Top News

တောင်ကိုရီးယားသမ္မတကို ရာထူးမှဖယ်ရှားရမည်ဖြစ်ကြောင်း အာဏာရပါတီအကြီးအကဲ ပြောကြား
24htopnews | December 8, 2024 6:12 PM CST

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကို ရာထူးမှဖယ်ရှားရမည်ဟု အာဏာရပါတီအကြီးအကဲက ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားခဲ့ပြီး ယွန်းသည် နောက်တစ်ကြိမ် စစ်အုပ်ချုပ်ရေး အမိန့်ကြေညာရန် ကြိုးပမ်းဖွယ်ရှိသည့် ကြီးမားသည့် အန္တရာယ်ရှိနေကြောင်း သတိပေးခဲ့သည်။

ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဘက်အုပ်ချုပ်ရေးကို ဆိုင်းင့ံခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့နောက် စစ်သားများနှင့် ရဟတ်ယာဉ်များကို လွှတ်တော်၌ ဖြန့်ကြက်ချထားခဲ့သည်။

နာရီပိုင်းအကြာတွင် လွှတ်တော်က ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာချက်ကို မဲခွဲပြီး ပယ်ချခဲ့ပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ယွန်းက စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

“အသစ်ရရှိထားတဲ့ အချက်အလက်တွေကို စဉ်းစားသုံးသပ်ခြင်းအားဖြင့် သမ္မတယွန်းရဲ့ တာဝန်တွေကို လျင်မြန်စွာဆိုင်းငံ့မှုဟာ ကိုရီးယားသမ္မတနိုင်ငံနဲ့ ပြည်သူတွေရဲ့ ဘေးကင်းလုံခြံုံရေးအတွက် မရှိမဖြစ်လုပ် ဆောင်ရမယ့် အရာတစ်ခုလို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု ယွန်း၏ ပြည်သူ့အင်အားပါတီ အကြီးအကဲ ဟန်ဒေါင်ဟွန်းက ပြောကြားခဲ့သည်။

ဟန်က ယွန်းအား လွှတ်တော်တွင် စွပ်စွဲပြစ်တင်မည့် အစီအစဉ်ကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာမှာပင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယွန်းအနေဖြင့် အာဏာဆက်ရှိနေမည်ဆိုပါက စစ်အုပ်ချုပ်ရေး အမိန့်ကြေညာမှုကဲ့သို့ အလားတူ ပြင်းထန်သည့် အခြေအနေမျိုး ထပ်မံဖြစ်ပွားမည့် ကြီးမားသည့် အန္တရာယ်ရှိနေကြောင်း ဟန်က ပြောကြားခဲ့သည်။

ယွန်းသည် အထင်ကရ နိုင်ငံရေးသမားများအား ဖမ်းဆီးရန် အမိန့်ပေးခဲ့သည့် ခိုင်လုံသော သက်သေအထောက်အထားများရှိကြောင်း ဟန်က ပြောသည်။

အတိုက်အခံများကမူ ယွန်းအား လွှတ်တော်တွင် စွပ်စွဲပြစ်တင်မှု အဆိုကို တင်သွင်းမည်ဖြစ်ပြီး ထိုအဆိုပြုချက်ကို ဒီဇင်ဘာ ၇ ရက်တွင် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန်စီစဉ်ထားကြောင်း ယွန်ဟပ်သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

အတိုက်အခံများသည် နေရာ ၃၀၀ ရှိ သည့် အောက်လွှတ်တော်တွင် နေရာအများစုကို ရရှိထားသဖြင့် သမ္မတအား စွပ်စွဲပြစ်တင်ရန် လိုအပ်သည့် လွှတ်တော်နေရာ သုံးပုံ ၂ ပုံကို ရရှိရန် ယွန်း၏ ပြည်သူ့အင်အား ပါတီ (PPP) ၏ လွှတ်တော်ကိုယ်စားလှယ် အနည်းငယ်၏ ထောက်ခံမှုကိုသာ လိုအပ်သည်။

PPP သည် လွှတ်တော်တွင် ၁၀၈ နေရာ ရရှိထားသည်။

သမ္မတယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုနှင့်ပတ်သက်ပြီး ပုန်ကန်မှုစွဲချက်အတွက် တောင်ကိုရီးယား ရဲတပ်ဖွဲ့က  ယွန်းအား စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း ထိပ်သီးရဲအရာရှိတစ်ဦးက ဒီဇင် ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ထိုအမှုကို စုံစမ်းစစ်ဆေးရန် တာဝန်ပေးခံခဲ့ရသည်ဟု အမျိုးသားရဲတပ်ဖွဲ့ အေဂျင်စီ၏ အမျိုးသား စုံစမ်းစစ်ဆေးရေးဌာနချုပ် အကြီးအကဲ ဝူးဂျွန်ဆူးက ပြောကြားခဲ့သည်။

ပုန်ကန်မှုစွဲချက်သည် သမ္မတဆိုင်ရာ ကင်းလွတ်ခွင့်မရသည့် ရာဇဝတ်မှုဖြစ်ပြီး သေဒဏ်အထိ ချမှတ်ခံရနိုင်သည်။

ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ခဲ့သည့် Realmetre စစ်တမ်းသစ်တွင် ပါဝင်ဖြေဆိုသူ ၇၃ ဒသမ ၆ ရာခိုင်နှုန်းက သမ္မတအား စွပ်စွဲပြစ်တင်ရန် ထောက်ခံကြောင်း ဖော်ပြခဲ့သည်။

Ref:AFP

                                               


READ NEXT
Cancel OK