Top News

ရုရှားက အတိုက်အခံခေါင်းဆောင် နာဗာညီကို အကြမ်းဖက်သမားစာရင်းတွင် ထည့်သွင်း
24htopnews | December 9, 2024 9:12 PM CST

ရုရှားအာဏာပိုင်များသည် အတိုက်အခံများကို ဖိနှိပ်မှုများတိုးမြှင့်လုပ်ဆောင်နေချိန်တွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် ကရင်မလင် ဝေဖန်ရေးသမား အလက်ဇီနာဗာညီနှင့် ၎င်း၏ မဟာမိတ်များကို အကြမ်းဖက်သမားများနှင့် အစွန်းရောက်များစာရင်းတွင် ဇန်နဝါရီ ၂၅ ရက်က ထည့်သွင်းခဲ့သည်။

နာဗာညီနှင့် ၎င်း၏ထိပ်သီးလက်ထောက် လျူဗော့ဆိုဘောလ်အပါအဝင် မဟာမိတ်အချို့သည် ရုရှား၏ဖက်ဒရယ် ငွေကြေးစောင့်ကြည့်ရေးအဖွဲ့က သတ်မှတ်သည့် တားမြစ်ခံထားရသည့် လူပုဂ္ဂိုလ်များစာရင်းတွင် ဇန်နဝါရီ ၂ ရက်က ပါဝင်လာခဲ့သည်။

ရုရှားတွင် သမ္မတ ဗလာဒီမာပူတင်၏ အဓိကဝေဖန်ရေးသမား နာဗာညီကို ပြီးခဲ့သည့် ဇန်န်ဝါရီလက ဖမ်းဆီးထောင်ချခဲ့ပြီး ၎င်း၏နိုင်ငံရေးအဖွဲ့များအားလုံးကို တရားမဝင်ကြောင်း ကြေညာခဲ့မှုအပါအဝင် ပြီးခဲ့သည့်နှစ်တွင် အစိုးရနှင့်သဘောထားကွဲလွဲသူ များကို မကြုံစဖူးဖိနှိပ်ခဲ့သည်။

ထိုု့ကြောင့် ဆိုဘောလ်အပါအဝင် နာဗာညီ၏ ထိပ်သီးမဟာမိတ်အားလုံးနီးပါးသည် နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ပြီးခဲ့သည့်နှစ်အတွင်း အစွန်းရောက်အဖွဲ့အဖြစ် ကြေညာခံခဲ့ရပြီး ပိတ်ပင်ခံခဲ့ရသည့် နာဗာညီ၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဖောင်ဒေးရှင်း၏ အဆိုအရ ဒါဇင်နှင့်ချီသည့် နာဗာညီ၏ မဟာမိတ်များသည် ဇန်နဝါရီ ၂၅ ရက်က ထုတ်ပြန်သည့် အကြမ်းဖက်စာရင်းတွင် ထည့်သွင်းခံခဲ့ရသည်ဟု သိရသည်။

၎င်းတို့အနက် အကျင့်ပျက်ခြစားမှုစုံစမ်းစစ်ဆေးသမား ဂျော်ဂျီအယ်လ်ဘူရော့ဗ်၊ ရှေ့နေ ယာချက်စလက်ဗ် ဂျီမာဒီနှင့် ပြီးခဲ့သည့်နှစ်က အစွန်းရောက်အဖြစ် တံဆိပ်ကပ်ခံခဲ့ရသည့် နာဗာညီ၏ ဒေသဆိုင်ရာရုံးများမှ ညှိနှိုင်းဆောင်ရွက်သူဟောင်းအချို့ ပါဝင်ခဲ့သည်။

၎င်းတို့ကို တာလီဘန်နှင့် အိုင်အက်စ်အစွန်းရောက်အဖွဲ့များအပါအဝင် ပြည်ပအကြမ်းဖက်အဖွဲ့များနှင့် လက်ယာယိမ်းမျိုးချစ်အဖွဲ့များနှင့်အတူ အကြမ်းဖက်စာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

အသက် ၃၄ နှစ်အရွယ် ဆိုဘောလ်သည် နာဗာညီ၏ အကျင့်ပျက်ခြစာမှုတိုက်ဖျက်ရေး ဖောင်ဒေးရှင်၏ ရှေ့နေတစ်ဦးဖြစ်ပြီး နာဗာညီ၏ YouTube ချန်နယ်၏ ပရိုဂျူဆာတစ်ဦးဖြစ်သည်။ ပြီးခဲ့သည့်အောက်တိုဘာလကတည်းက ရုရှားရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးရန် အလိုရှိခဲ့သည်။

“ရွေးကောက်ပွဲတွေမှာ ပါဝင်လှုပ်ရှားတာနဲ့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်တာဟာ အစွန်းရောက်တဲ့လား” ဟူ၍ ဆိုဘောလ်က Twitter တွင် ရေးသားဖော်ပြခဲ့သည်။

ယခုလအစောပိုင်းကလည်း နာဗာညီ၏ အဓိကလက်ထောက်နှစ်ဦးဖြစ်သူ အိုင်ဗန်ဇာဒါနော့ဗ်နှင့် လီယိုနစ်ဗော်လ်ကော့ဗ်တို့ သည် အကြမ်းဖက်သမားစာရင်းတွင် ထည့်သွင်းသတ်မှတ်ခံခဲ့ရသည်။

ထို့နောက် ဇန်နဝါရီ ၂၅ ရက်က ထုတ်ပြန်သည့် အကြမ်းဖက်စာရင်းကို ၎င်းတို့က လူမှုမီဒီယာတွင် လှောင်ပြောင်သရော်ခဲ့ကြသည်။

နာဗာညီ၏ ဒေသတွင်း ရုံးခန်းများကို ကြီးကြပ်ရသည့် ဗောလ်ကော့ဗ်ကမူ သူသည် အစွန်းရောက်များနှင့် အကြမ်းဖက်သမားများအဖွဲ့နှင့်အတူ အလုပ်တွဲလုပ်ခဲ့ရသည်ကို ဂုဏ်ယူကြောင်း Twitter တွင် လှောင်ပြောင်ရေးသားခဲ့သည်။

ယူကရိန်းအရေးနှင့်ပတ်သက်ပြီး တင်းမာမှုများမြင့်တက်နေချိန်တွင် ရုရှားအစိုးရက နာဗာညီနှင့် မဟာမိတ်များကို အကြမ်းဖက်စာရင်းသွင်းမှုကို အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ရှုတ်ချခဲ့သည်။         


READ NEXT
Cancel OK