Top News

ဆီးရီးယားရှိ ရုရှားစစ်သင်္ဘောများ ဆုတ်ခွာနေပြီး စစ်လက်နက်များလည်း ပြန်သယ်ယူ
24htopnews | December 9, 2024 7:12 PM CST

ဆီးရီးယားသမ္မတအာဆတ် ဖြုတ်ချခံလိုက်ရပြီးနောက် အာဆတ်ဘက်မှ ကူညီရပ်တည်ပေးနေသည့် ရုရှားနိုင်ငံကလည်း ဆီးရီးယားရှိ ၎င်းတို့တပ်များကို စတင်ဆုတ်ခွာနေပြီဖြစ်သည်။

ယူကရိန်းထောက်လှမ်းရေးသတင်းများအရ ဆီးရီးယားရှိ Tartus ရေတပ်စခန်းမှ ရုရှားစစ်သင်္ဘောများ ထွက်ခွာသွားပြီဖြစ်ပြီး Hmeimim လေတပ်စခန်းတွင်ကျန်ရှိနေသည့် စစ်လက်နက်များကိုလည်း ရုရှားဘက်ကရွှေ့ပြောင်းယူလိုက်ပြီဖြစ်သည်။

ဒီဇင်ဘာ ၈ ရက်တွင်  ရုရှားပင်လယ်နက်ရေတပ်သင်္ဘောစုမှ Admiral Grigorovich  စစ်သင်္ဘောနှင့် မြောက်ပိုင်းရေတပ်သင်္ဘောစုမှ Inzhener Trubin ကုန်တင်သင်္ဘောတို့ကို Tartus ရေတပ်စခန်းမှ မြေထဲပင်လယ်သို့ ရွှေ့ပြောင်းလိုက်သည်။ အတိုက်အခံသူပုန်တပ်ပေါင်းစုလက်တွင်းသို့  မြို့တော်ဒမတ်စကတ် ကျရောက်သွားပြီးနောက် ယခုကဲ့သို့တပ်ဆုတ်သွားခြင်းဖြစ်ပြီး Hmeymim လေတပ်စခန်းတွင်ထားရှိသည့် စစ်လက်နက်ပစ္စည်းများကိုလည်း စစ်လေယာဉ်ဖြင့် ရုရှားနိုင်ငံသို့ ပြန်သယ်လျက်ရှိသည်။

ဆီးရီးယားတိုက်ပွဲက မရပ်တန့်သေးဘဲ သူပုန်အဖွဲ့များက ကမ်းရိုးတန်းဘက်သို့ ချီတက်လာသည့်အတွက် ရုရှားစစ်စခန်းများ အန္တရာယ်ရှိနေသည်။

လက်ရှိတွင် အတိုက်အခံတပ်များက ဒမတ်စကတ်ရှိ သမ္မတနန်းတော်၊ အစိုးရအဆောက်အဦများနှင့် နိုင်ငံပိုင်ရုပ်သံရုံးတို့ကို ထိန်းချုပ်ထားသည်။ အာဆတ်သည် သူပုန်များနှင့်ပြောဆိုပြီးမှ သမ္မတရာထူးမှနုတ်ထွက်ကာ ဆီးရီးယားမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

IS အဖွဲ့က နိုင်ငံဖရိုဖရဲဖြစ်နေချိန် အခွင့်ကောင်းယူပြီး ပြန်ထကြွလာနိုင်သည့်အတွက် ၎င်းတို့ကိုနှိမ်နင်းရန် ဆီးရီးယားအရှေ့ပိုင်းရှိ အမေရိကန်တပ်ဖွဲ့များကမူ ဆက်လက်တပ်စွဲထားမည်ဟု ပင်တဂွန်အကြီးပိုင်းအရာရှိတစ်ဦးက ပြောသည်။

ဒမတ်စကတ်မြို့တော်ရှိ အီရန်သံရုံးတိုက်ခိုက်ခံရသည့်သတင်း ထွက်လာပြီးနောက် အီတလီသံရုံးကို လက်နက်ကိုင်လူတစ်စုက ဝင်စီးခဲ့သည်ဟုလည်း အီတလီနိုင်ငံခြားရေးဝန်ကြီးက အတည်ပြုကြေညာခဲ့သည်။

ရုရှားသတင်းဌာနများက သမ္မတဟောင်းအာဆတ်နှင့် မိသားစု မော်စကိုသို့ရောက်ရှိနေပြီး ၎င်းတို့ကို နိုင်ငံရေးခိုလှုံခွင့်ပေးသွားမည်ဟု ဖော်ပြကြေညာသွားသည်။ ဆီးရီးယားအရေး ဆွေးနွေးရန်  ရုရှားနိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ယူပေးရန်လည်း တောင်းဆိုထားသည်။


READ NEXT
Cancel OK