်းဆိုက်ကပ်မှုကို ပိတ်ပင်မှုအပါ အဝင် ရွှေ့ပြောင်းအခြေချနှင့် ပတ်သက်ပြီး သဘောထားတင်းမာမှုကြောင့် ပြီးခဲ့သည့် နှစ်တွင် ၎င်းအား လူကြိုက်များမှု မြင့်တက်လာခဲ့သည်။

 


READ NEXT
Cancel OK