
ရုရှားနိုင်ငံသည် ယူကရိန်းနယ်စပ်အနီးတွင် စစ်သားအင်အားအများအပြားဖြင့် စစ်ရေးလေ့ကျင့်မှုအသစ်များ ပြုလုပ်နေချိန်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပုဂ္ဂိုလ်ရေးအရ ပစ်မှတ်ထားသည့် စီမံလုပ်ဆောင်ချက်များအပါအဝင် ထိခိုက်နစ်နာစေမည့် ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟု အမေရိကန်က ဇန်နဝါရီ ၂၅ ရက်တွင် သတိပေးခဲ့သည်။
ရုရှားသည် ယူကရိန်းကို ကျူးကျော်မည့်အန္တရာယ်မှာ ကြီးမားနေဆဲဖြစ်သည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့မှုနှင့်အတူ တင်းမာမှုမှာ မြင့်တက်နေပုံပေါ်နေသည်။
လက်ရှိလုပ်ဆောင်နေသည့် စီမံချက်များထဲတွင် ပူတင်ကို တိုက်ရိုက်ပိတ်ဆို့မှုကို ထပ်မံထည့်သွင်းရန် စဉ်းစားသွားမည်ဟု သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပြီး ကြီးမားသည့် နောက်ဆက်တွဲအကျိုးဆက်များနှင့် ကမ္ဘာကို ပြောင်းလဲသွားနိုင်မည့် အခြေအနေအထိပင် ဖြစ်ပွားသွားနိုင်ကြောင်း သတိပေးခဲ့သည်။
ချမ်းသာကြွယ်ဝမှုများကို ဖုံးကွယ်ထားသည်ဟု အတိုက်အခံများ၏စွပ်စွဲမှုကို ခံခဲ့ရသည့် ပူတင်ကို ပစ်မှတ်ထားမှုနှင့်ပတ်သက်ပြီး ၀ါရှင်တန်တွင် သတင်းထောက်များက မေးမြန်းခဲ့ချိန်တွင် ဘိုင်ဒင်က တစ်ခုခုဖြစ်နိုင်ကြောင်း ဖြေကြားခဲ့သည်။
ယခုစီမံလုပ်ဆောင်နေသည့် စီးပွားရေးပိတ်ဆို့မှုများနှင့် ကြီးမားသည့် နောက်ဆက်တွဲအကျိုးဆက်များသည် ၂၀၁၄ ခုနှစ်က ယူကရိန်း၏ ခရိုင်းမီးယားဒေသကို ရုရှားက သိမ်းယူခဲ့ပြီးနောက် ပြုလုပ်ခဲ့သည့် ယခင်ပိတ်ဆို့မှုများနှင့် အကျိုးဆက်များထက်များစွာ ကျော်လွန်မှုရှိသည်ဟု အမေရိကန်ထိပ်သီးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
စီမံချက်အသစ်များတွင် အသိဉာဏ်အတု၊ ကွမ်တမ်ကွန်ပျူတာပညာနှင့် လေကြောင်းအာကာသကဏ္ဍများတွင် အမေရိကန်၏ မြင့်မားသည့် နည်းပညာများ တင်ပို့မှုများအပေါ် တားမြစ်ကန့်သတ်မှုများပါဝင်လိမ့်မည်ဟု အမည်မဖော်လိုသည့် အမေရိကန်အရာရှိက သတင်းထောက်များကို ပြောကြားခဲ့သည်။
“ကျွန်တော်တို့ပြောချင်တာကတော့ ကျွန်တော်တို့ဒီဇိုင်းထွင် ထုတ်လုပ်ထားတဲ့ ခေတ်မီဆန်းပြားတဲ့ နည်းပညာတွေဖြစ်ပြီး အဲဒီနည်းပညာတွေကို ထိန်းချုပ်ကန့်သတ်လိုက်မယ်ဆိုရင် စီးပွားရေးကို စက်မှုလုပ်ငန်းနဲ့ တည်ထောင်ချင်တဲ့ ပူတင်ရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တွေကို ထိခိုက်သွားပါလိမ့်မယ်” ဟု ယင်းအရာရှိက ပြောကြားခဲ့သည်။
ထို့ပြင် ဘီလာရုစ်နိုင်ငံအနေဖြင့် ယူကရိန်းကို ရုရှားကကျူးကျော်မည့်အခြေအနေတွင် ရုရှားဘက်မှ အကူအညီပေးမည်ဆိုပါက လက်တုံ့ပြန်မှုများကို ရင်ဆိုင်ရလိမ့်မည်ဟု အမေရိကန်က သတိပေးခဲ့သည်။ ဘီလာရုစ်သည် ရုရှားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဟု ပြီးခဲ့သည့်လက ကြေညာခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း အမေရိကန်၏ ခြိမ်းခြောက်မှုများကို သံယောက်လိုက်ခဲ့ပြီး ယခင်ကချမှတ်ခဲ့ဖူးသည့် ပိတ်ဆို့မှုများထက် ပိုမိုကြီးလေးသည့် ပိတ်ဆို့မှုများကို ချမှတ်မည်ဟု ပြောကြားခဲ့သည်။
ဥရောပတွင် နေတိုးတပ်ဖွဲ့များကို အင်အားမြှင့်တင်ရန် ဖြစ်နိုင်ခြေရှိသည့် ဖြန့်ကြက်ချထားမှုအတွက် အမေရိကန်စစ်သား ၈၅၀၀ ကို တပ်လှန့်နှိုးဆော်ထားသည်ဟု ပြောကြားခဲ့ပြီး တစ်ရက်အကြာမှာပင် ရုရှားကလည်း ယူကရိန်းနယ်စပ်အနီးနှင့် ခရိုင်းမီးယားဒေသတွင် စစ်သားအင်အား ၆၀၀၀ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုအသစ်များကို ပြုလုပ်နေကြောင်း ကြေညာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်