Top News

ဆီးရီးယားတွင် တိုက်ခိုက်ခံနေရသည့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များကို ကူညီပေးနေကြောင်း အစ္စရေးစစ်တပ် ပြောကြား
24htopnews | December 9, 2024 7:12 PM CST

ဆီးရီးယားတွင် တိုက်ခိုက်ခံနေရသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များကို ကူညီပေးနေကြောင်း အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယား၏ ဂိုလန်ကုန်းမြင့်တွင် တပ်စွဲထားသည့် ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များသည် လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကို ခုခံနေရပြီး ထိုလက်နက်ကိုင်များသည် ကုလသမဂ္ဂက ကင်းလှည့်နေသည့် ကြားခံဇုန်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့ဖြစ်သည့် UNDOF ကလည်း ၎င်းတို့တပ်ဖွဲ့ဝင်များသည် အမည်မသိ လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကိုခံခဲ့ရပြီး ကင်းလှည့်သည့် မြောက်ပိုင်းရှိ စခန်းများထဲမှ တစ် ခုကို လက်နက်ကိုင် ၂၀ ခန့်ဝင်ရောက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

ကုလသမဂ္ဂ၏ ခြံဝင်းများကို အချိန်ပြည့် လေးစားရမည်ဖြစ်ကြောင်းလည်း UNDOF က ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်ကမူ ဆီးရီးယားနိုင်ငံ ဟေဒါဒေသရှိ ကုလသမဂ္ဂစစ်စခန်းတစ်ခုကို လက်နက်ကိုင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် အစ္စရေးစစ်တပ်သည် တိုက်ခိုက်မှုကို ခုခံနေသည့် ကုလသမဂ္ဂတပ်ဖွဲ့များကို ကူညီပေးနေကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

“မနေ့က လက်နက်ကိုင်အုပ်စုတွေဟာ အစ္စရေးနယ်စပ်အနီး ဆီးရီးယားဘက်ခြမ်းက ကြားခံဇုန်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။  ပြီးတော့ အဲဒီဒေသက ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ပါတယ်”ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန် ဆာအာက ပြောကြားခဲ့သည်။

အစ္စရေးသည် ဆီးရီးယားနှင့် သဘော တူညီမှုရရှိထားသည့် စစ်ရပ်စဲရေးသဘောတူညီချက် ချိုးဖောက်ခံရမှုကြောင့် အခက်တွေ့ခဲ့ကြောင်း အစ္စရေးသည် ဆီးရီးယားပြည်တွင်းရေး ပဋိပက္ခကို ကြားဝင်စွက်ဖက်ခြင်းမရှိကြောင်း ဆာအာက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်အကြီးအကဲ ဟာဇီဟာ လီဗီသည် ဒီဇင်ဘာ ၇ ရက်က ဆီးရီးယားနယ်စပ်သို့ သွားရောက်ခဲ့ကြောင်း ဆီးရီးစစ်တပ်က ပြောကြားခဲ့သည်။

ဟာဇီ ဟာလီဗီကလည်း အစ္စရေးသည် ဆီးရီးယားအရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုကြောင်း ပြောကြားခဲ့သည်။

အစ္စရေး၏ အဓိကရည်ရွယ်ချက်မှာ အီရန်၏ လှုပ်ရှားမှုများနှင့် အီရန်၏ ရည်မှန်းချက်များကို လေ့လာရန်ဖြစ်ပြီး ဆီးရီးယား လက်နက်ကိုင်ဂိုဏ်းခွဲများကို ဒုတိယအာရုံစိုက်ရန်ဖြစ်ကြောင်း ဟာလီဗီက ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံအတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့များ ဆက်လက်တိုက်ခိုက်ခံနေရခြင်းရှိ၊ မရှိ မေးမြန်းခံရချိန်တွင် အစ္စရေးစစ်တပ်က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

အစ္စရေးသည် ၁၉၆၇ ခုနှစ်က ဆီးရီးယားနှင့်ဖြစ်ပွားခဲ့သည့် ခြောက်ရက်ကြာ စစ်ပွဲအတွင်း ဂိုလန်ကုန်းမြင့်၏ နေရာအများစုကို သိမ်းပိုက်ခဲ့သည်။

ထို့နောက်အစ္စရေး၏ နယ်နိမိတ်အတွင်း ထည့်သွင်းခဲ့ပြီး ထိုလုပ်ဆောင်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုခဲ့ပေ။

၁၉၇၄ ခုနှစ်တွင် UNDOF သည် အစ္စရေးနှင့် ဆီးရီးယားတို့ ထိန်းချုပ်ထားသည့် ဇုန်များအကြား ကြားခံဇုန်တစ်အတွင်း ကင်းလှည့်မှုများ စတင်ခဲ့သည်။          

Ref:AFP


READ NEXT
Cancel OK