
ဒီအာကွန်ဂိုနိုင်ငံ အနောက်တောင်ပိုင်းတွင် အမျိုးအမည်မသိ ရောဂါတစ်မျိုးကြောင့် လူ ၂၇ ဦးသေဆံးခဲ့ကြောင်း ကျန်းမာရေးအရာရှိများက ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
ထိုရောဂါသည် ဖျားနာခြင်း၊ ခေါင်းကိုက် ခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို ဖြစ်စေနိုင်ပြီး ကလေးများအပါအဝင် အသက်အရွယ်မရွေးဖြစ်ပွားခဲ့သည်။
ကင်ရှာဆာမြို့တော် အရှေ့တောင်ပိုင်း ၇၀၀ ကီလိုမီတာ (၄၃၅ မိုင်) ခန့်အကွာရှိ ကျန်းမာရေးအခြေခံအဆောက်အအုံနည်းပါးသည့် ပန်ဇီမြို့တွင် ထိုရောဂါများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“အောက်တိုဘာ ၂၄ ရက်စပြီး အမျိုးအမည်မသိရတဲ့ ပြည်သူ့ကျန်းမာရေးဖြစ်စဉ်ကြောင့် လူ ၃၈၂ ဦး ရောဂါဖြစ်ပွားခဲ့ပြီး လူ ၂၇ ဦး သေဆုံးခဲ့ပါတယ်”ဟု အမျိုးသား ပြည်သူ့ကျန်းမာရေးဌာနက ဒီဇင်ဘာ ၃ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပြီး အေအက်ဖ်ပီသတင်းဌာနကို ပေးပို့ခဲ့သည်။
ပြည်တွင်းအာဏာပိုင်များကမူ ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူအရေအတွက်သည် ပိုမိုမြင့်မားနိုင်ကြောင်း ပြောကြားခဲ့သည်။
“အရပ်ဘက်အဖွဲ့အစည်းနဲ့ ပန်ဇီကျန်းမာရေးဇုန်က ဆရာဝန်အကြီးအကဲကတော့ သေဆုံးသူ ၆၇ ဦးရှိတယ်လို့ သတင်းပို့ခဲ့ပါတယ်”ဟု ပြန်နယ်ကျန်းမာရေးဝန်ကြီး အပိုလီနာရီ ယွမ်ဘာက ပြောကြားခဲ့သည်။
ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ရေးဆိုင်ရာကျွမ်းကျင်သူများအဖွဲ့ကို ရောဂါဖြစ်ပွားသည့်နေရာသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် လူထုအနေဖြင့် အလွန်အမင်းကြောက်ရွံ့ထိတ်လန့်ခြင်းမရှိိရန်နှင့် အသွားအလာလျှော့ ချကြရန်ယွမ်ဘာက ပြောကြားခဲ့သည်။
“ဒီကျန်းမာရေးဇုန်ကို ဝင်တာ၊ ထွက်တာတွေကို ကန့်သတ်ရပါမယ်”ဟု ၎င်းကဆိုသည်။
ဒေသခံများအနေဖြင့် တစ်ဦးနှင်တစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်းမပြုရန်နှင့် ပုံမှန်လက်ဆေးကြရန်လည်း ၎င်းကတိုက်တွန်းခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကလည်း ၎င်းတို့သည် ရောဂါအခြေအနေကိုသိရှိရန် ဒီအာကွန်ဂိုအာဏာပိုင် များနှင့် အတူလက်တွဲလုပ်ဆောင်နေကြောင်း အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ ဓာတ်ခွဲခန်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေအတွက် နမူနာတွေရယူဖို့ အဲဒီဒေသကို အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပါတယ်”ဟု WHO က ထုတ်ပြန်ခဲ့့သည်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲတွင်ပါဝင်သည့် ဒီအာကွန်ဂိုနိုင်ငံတွင် မကြာသေးမီလများအတွင်းကလည်း mpox ရောဂါကူးစက်မှုများဖြစ်ပွားခဲ့ပြီး လူ ၁၀၀၀ ကျော်သေဆုံးခဲ့သည်။
ယခင်က မျောက်ကျောက်ရောဂါဟုလူသိများခဲ့သော mpox သည် ရေကျောက်ကဲ့သို့ ဗိုင်းရပ်စ်များနှင့် တူညီသောမျိုးနွယ်စုတစ်စုထဲမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။သို့သော်ဖျားနာမှုကဲ့သို့ အပျော့စားလက္ခဏာများကို သာဖြစ်ပေါ်ခံစားရနိုင်သည်။
mpox ရောဂါသည် ဗိုင်းရပ်စ်ကူးစက်ခံထားရသော တိရစ္ဆာန်များမှ လူသားများကို ကူးစက်နိုင်သော ရောဂါဖြစ်သည်။
၂၀၂၂ခု နှစ်တွင် ကမ္ဘာတစ်ဝန်း mpox ရောဂါကူးစက်ပျံ့နှံ့ချိန်က ဗိုင်းရပ်စ်သည် အထူးသဖြင့်လိင်ဆက်ဆံမှုနှင့် ရုပ်ပိုင်းဆိုင် ရာအနီးကပ်ထိတွေ့မှုမှတစ်ဆင့် အဓိကကူးစက်ပျံ့နှံ့ခဲ့သည်။
mpox ဗိုင်းရပ်စ်တွင် clade 1 နှင့် clade 2 ဟူ၍နှစ်မျိုးရှိကာ clade နှစ်ခုစီတွင် a နှင့် b ဟူ၍ အခွဲ clades များရှိသည်။
Ref: AFP/AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်